အောင်မြင်မှုကို စာရင်းစစ်ဆေးကြည့်ခြင်း
by Khin Maung Nyo on Monday, April 4, 2011 at 6:09pm
ဘော်တီမိုးကျွန်း ဂျွန်ဟော့ကင်တက္ကသိုလ်မှ အမ်ဘီအေကျောင်းသားတစ်ယောက်သည် မကြာမီက ရ၀မ်ဒါနိုင်ငံသို့ သွားရောက်ခဲ့သည်။ ၄င်း၏ ၀မ်းနည်းစရာ၊ ကြေကွဲစရာအတိတ်ကို အသုံးပြု၍ ထူးထူးခြားခြားစီးပွားရေးအရ တိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးပမ်းအားထုတ်နေသည့် နိုင်ငံတစ်နိုင်ငံကို တွေ့ရှိခဲ့ကြောင်း ယခုကဲ့သို့ ရေးသားထားသည်။
ကျွန်တော်တို့ နိုင်ငံလေးနိုင်ငံမှ ကျောင်းသား ၅ယောက် ထိုင်နေကြသည်။ နှစ်ပတ်ခန့် အချိန်ပေး၍ လေ့လာခဲ့သည့်စနစ်ကို ပြင်ဆင်ရန် အကြံပြုချက်များ၊ လုပ်ငန်းပိုင်းနှင့်ပတ်သက်သော စိစစ်သုံးသပ်မှုများကို တင်ပြရန်အတွက် တက်ကြွနေကာ၊ ဂနာမငြိမ်ဖြစ်နေကြသည်။ ကျွန်တော်ဂနာမငြိမ်ဖြစ်ရသည့်အခြေခံ မူလအကြောင်းအရင်းမှာ ရ၀မ်ဒါနိုင်ငံ၌ တွေ့ရသော အခြားအရာများကဲ့သို့ပင် အိုလီဖန်းဆေးခန်း အောင်မြင်မှုရခြင်းဖြစ်သည်။
၁၉၉၄ခုနှစ်တွင် လူမျိုးတွင်းသတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် သုံးနှစ်အကြာ၌ ဒေါက်တာ အူမာကူလီဘူကာတီဂျီက တီကာလီမြို့၌ ဤပုဂ္ဂလိကဆေးခန်းကို တည်ထောင်ခဲ့ရာ အရည်အသွေးရှိရှိ ပြုစုစောင့်ရှောက်မှုများ ပြုနိုင်သကဲ့သို့ လူနာတစ်ဦးချင်းကို ဂရုတစိုက်ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ရ၀မ်ဒါနိုင်ငံတိုးတက်လာသည်နှင့်အမျှ အိုလီဖန်းသည် တိုးတက်ကြီးပွားလာခဲ့ရာ၊ ယခုအခါ အချိန်ပြည့်ဆရာဝန် ၃ဦး၊ သွားဆရာဝန် ၂ဦး၊ အချိန်ပိုင်း ဆရာဝန် ၆ဦးတို့အထိ တိုးချဲ့လာနိုင်ခဲ့သည်။ ကျွန်တော်တို့ကို အိုလီဖန်းသို့ လူနာများနှင့်ပတ်သက်သည့် မှတ်တမ်းများကို ပြင်ဆင်ရန်အတွက် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မကြာမီက လူနာများနှင့်ပတ်သက်သည့် မှတ်တမ်းများကို စာရွက်စာတမ်းများမှ ကွန်ပျူတာပေါ်သို့ တင်ခဲ့သည်။ ထိုသို့ကွန်ပျူတာပေါ်တင်ရာ၌ အခက်အခဲများရှိနေသည်။ ဆရာဝန်များအနေဖြင့် ၄င်းတို့၏လူနာများနှင့်ပတ်သက်၍ မှတ်တမ်းများ တိတိကျကျ မရှိခဲ့ကြပေ။ ကွန်ပျူတာကလည်း ကိန်းဂဏန်းတွေ များလွန်းနေပြီဟု ပြောပြနေသည်။
ကျွန်တော်သည် နှုတ်နည်းတတ်သည့်သူမျိုးမဟုတ်ပါ။ သို့သော် ယခုတစ်မျိုးဖြစ်နေသည်။ မတိုင်မီ ညကဆိုလျှင် အိပ်မပျော်ပါ။ နှစ်ပတ်ခန့်ကြာအောင် ဆေးခန်းလည်ပတ်ပုံကို နားလည်အောင် ပင်ပန်းခံ၍ မမောနိုင်မပန်းနိုင် ကြိုးစားလေ့လာခဲ့ကြသည်။ ပြောသမျှစကားတွေ၊ အကြံဉာဏ်တွေကို နားထောင်ရန် ကြိုးစားကြသည်။ ရ၀မ်ဒါလူမျိုးတို့ သူတို့နိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်များကို ကြားရသည့်အခါ ထိုမျှော်လင့်ချက်တွေပေါ်ထွက်လာရန်အတွက် ကိုယ်တိုင်ကိုယ်ကျမပါဝင်ဘဲ မနေနိုင်တော့ပေ။
ယခုကဲ့သို့ ရ၀မ်ဒါ၏အနာဂတ်အတွင်းသို့ရောက်သွားခြင်းမှာ လှိုင်းလုံးနှစ်ခုကြောင့်ဖြစ်သည်။
ပထမလှိုင်းလုံးက ကျွန်တော်တို့၏လုပ်ငန်းစီမံကိန်းထဲသို့ ထည့်သွင်းလိုက်ရသော ကျွန်တော်တို့အဖွဲ့၏ ခွန်အားများကြောင့်ဖြစ်သည်။ ဒီဇင်ဘာလက ရ၀မ်ဒါအကြောင်း သုတေသနတွေလုပ်ခဲ့ကြသည်။ သုတေသနလုပ်ကာ ခရီးစဉ်ကို ပြင်ဆင်ခဲ့ကြသည်။ ရ၀မ်ဒါအကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အကြောင်း၊ လူနာများနှင့်ပတ်သက်သည့် မှတ်တမ်းထိန်းသိမ်းပုံအကြောင်း များကို လေ့လာခဲ့ကြသည်။ ရ၀မ်ဒါ၏ မြို့တော် ကီဂါလီသို့ ရောက်သည့်အခါ လုပ်ငန်းစီမံကိန်းထဲ၌ မြုပ်သွားကြသည်။ နံနက်စာစားချိန်မှ ညစာစားချိန်အထိ ဆေးခန်း၏လုပ်ငန်းလည်ပတ်ပုံကို ဆွေးနွေးသည်။ တိုးတက်ကောင်းမွန်အောင် လုပ်နိုင်သည့်နည်းလမ်းအမျိုးမျိုး၊ ဗျူဟာအမျိုးမျိုးကို ငြင်းခုန်ကြသည်။ ကျောင်းသားဘ၀တွင် ပျော်ရွှင်မှုမျိုးနှင့် လုပ်နေခြင်းမဟုတ်။ တာဝန်တစ်ရပ်လို အပီအပြင်လုပ်နေခြင်းဖြစ်သည်။ လုပ်ငန်းနှင့်မဆက်နွယ်သည့် နေရာများသို့ သွားရောက်လည်ပတ်ခြင်းပင် မပြုကြ။ ဆေးခန်း၏ပြဿနာများကို ဖြေရှင်းရန်အတွက် အာရုံရောက်နေကြသည်။ နောက်ဆုံး၌ ကြိုးပမ်းအားထုတ်မှုများ၏ရလဒ်အဖြစ် အရည်အသွေးကောင်းသည့် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် တာဝန်ရှိသည်ဟု ခံစားရသည်။
သို့သော် ဒုတိယလှိုင်းလုံးကြီးမှာ ရ၀မ်ဒါ၏သမိုင်းကို လေ့လာနားလည်ရင်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပထမစနေနေ့က မြို့တော်အပြင်ကို သွားကြသည်။ ကျေးလက်ဒေသကို ရှုမြင်ရန်သွားကြသည်။ ထိုနေ့က ရ၀မ်ဒါမျိုးဖြုတ်သတ်ဖြတ်မှု အမှတ်တရ အဆောက်အဦသို့ စတင်သွားရောက်ခဲ့ကြသည်။ ထိုဘုရားရှိခိုးကျောင်း၌ ၁၉၉၄ခုနှစ်က နှစ်ရက်အတွင်း လူပေါင်း ၂၄၀၀၀ကျော် အသတ်ခံခဲ့ရသည်။ ၄င်းတို့၏ အ၀တ်အထည်များ၊ လက်နက်များ၊ အရိုးများဖြင့် ပြည့်နှက်နေပြီး၊ ထိုနေရာ၏ရိုးစင်းမှုကြောင့် ဖြစ်ရပ်တွေကို ပို၍ပီပြင်စေသည်။ ကားပေါ်ကို အားလုံးတက်တော့ တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေကြသည်။ မြင်ခဲ့တာတွေကို အမီလိုက်ရန်အတွက် ကျွန်တော့်တယ်လီဖုန်းကို အသည်းအသန်လိုက်ရှာနေကြောင်း ပြန်လည် မှတ်မိလိုက်သည်။ ထိုအချိန်ကာလ ကလောက် စိတ်ဆိုး၊ အားကိုးရာမဲ့ဖြစ်သည့်အခါ မရှိ။ မည်သူ့ကို စိတ်ဆိုးရမှန်းမသိ၊ ဘယ်လိုစိတ်ဆိုးရမှန်းမသိ၊ ကလေးဆန်သော်လည်း ထိုအချိန်က ချက်ခြင်းအိမ်ပြန်ပြေးချင်စိတ်ပေါက်လာခဲ့သည်။
သို့သော် ကျွန်တော်တို့ခရီးဆက်ခဲ့ကြသည်။ ထောင်စုနှစ် ဖွံ့ဖြိုးရေးရွာအဖြစ်သတ်မှတ်ထားသော မာယာငယ်သို့ရောက်သွားသည်။ ထိုအချိန်၌ စောစောကမြင်ခဲ့ရသည့် အနိဋ္ဌာရုံများမှ လက်ရှိဖြစ်နေသည့် စွမ်းအားများအကြောင်း ရောက်သွားသည်။ လယ်သမားတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနှင့်တွေ့သည်။ တိုးတက်မှုတွေ ရှိနေသည်ကို မြင်ရသည်။ မာယာငယ်၌ အတန်းတစ်ခုတည်းသို့ ၀င်သွားသည့်အခါ ကျောင်းသားများက အင်တာနက်ချိတ်ဆက်ထားသည့် လက်တော့တွေ သုံးနေကြသည်ကို တွေ့ရသည်။ ယခင်နေ့က သင်ကြားခဲ့သည့်သင်ခန်းစာကို သင်ပုန်းပေါ်၌ Excel ဖြင့် ဆွဲထားသည်ကို တွေ့ရသည်။ မျိုးတုံးသတ်ဖြတ်မှုဒဏ်ကို ခံရသူများ၊ သတ်ခဲ့သူများဖြင့် ဖွဲ့စည်းထားသည့် ရွာ၌ အသားကင်ဆိုင်တစ်ဆိုင်တွင် ဒေသဖြစ် ငှက်ပျောဘီယာကို သောက်ရသည်။ ၄င်းတို့၏ကလေးများ တစ်စုတစည်းတည်း ရိုးရာအကတွေ တင်ဆက်ကပြသည်ကို ကြည့်ရသည်။
၎င်းတို့သည် အတိတ်ကို တန်ဖိုးချပစ်ခြင်းမဟုတ်၊ အနာဂတ်အတွက် တစ်စုတစည်းတည်း တာဝန်ယူကြခြင်းဖြစ်သည်။
အကောင်းမြင်စိတ်ဓာတ်တွေ ကူးစက်တတ်သည်။ အံ့သြစရာ စီးပွားရေးတိုးတက်မှုများ ဖြစ်ပွားလာအောင် အထောက်အကူဖြစ်နိုင်သည်။ အခက်အခဲအကြပ်အတည်းပေါင်းများစွာကို ကျော်လွှားခဲ့သည့် နိုင်ငံတစ်ခုတွင် ကြာရှည်ခံသည့် ထူးခြားမှုတစ်ခု ကျန်ရစ်ခဲ့ရန် လုပ်နိုင်စွမ်း ကျွန်တော်တို့၏ လက်ထဲ၌ ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်စေသည်။ ထို့ကြောင့် ကျွန်တော်တို့၏ တွေ့ရှိချက်များ၊ သုံးသပ်ချက်များ၊ ဆေးခန်းပိုမိုကောင်းမွန်ရေးအတွက် အကြံပြုချက်များကို တင်ပြသည့်အခါ ကြောက်ရွံ့မှုများ လျော့နည်းသွားသည်။ ဒေါက်တာ အင်မာကူလီကလည်း ကျွန်တော်တို့၏ အကြံပြုထောက်ခံချက်များကို လိုလိုလားလားလက်ခံသည်။ အီဂါလီ၌ နောက်ဆုံးနေသည့် ရက်သတ္တပတ်အတွင်း၌ ကျွန်တော်တို့၏ စနစ်သစ်ကို လက်ခံစမ်းသပ်ကြည့်သည်။ အားနည်းချက်ရှိသည့် လူနာမှတ်တမ်များကို ပြင်ဆင်နိုင်ရုံသာမက၊ ဆေးခန်း၌ လူနာတစ်ယောက် ရောက်သည့်အခါ ပေးရသည့်အချိန် ၂၀ရာခိုင်နှုန်းလျော့နည်းအောင် လုပ်နိုင်ခဲ့သည့်အတွက် ကျွန်တော်တို့၏ လုပ်ငန်းစီမံကိန်းအောင်မြင်ခဲ့သည်။
ယခု ဘော်တီမိုးရှိ ဂျွန်ဟော့ကင်တက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ ဖေ့စ်ဘွတ်မှတစ်ဆင့် အပတ်တိုင်း အဆက်အသွယ်လုပ်သည်။ ထိုစနစ် တစုံတရာ အခက်အခဲရှိမရှိ၊ အဆင်ပြေမှုရှိ မရှိ သိရှိနိုင်ရန် ကြိုးစားနေသည်။ ရေရှည်တွင်လည်း ထိုဆေးခန်းကို တတ်နိုင်သမျှ ကူညီရန် သန္နိဋ္ဌာန်ချမှတ်ထားသည်။
ခင်မောင်ညို(ဘောဂဗေဒ)
(အီကောနောမစ်)
0 comments:
Post a Comment