Saturday, March 19, 2011

အနာဂတ်မှာ နွဲကြမည့် စက္ကောမ စစ်ပွဲများ

   ၂ဝ၁ဝ ခုနှစ် သြဂုတ်လ။    
         ရှေ့ပြေးမီးလျှံ Fire Scout ဟု အမည်ပေးထားသည့် မောင်းသူမဲ့ရဟတ်ယာဉ်ကို အမေရိကန်ရေတပ်က မေရီလင်း ပြည်နယ်တွင် စမ်းသပ်မောင်းနှင်သည်။ ရဟတ်ယာဉ်သည် ထိန်းသိမ်းရေးစခန်း၏ ပဲ့ထိန်းမှုနှင့် အဆက်အသွယ်ပြတ် ကာ ဝါရှင်တန်မြို့တော်ရှိရာ အနောက်မြောက်ဘက်ဆီသို့ ပျံသန်းသွားသည်။ ရဟတ်ယာဉ်တွင် လက်နက်တပ်ဆင် ထားခြင်းတော့မရှိ။ ထိန်းသိမ်းရေး စခန်းတစ်ခုလုံး ဥသြသံ တညံညံဖြင့် မိနစ်သုံးဆယ်ကြာမျှ ပျာယာခတ်ကုန်ကြသည်။ ဖက်ဒရယ်မြို့ပြ လေကြောင်း ဌာန၊ မြောက်အမေရိက လေကြောင်း ကာကွယ်ရေး စစ်ဌာနချုပ်တို့ကို တပ်လှန့်အကြောင်း ကြားရသည်။ လိုအပ်ပါက လွတ်ထွက်သွားသော ရဟတ် ယာဉ်ကို ပစ်ချနိုင်ရန် အက်ဖ်-၁၆ တိုက်လေယာဉ်ကိုလည်း အသင့်ပြင်ထားသည်။
 
            မောင်းသူမဲ့ ရဟတ်ယာဉ် အိမ်ဖြူတော်နှင့် မိုင်အနည်း ငယ်အကွာသို့အရောက်တွင် ထိန်းသိမ်းရေးစခန်းနှင့် အဆက် အသွယ်ပြန်ရသည်။ ထိန်းသိမ်းရေးစခန်းသို့ ပြန်လာရန် အချက်ပေးခေါ်ယူလိုက်သည်။ ရဟတ်ယာဉ် ချောမောစွာ ပြန်ရောက်လာသည်။ နောက်တစ်နေ့ထုတ်သတင်းစာ များတွင် ဝါရှင်တန် ကောင်းကင်ပြင်၌ လမ်းသလားခဲ့သော တပ်ပြေးရဟတ်ယာဉ် ဟုလည်းကောင်း၊ လူသားကိုအာခံ သော မောင်းသူမဲ့ရဟတ်ယာဉ်၏ ဝါရှင်တန်ခရီးစဉ် ဟု လည်းကောင်း ခေါင်းတပ်ရေးသားကြသည်။
                ယခုအခါ စက်မှုထုတ်ကုန်လုပ်ငန်းကြီးများ၌ စက် ရုပ်များကို တွင်ကျယ်စွာအသုံးပြုနေသည်။ ရာနှုန်းပြည့်စိတ် ချရသော စက်ရုပ်စနစ်ဟူ၍မရှိသေးပေ။ သို့သော် အဘက် ဘက်တွင် သူ့ထက်ငါ အပြိုင်ကြဲနေရသော ယနေ့ကမ္ဘာ၌ နေရာတိုင်းတွင် စက်ရုပ်ကိုအစားထိုးအသုံးပြုရန် ကြိုးပမ်း နေကြသည်။ အီရတ်နှင့် အာဖဂန်စစ်မြေပြင်များတွင်လည်း စက်ရုပ်များကိုအသုံးပြုရန် ကြိုးစားနေကြသည်တွေ့နေရ သည်။ စက်ရုပ်စစ်သည် -Warbot ဟုအမည်ပေးထားသော် လည်း လူ့ခန္ဓာကိုယ်ပုံသဏ္ဌာန်နှင့်တော့လုံးဝမတူကြပါ။ စစ်သည်များ ထမ်းဆောင်ရသည့်တာဝန်များကို ထမ်းဆောင်ပေး မည့် ယန္တယားအငယ်စား ကလေးများသာဖြစ်သည်။ အချို့မှာ တိုက်ခိုက်ရေး စစ်သည်များဖြစ်ပြီး၊ အချို့မှာထောက်ကူ ပို့စစ်သည်များဖြစ်သည်။ ထိုနှစ်မျိုးစလုံး၏ တူညီသော အချက်တစ်ချက်မှာ ယင်းတို့တွင် အကြောက်တရား ဟူ၍ မရှိကြ။ စိတ်ခံစားမှုမရှိကြ။                ကမ္ဘာ့စစ်အင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိ ကန်သည် စက္ကောမစစ်သည်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေါ်လာငွေ ဘီလီယံချီသုံးစွဲကာ သုတေသနပြုနေသည်။ စက်ရုပ်စစ်သည်များ ပိုကောင်းသည်ထက် ကောင်းလာစေရေး လူသားစစ်သည်ကဲ့သို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလှုပ်ရှားနိုင်ရေး၊ တိုက်ခိုက်နိုင်ရေးတို့ကို ဦးစားပေး သုတေသနပြုနေ သည်။ အချို့ကို စစ်မြေပြင်တွင် စတင်အသုံးပြုလျက်ရှိသည်။          
     ၂ဝဝ၃ ခုနှစ်တွင် စစ်ပွဲစတင်စဉ်က အီရတ်တွင် စစ်မြေ ပြင်သုံးစက်ရုပ်ဟူ၍ မရှိသေးပေ။ ယခုအခါ အာဖဂန်နှင့် အီရတ်တွင် စက်ရုပ်နှင့် အဝေးထိန်းစနစ်သုံး ယာဉ်စုစုပေါင်း နှစ်သောင်းကျော်ကိုအသုံးပြုလျက်ရှိသည်ဟု ပေါ်ပြူလာ မက္ကင်းနစ်စာစောင်ကဖော်ပြသည်။ စီအိုင်အေသည် ပါကစ္စတန် နယ်မြေအတွင်းသို့ မောင်းသူမဲ့ လေယာဉ်များကို စေလွှတ်ကာ အယ်လ်ကိုင်ဒါ ပစ်မှတ်များကို တိုက်ခိုက် လျက်ရှိသည်။
             ၂ဝ၁၅ ခုနှစ်ရောက်သည့်အခါတွင် မြေပြင်သွားစစ်သုံး ယာဉ်အားလုံး၏ အနည်းဆုံး သုံးပုံတစ်ပုံသည် မောင်းသူမဲ့ဖြစ် ရမည်ဟု ကွန်ဂရက်က တောင်းဆိုထားသည်။ လေတပ်က နှစ်စဉ်လေ့ကျင့်ပေးသော မောင်းသူမဲ့လေယာဉ်မှူး အရေ အတွက်သည် ဗုံးကြဲလေယာဉ်မှူးနှင့် တိုက်လေယာဉ် လေသူရဲ နှစ်မျိုးပေါင်း အရေအတွက် ထက်ပိုများလာသည်ဟု ဆိုသည်။
              အနာဂတ်စစ်ပွဲများတွင် လူသားစစ်သည်ချင်း မတိုက် ခိုက်ကြတော့ဘဲ စက်ရုပ်ချင်းတိုက်ခိုက်ကြတော့မည်။ ရုပ်ရှင်ထဲတွင်သာတွေ့ဖူးသည့် စက်ရုပ်သည် ပိတ်ကားပေါ်မှ ခုန်ဆင်းကာ လက်တွေ့စစ်ပွဲထဲသို့ရောက်လာတော့မည် လော။ မောင်းသူမဲ့လေယာဉ်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီး ခရစ္စတိုဖာ ကာလီလီ Christopher Carlile က''စိတ်ကူးယဉ်သိပ္ပံဝတ္တုနဲ့ လက် တွေ့ဘဝအကြား ခြားနားမှုဆိုတာ အခုအခါမှာ ပါးပါးလေးပဲ ကျန်တော့တယ်။ စိတ်ကူးယဉ်သိပ္ပံဝတ္တုထဲက အတိုင်းဖြစ် လာဖို့ဆိုတာ အချိန်ပဲလိုပါတယ်'' ဟု ပြောသည်။
             စစ်ပွဲ၏ သွင်ပြင်လက္ခဏာနှင့် သဘောသဘာဝကို ပြောင်းလဲစေခဲ့သည့် အရာများရှိခဲ့သည်။ ပို၍ဝေးသောနေရာမှ ရန်သူကိုပစ်ခတ်နိုင်ရန်၊ ရန်သူများနိုင်သမျှ များများကျဆုံး စေရန် လက်နက်များကိုတီထွင်ခဲ့ကြသည်။ လေးမြားမှသည် ညူလက်နက်အထိ ဖြစ်ပေါ်ခဲ့သော လမ်းကြောင်းကို ပြန်လည်လေ့လာပါက စစ်ဆင်ပုံ ဆင်နည်း ပြောင်းလဲခဲ့သည်ကိုမြင် နိုင်သည်။ ယမ်းဘီလူး၊ ယန္တယားနှင့် အနုမြူဗုံးတို့သည် စစ်ပွဲ၏အယူ အဆ၊ ဗျူဟာ အခင်းအကျင်းတို့ကို ပြောင်းပြန်လှန် ပြောင်းလဲစေခဲ့သည်။ စက်ရုပ်စစ်သည်များသည်လည်း စစ်ပွဲ ၏သဘောသဘာဝကို များစွာပြောင်း လဲစေမည်မှာ မုချဧကန်ဖြစ်သည်။ စစ်ပွဲဆိုင်ရာ သီဝရီများစွာကို ပြန်လည် သုံးသပ်ကြရလိမ့်မည်။ စစ်ကို မည် သို့တိုက်ခိုက်ကြသည် ဆိုသည့်နည်း လမ်းသည်လည်းကောင်း၊ စစ်ကို မည် သူတွေ တိုက်ခိုက်ကြသည်ဆိုသည့် အချက်သည်လည်းကောင်း ပြောင်း လဲသွားမည်ဖြစ်သည်။               စစ်ဆိုသည့်အရာကို လူသား တို့သည် နှစ်ပေါင်း ငါးထောင်ကျော် လက်ဝါးကြီးအုပ်ထားခဲ့သည်။ မကြာ မီစစ်ပွဲကို စက်ရုပ်များ လက်သို့လွှဲ ပေးရတော့ မည်လော။ 
             ယခုအချိန်တွင် အင်ဂျင်နီယာ များနှင့် ပညာရှင်များ ကြိုးပမ်းနေကြ သည်မှာ စက်ရုပ်စစ်သည်များတွင် စဉ်းစား ဥာဏ်အတု-Artificial intelligence ထည့်သွင်းပေးနိုင်ရန် ဖြစ် သည်။ စက်ရုပ်များသည် ကိုယ်ပိုင် စဉ်းစားဉာဏ်ရှိ လာသည့်အခါ လူသားများကို အာခံတိုက်ခိုက်လျက် ကမ္ဘာကြီးကို လွှမ်းမိုး ချုပ်ကိုင်သွား လိမ့်မည်ဟု အကြောက်လွန်နေကြသူ များလည်းရှိသည်။
              အမေရိကန် လေတပ်သိပ္ပံပညာ ရှင်များအကြီးအကဲ ဝါနာဒမ်း -Werner Dahm က ''စက်ရုပ်တွေ က ကမ္ဘာကြီးကို စိုးမိုးချုပ်ကိုင်မှာ ကို စိုးရိမ်စရာ မလိုဘူး။ ကျွန်တော်တို့ က စက်ရုပ်တွေ မလုပ်နိုင်တာတွေ ခိုင်းမိပြီး နုတ်မရ၊ ပြင်မရ ဖြစ်ကုန်မှာ ကိုပဲစိုးရိမ်တယ်။ စက်ရုပ်တွေလုပ်ပေး နိုင်တာပဲဆိုပြီး လူတွေသာ လုပ်ရမယ့် အရေးကြီးတဲ့အလုပ်တွေကို စက်ရုပ် တွေကိုလွှဲပေးပြီးခါမှ အဆင်မပြေ ဖြစ်လာရင် ပြန်ပြင်ဖို့ သိပ်နောက် ကျသွားနိုင်တယ်'' ဟု ပြောသည်။              စက်ရုပ်များအား ကိုယ်ပိုင်စဉ်း စားဉာဏ်ထည့်သွင်းခြင်းနှင့် ခြွင်းချက် မရှိ ထိန်းချုပ်ထားနိုင်ရေး အချက် နှစ်ချက်ကို ပညာရှင်များက ဦးစား ပေးလုပ်ကိုင်လျက်ရှိသည်။ ဆင်ခြင် ဉာဏ်ရှိသော၊ အစွမ်းထက်သော စက်ရုပ်ကို ဆောက်လုပ်လျှင် လူသား က လုံးဝဥဿုံ ထိန်းချုပ်ထားနိုင်စွမ်း ရှိရမည်။ ထိုအချက်သည် အရေး အကြီးဆုံးဖြစ်သည်။ အစွမ်းထက် သော စက်ရုပ်ကို မထိန်းချုပ်နိုင်ပါ က လူသားကို အန္တရာယ်ပြန်ပြုလိမ့် မည်။
               အိုဟိုင်းယိုးပြည်နယ် ရိုက်ပက် တာဆင် လေတပ်စခန်း Wright-Patterson Air Force Base တွင် စက်ရုပ်အတွက် အာရုံသိနိုင်သော စနစ်တစ်ခုကို စမ်းသပ်လျက်ရှိသည်။ ထိုစနစ်ကို မောင်းသူမဲ့လေယာဉ် -UAV တွင်တပ်ဆင်ထားပါက အခြား လေယာဉ်များ အနီးအနားသို့ရောက် လာလျှင် မတိုက်မိအောင် ရှောင်ရှား နိုင်သည်။ လေယာဉ်အများအပြား ထောင့်ပေါင်းစုံမှ ချဉ်းကပ်လာသည့် အခြေအနေကို Computer Simulation ဖြင့်စမ်းသပ်ကြည့်သည့်အခါ ထိုစနစ် တပ်ဆင်ထားသည့် မောင်း သူမဲ့လေယာဉ်သည် အခြားလေယာဉ် များအကြားမှ မြွေလိမ်မြွေကောက် ကွေ့ရှောင်ထွက်သွားနိုင်သည်ကို တွေ့ရသည်။
              ထိုစနစ်တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်ကို လေယာဉ် အသွားအလာ ထူထပ်သော မြို့ပြ ၏ကောင်းကင်ပြင်တွင် မောင်းနှင်နိုင် တော့မည် ဖြစ်သည်။ သို့သော် ယခု အချိန်အထိ မည်သည့်မောင်းသူမဲ့ လေ ယာဉ်ကိုမျှ မြို့ပြလေကြောင်း နယ် နမိတ်အတွင်း အာဏာပိုင်များက ပျံသန်းခွင့် မပြုသေးပေ။   ထို့ပြင် ယင်းစနစ်ဖြင့် မောင်း နှင်သော လေယာဉ်သည် လူသားလေ ယာဉ်မှူးများ မောင်းနှင်သော အမြန် နှုန်းထက် ပိုမိုလျင်မြန်စွာ မောင်းနှင် နိုင်ပြီး အကွေ့အရှောင် အမှောက် အလှန် စသည်တို့တွင်လည်း လူသား လေယာဉ်မှူးများထက် ပိုမိုတိကျစွာ စွမ်းဆောင်နိုင်သည်ကို တွေ့ရသည်။ လေထဲတွင် ရက်ပေါင်းများစွာ ပျံဝဲ နေနိုင်ပြီး၊ ပစ်မှတ်ကို လူသားထက် ပိုမိုတိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ အဆက်မပြတ်လည်း ပစ်ခတ်နေနိုင်သည်။ လေယာဉ်မှူးတွင် ခန္ဓာဗေဒဆိုင်ရာ အကန့်အသတ် များရှိ သည်။ စက်ရုပ်များတွင်မူ မရှိ။
               ဒုံးခွင်းဒုံးစနစ် Counter Rocket ကို အီရတ်တွင် အမေရိကန်တပ်များ က အသုံးပြုနေသည်။ ဘဂ္ဂဒက်ရှိ အန္တရာယ်ကင်းဇုန် Green Zone နှင့် ဘာဂရမ်လေယာဉ်တွင်းသို့ ပြင်ပမှ ပစ်ခတ်လာသော ဒုံးများကို ရေဒါဖြင့် ရှာဖွေကာ ပစ်ချသောစနစ်ဖြစ်သည်။ ကန့်သတ်လေထုပိုင်နက်ထဲ ဝင်လာ သောဒုံးများ၏ ခုနစ်ဆယ်ရာနှုန်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
              ဂြိုဟ်တုမှပေးပို့သော ရာသီဥတု အခြေအနေကို ကွန်ပျူတာဖြင့် တွက် ချက်ကာ ဆိုးရွားသော ရာသီဥတု စက်ကွင်းမှလွတ်ကင်းရန် လမ်းကြောင်း ရှာပေးသော စနစ်ကိုလည်း တီထွင် ကြံဆလျက်ရှိသည်။ လေသူရဲ ရုတ်တရက် သတိမေ့ခြင်း၊ ကြောင် တောင်တောင်ဖြစ်ခြင်းတို့နှင့်ကြုံရ သည့်အခါ လေယာဉ်ကို မြေပြင်မှဝေး ရာသို့ ပင့်တင်ပေးသောစနစ်ကို ၂ဝ၁၁ ခုနှစ်အကုန်၌ အက်ဖ်-၁၆ တိုက်လေယာဉ်များတွင် တပ်ဆင် မည်ဟုသိရသည်။ 
             မောင်းသူမဲ့လေယာဉ်များ တိုက် ပွဲဝင်နိုင်ရန်အတွက် မြေပြင်တွင် လူ သားလုပ်အား အများအပြားကို အသုံး ပြုရသည်။ UAV တစ်စင်း ပျံသန်း နေစဉ်တွင် မြေပြင်သို့ ပြန်လည် ပေးပို့သော အချက်အလက်များကို ကျွမ်းကျင်သူ ၆၉ ဦးက စိစစ်လျက် လေယာဉ်အား ပဲ့ထိန်းခြင်း၊ ပစ်ခတ်ရန် အမိန့် ပေးခြင်းတို့ ပြုလုပ်ရသည်။ စက်ယန္တယားနှင့် လူသားယှဉ်တွဲ အလုပ်လုပ်ရာတွင် လူသားလုပ်အား အတွက် ကုန်ကျရသော စရိတ်က များစွာကြီးမြင့်နေသည်။ ထို့ကြောင့် လူ့လုပ်အား လျှော့ချနိုင်ရေးအတွက် နည်းလမ်းများကို ကြံဆလျက်ရှိ သည်။ UAV တစ်စင်း ပျံသန်းနေစဉ် တွင် မလိုအပ်သော သတင်းအချက် အလက်များကို မြေပြင်သို့ ပြန်လည် ပေးပို့နေခြင်းကြောင့် မြေပြင်ရှိခွဲခြမ်း စိတ်ဖြာသူများ အလုပ်မရှုပ်သင့်ဘဲ ရှုပ် နေရသည်။ ထို့ကြောင့် လူသားက အဆုံးအဖြတ်ပေးရမည့် အချက်အလက်များကိုသာ ပြန်လည်ပေးပို့ပြီး မလိုအပ်သော အချက်အလက်များ မပို့ဘဲနေစေမည့် နည်းလမ်းများကို ရှာဖွေ လျက်ရှိသည်။
              သဲကန္တာရပေါ်တွင် ထီးထီးပျံ သန်းနေသော UAV တစ်စင်းမှ ပေးပို့နေသည့်အချက်အလက် တောင် ပုံရာပုံသည် မြေပြင်ကျွမ်းကျင်သူများ ကို အလုပ်ရှုပ်စေရုံမျှအပ မည်သည့် အထောက်အကူကိုမှ မပေးပေ။ လူသူ ကင်းမဲ့နေသော သဲကန္တာရ အချက် အလက်များကို နာရီပေါင်းများစွာ ပေးပို့နေမည့်အစား ပစ်မှတ်ပေါ်လာ သည့်အခါတွင်မှ သတင်းပို့ခြင်းက ပိုမိုထိရောက် စေမည်ဖြစ်သည်။ ထို့ ကြောင့် UAV အတွက် အရေးကြီး သည့်အချက်အလက်နှင့် အရေးမကြီးသော အချက်အလက်ကို ခွဲခြားသိနိုင် စွမ်းရှိသည့်ဆော့ဖ်ဝဲများကို ရေးဆွဲ လျက်ရှိသည်။ အရေးကြီးသောအချက် အလက်များကိုသာ ပေးပို့ခြင်းဖြင့် မြေပြင်ရှိကျွမ်းကျင်သူ ပညာရှင်အရေ အတွက်ကို လျှော့ချနိုင်မည်ဖြစ်သည်။
               စက်ရုပ်များ၊ စက်ကိရိယာများ အပေါ်ယုံကြည်စိတ်ချမှုဆိုသည်မှာ ယင်းတို့၏စွမ်းဆောင်ပြနိုင်မှု အပေါ် တွင် မူတည်သည်မှာ မှန်သော်လည်း လူ့သဘာဝအရ ယုံကြည်အားကိုးမှု လွန်ကဲခြင်းလည်း ဖြစ်တတ်သည်။ ငွေကြေးခွင့်ပြုပေးနေသည့် ကွန်ဂရက် ၏ယုံကြည်မှုကိုရရှိရန် အမတ်မင်းများ အား စက်ရုပ်များ၏ စွမ်းဆောင်နိုင် မှုကို အခိုင်အမာ သက်သေပြနိုင်ရမည် ဖြစ်သည်။ 
              စက်ကိရိယာများသည် ဖောက် လွဲဖောက်ပြန် ဖြစ်တတ်သောသဘော ရှိသည်ကို အလေးအနက်ထားရ သည်။ ၁၉၈၈ ခုနှစ်တွင် အီရန် ခရီးသည် တင်လေယာဉ်ကို တိုက် လေယာဉ်ထင်မှတ်ကာ ပါရှန်းပင် လယ်ကွေ့တွင် အမေရိကန် ကင်း လှည့်ရေယာဉ်ကပစ်ချလိုက်သည်။ ခရီးသည် ၂၉ဝ သေဆုံးခဲ့ရသည်။ ကင်းလှည့်ရေယာဉ်တွင် ရေဒါဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာက တိုက်လေယာဉ်ဟု မှားယွင်း ညွှန်ပြ ခဲ့သဖြင့် အခြားအချက်အလက်များ ကို ထည့်သွင်းမစဉ်းစားတော့ဘဲ ပစ်ချ လိုက်ခြင်းဖြစ်သည်။ စက်ကိရိယာ အပေါ် ယုံစားအားကိုးလွန်းခြင်း ကြောင့် ဖြစ်ရသည်။   အရပ်သားနှင့် တာလီဘန်ကို မခွဲခြားနိုင်သည့်အတွက် အမေရိကန် မောင်းသူမဲ့ လေယာဉ်များသည် ပါကစ္စတန်အရပ်သား တစ်ထောင် ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
              ၂ဝဝ၇ ခုနှစ်တွင် အီရတ်၌ SWORDS ဟု အမည်ပေး ထားသော စက်ရုပ်စစ်သည်များကို စတင်အသုံးပြုသည်။ ထိုစက်ရုပ်သည် လူ၏အရွယ်အစား အတိုင်းရှိပြီး ၃၆ဝ ဒီဂရီလှည့်ပတ် ပစ်ခတ်နိုင်စွမ်းရှိ သည်။ ဖောက်စ်သတင်းဌာနက ၂၁ ရာစု၏ ဂျီအိုင်တပ်သားများ ဟု အမွှမ်းတင်ဖော်ပြခဲ့သည်။ ထို စက်ရုပ်သည် ရန်သူနှင့် မိတ်ဆွေ မခွဲ ခြားဘဲ မည်းမည်းမြင်မြင်သမျှကို ပစ် ခတ်နေသည့်အတွက် အသုံးပြုမှုရပ် ဆိုင်းခဲ့ရဖူးသည်။
              ၂ဝဝ၇ ခုနှစ်က တောင်အာဖရိ ကတွင် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြု လုပ်ခဲ့သည်။ စက်ရုပ် လေယာဉ်ပစ် စက်သေနတ်သည် ဂျမ်းဖြစ်ကာ ချာ ချာလည်ပြီး ကျည်ကပ်အတွင်းရှိ ကျည်အကုန်လုံးကို သွန်ချသလို ပစ် ခတ်ခဲ့သဖြင့် ခြောက်ဦးသေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ သည်။ 
             လက်တွေ့ကြုံတွေ့နိုင်သည့် အခြေအနေများကိုခြုံငုံ ဆုံးဖြတ်နိုင် စေရန် စက်ရုပ်အား အသိဉာဏ်ထည့် ပေးရန်ဆိုသည်မှာ များစွာရှုပ်ထွေး ခက်ခဲသည်။ စစ်မြေပြင်တွင် တွေ့ကြုံ နိုင်သည့်အခြေအနေဆိုသည်မှာ သိန်း သောင်းမကရှိသည်။ ထိုမျှ များပြား သော အခြေအနေကို လေ့ကျင့်ကွင်း တွင် ဖန်တီး၍မရနိုင်။ အချို့ကို လက် တွေ့ မည်သို့မျှမဖန်တီးနိုင်။ ပမာ အားဖြင့် လေယာဉ်အစင်း ရှစ်ဆယ် ပျံသန်းနေသော ကောင်းကင်ပြင်တွင် မောင်းသူမဲ့လေယာဉ် တစ်စင်းကို ပျံသန်းခိုင်းသည့် လေ့ကျင့်ခန်းမျိုးဖြစ် သည်။ အမှန်တကယ် ပျံသန်းနေ သည့် လေယာဉ်များအကြားတွင် မောင်းသူမဲ့လေယာဉ်ကို ထည့်လိုက် ပါကတိုက်မိပြီး အားလုံးပျက်စီး သေ ကြေကုန်မည်ဖြစ်သည်။                ကွန်ပျူတာကသာလျှင် ပျက်စီး ဆုံးရှုံးမှုမရှိစေဘဲ အနီးစပ်ဆုံးသဏ္ဌာန် လုပ် Computer Simulation ဖန်တီး ပေးနိုင်သည်။ ကွန်ပျူတာနည်းပညာ တွင် ထိပ်ဆုံးမှပြေးနေသည့် အမေရိ ကန်အဖို့ပင် အတော်ခက်ခဲနက်နဲ သော သုတေသနလုပ်ငန်း ဖြစ်သည်။
              တရုတ်၊ အီရန်နှင့် ပါကစ္စတန် အပါ အဝင် ယခုအခါ နိုင်ငံပေါင်း ၄၃ နိုင်ငံသည် စက်ရုပ်စစ်သည်များကို ထုတ်လုပ်ရန် ကြိုးစားလျက်ရှိသည်။ ထိုနိုင်ငံများသည် စမ်းသပ်အဆင့်တွင် သာရှိနေသေးသည့် စက်ရုပ်များကို စစ်မြေပြင်တွင်ချသုံးလာပါက စိုးရိမ် ဖွယ်ရာအခြေအနေဖြစ်သည်။ အကြမ်းဖက် သမားများ လက်ဝယ်တွင် အဝေးထိန်းစနစ်ဖြင့် တိုက် ခိုက်သော နည်းပညာအချို့ရှိနေပြီဖြစ် သည်။ အစ္စရေးနှင့် ဟဇ္ဇဘိုလာ တို့တိုက်ပွဲတွင် ဟဇ္ဇဘိုလာ ဘက်မှ အနည်းဆုံး မောင်းသူမဲ့လေယာဉ် လေးစင်း အသုံးပြုခဲ့သည်ဟု သိရ သည်။
                နိုင်ငံအစိုးရနှင့် လူပုဂ္ဂိုလ်အုပ်စု (အကြမ်းဖက်သမား) ရင်ဆိုင်ရာတွင် စစ်ရေးသုံးစက်ရုပ်သည် အကြမ်းဖက် သမားကို အားသာစေသည်။ အသေခံဗုံးခွဲရန် အတွက် နောင်ဘဝတွင်အပျိုစင် ၇၂ ယောက်ကို ရစေရမည်ဟု စက်ရုပ်အား မက်လုံးပေးရန် မလိုပေ။ 
              လက်ဖြောင့်စနိုက်ပါ တပ်သားဖြစ်လာ စေရန် လနှင့်ချီ၍ လေ့ကျင့်ပေးရ သည်။ စက်ရုပ်ကမူ လေ့ကျင့်ပေး ရန်မလို လေဆာရောင်ခြည်က ညွှန်ပြ သည့် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်အောင် ပစ်နိုင်သည်။ ပစ်မှတ်တစ်ခု တည်းကို လွဲချော်မှုမရှိဘဲ ဆက် တိုက်ပစ်ခတ်နိုင်စွမ်းရှိသည်။ ခက်ခဲသော၊ အထူးကျွမ်းကျင်မှု လိုအပ်သော၊ တိကျမှုလိုအပ်သော အလုပ်တို့တွင်စက်ရုပ်တို့ အား စေခိုင်းနိုင်သည်။
               စက်ရုပ်များ အသုံးတွင်ကျယ် လာမှုကြောင့် ပီအိတ်ခ်ျဒီပါရဂူကြီးများ သည် ဆံသသမားများထက် စော၍ အလုပ်ပြုတ်ရန် အလားအလာရှိသည် ဟု အပြောင်အပျက် ပြောကြသည်။ ဆံသသမားနေရာတွင် စက်ရုပ်ကို အစားထိုး၍မဖြစ်နိုင်။ ဆံပင်ကိုတိကျ ညီညာစွာ ညှပ်နိုင်ရုံမျှမက လိုက်ဖက် ညီထွေသော ဆံပင်ပုံစံဖြစ်ရန်မှာ ဆံသ သမား၏တာဝန်ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်နိုင်ရန် ဆံသသမားတွင် အနုပညာအမြင်၊ စိတ်ခံစားမှု၊ ဖောက် သည်အားနွေးထွေးစွာ ဆက်ဆံတတ် မှု စသည်တို့လိုအပ်သည်။ စက်ရုပ် တွင် စိတ်ခံစားမှု မရှိပေ။ 
             စက်ရုပ်စစ်သည်များကို ယခု နှုန်းထားအတိုင်းသာ ဆက်လက် ထုတ်လုပ်နေကြမည်ဆိုပါက သူ ကြွယ်နိုင်ငံများသည် စစ်ပွဲတွင် စက် ရုပ်များကို အဓိကထား အသုံးပြုလာ ကြမည်ဖြစ်သည်။ ၂၁ ရာစု စစ်ပွဲများ တွင် စက်ရုပ်များကို အေကေ-၄၇ မောင်းပြန်သေနတ်ကဲ့သို့ ပေါပေါ များများတွေ့မြင်လာရမည်။   အဝေးထိန်းစနစ် စက်ကိရိယာ များကို နှစ်ပေါင်းအတော်ကြာကပင် အသုံးပြုလာခဲ့ကြသည်။ တစ်မျိုး တည်းကို ထပ်ခါတလဲလဲလုပ်ရသော အလုပ်၊ ညစ်ပတ်ပေရေသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်များကို စက် ရုပ်များအားစေခိုင်းသည်။
               စစ်မြေပြင်သည် နေ့စဉ်ရောင်း ရေးဝယ်တာဘဝနှင့် လုံးဝခြားနား သည်။ စက်ရုပ်စစ်သည်များအား ယင်းတို့ဘာသာ ဆုံးဖြတ်လုပ်ကိုင် (ပစ်ခတ်) နိုင်ရန် အသိဉာဏ် (တု) ဖန်တီးပေးနိုင်သည် ဆိုစေဦးတော့ ယင်းတို့အပေါ် လူသား၏ ထိန်းချုပ် မှုကို ဆက်လက်ထားရှိရမည်ဖြစ် သည်။   လိုအပ်ပါက စက်ရုပ်၏ လှုပ်ရှားမှုကို ဟန့်တား၊ စွက်ဖက်နိုင်ရမည်။
             ပစ်မှတ်တစ်ခုကို ပစ်ခတ်မည်၊ မပစ်ခတ်ဆိုသည်ကို ဆုံးဖြတ်ရာတွင် စက်ရုပ်ကို ဆုံးဖြတ်ခွင့် မပေးဘဲ လူ သားကသာ ဆုံးဖြတ်ရန်ပင်တာဂွန်က ပေါ်လစီချထားသည်။ ပစ်မှတ်ကို ပစ်ခတ်ရာတွင် စက်ကိရိယာက သူ့ ဘာသာ ဆုံးဖြတ်ပစ်ခတ်ခြင်း မလုပ် ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေက တားမြစ်ထားသည်။   စက်ရုပ်များကို အဝေးထိန်းစနစ် ဖြင့် ထိန်းချုပ်သည်ဖြစ်ရာ၊ ထိန်းချုပ် မှုအသံလွှင့်လှိုင်းကို ရန်သူများက နှောင့်ယှက်၍ အဆက်အသွယ်ပြတ် အောင်လုပ်ကြသည်။ ယင်းသို့လုပ် ခြင်းကြောင့် အဆက်အသွယ်ပြတ် သွားသည့်အခါ စက်ရုပ်များသည် ၄င်းတို့ဘာသာဆက်လက်တိုက်ပွဲဝင် နိုင်ရန် စဉ်းစားဉာဏ် ထည့်သွင်းပေးရ သည်။ 
            စက်ရုပ်များသည် လူသားများ ထက် မနှိုင်းသာအောင် ပိုမိုလျှင် မြန်သည်။ ထိုကဲ့သို့ လျှင်မြန်သော စက်ရုပ်များကို လူသားက ဆုံးဖြတ် ချက် လျှင်မြန်စွာပေးရန်ဆိုသည်မှာ မဖြစ်နိုင်။ သူတို့၏ မြန်နှုန်းနှင့် အမီလိုက်၍ ဆုံးဖြတ်ချက်မပေးနိုင်။ စက်ရုပ်၏ လှုပ်ရှားမှုကို အမီလိုက်၍ ဆုံးဖြတ် ချက်ပေးရန် သုညဒဿမ ငါးစက္ကန့်သာအချိန်ရသည်။ ထိုအချိန် အတွင်း အဆုံးအဖြတ်ပေးရန် ဖြစ် သည်။ လူသား၏ ဦးနှောက်သည် ထိုမျှ မမြန်ဆန်။   ထို့ကြောင့် စက်ရုပ်များအား ဆုံး ဖြတ်ခွင့် လုံးလုံးလျားလျား အပ်ထား ခြင်းမျိုးမဟုတ်ဘဲ ဆုတ်သာတက် သာရှိသော၊ ပျော့ပျောင်းသော စနစ် မျိုးဖြစ်ရန် လိုအပ်သည်ဟု လေတပ် သုတေသန ပညာရှင်များက ပြော သည်။ လူသားက ထိန်းကြောင်း နေသည့်အခါ မျိုးရှိရမည်ဖြစ်သလို ၊ စက်ရုပ်က သူ့ဘာသာ ဆုံးဖြတ်လုပ် ကိုင်ရမည့်အခါမျိုးလည်း ရှိရမည်။  
          စက်ရုပ်စစ်ပွဲတွင် လူသားသည် နောက်တန်းမှ ပါဝင်ရသူဖြစ်သည်။ စက်ရုပ်ကကျူးလွန်သော စစ်ရာဇ ဝတ်မှုအတွက် လူသားကို စစ်ရာဇ ဝတ်ခုံရုံးတင်နိုင်ပါမည်လားဟု မေးစ ရာရှိလာသည်။ 
            နိုင်ငံအများအပြားသည် စစ်ရေး တွင် စက်ရုပ်များ အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းနေကြသည်။ စစ်ပွဲ တွင် လိုက်နာရမည့် ဂျီနီဗာသဘော တူညီချက်ရှိသည်။ စက္ကောမ စစ်ပွဲ တွင်လိုက်နာရမည့် စည်းကမ်းဟူ၍ မရှိသေးပေ။
             ဂျော်ဂျီယာ စက်မှုတက္ကသိုလ်၊ စက်ရုပ်ဆိုင်ရာဌာနမှူး ပါမောက္ခ ရော်နယ်အာကင်-Ronald Arkin က ''စက်ရုပ်စစ်သည်တွေဟာ လူသား စစ်သည်တွေထက် တာဝန်ကို ပိုမို တိတိကျကျ ထမ်းဆောင်နိုင်ကြလိမ့် မယ်'' ဟု ပြောသည်။     
        အာကင်က စစ်သည်ကျင့်ဝတ်ကို စက်ရုပ်များ အတိအကျ လိုက်နာစေရမည့် စနစ်တစ်ခု Ethical Governor ကိုတီထွင်လျက်ရှိသည်။ အရပ်သူ အရပ်သားများ ထိခိုက်သေ ကျေမှုအနည်းဆုံးဖြစ်စေရန်၊ ရန်သူ ပစ်မှတ်ကိုသာ အတိအကျ ပစ်ခတ် ခြင်းတို့ လုပ်နိုင်မည်ဖြစ်သည်။ စက် ရုပ်တွင် ကလဲ့စားချေခြင်း၊ မိမိအသက် ဆုံးရှုံးမည်ကို စိုးရိမ်ခြင်း၊ ကြောက်ရွံ့ ခြင်း၊ စိတ်ရူးပေါက်ခြင်းတို့ရှိမည် မဟုတ်ပေ။ စက်ရုပ်ကို တောင်းပန် တိုးလျှိုး၍မရနိုင်။   ''အရပ်သူအရပ်သားတွေကို သတ်ဖြတ်တာ၊ အပိုင်းပိုင်း အတစ် တစ်လှီးတာမျိုးကို စက်ရုပ် စစ်သည် တွေကမလုပ်ဘူး'' အာကင်က ပြော သည်။ 
             ပင်တာဂွန် ပူးတွဲစစ်ဆင်ရေးဌာန ချုပ်မှ ဂေါ်ဒန်ဂျွန်ဆင် Gordon Johnson က ''စက်ရုပ်စစ်သည်တွေ မှာ ကြောက်စိတ်မရှိဘူး။ပေးထားတဲ့ အမိန့်ကို မေ့သွားတာမျိုးလဲမရှိဘူး။ ဘေးနားက ရဲဘော်မိုင်းထိသွားလို့ စိတ်ထိခိုက်ပြီးငိုတာလဲမရှိဘူး။ လူ သားစစ်သည်တွေထက်လဲ ပိုမိုတာ ဝန်ထမ်းဆောင်နိုင်တယ်။ စက်ရုပ် တွေကိုပဲလွှတ်ပြီး စစ်တိုက်ခိုင်းကြလိမ့် မယ်။ ဝါရှင်တန်မှာ ထိုင်နေရင်းက အာဖဂန်မှာ စစ်တိုက်လို့ရနေရင် ဘာ ဖြစ်လို့ လူသားရဲဘော်တွေ အသက် ကို အဆုံးရှုံးခံရမှာလဲ'' ဟု ဆိုသည်။
              စက်ရုပ်များအပေါ် မျှော်လင့်လွန်းသူ၊ အားကိုးသူများ ရှိသကဲ့သို့ လူက ပြုလုပ်ဖန်တီးထားသော စက်ကိရိယာများသည် အမှားမှားအယွင်း ယွင်း လုပ်တတ်သည်ကို သတိပေး ကြသူများလည်းရှိသည်။ ယခုအခါ စက်ရုံများတွင် စက်ရုပ်များကို အများ ဆုံးအသုံးပြုလျက်ရှိသည်။ အမေရိကန် စက်ရုံလေးရာနှုန်းတွင် နှစ်စဉ် နှစ်တိုင်း စက်ရုပ်ကြောင့် မတော်တဆမှုကြီးတွေဖြစ်ပွားနေသည်။  
          ပွက်ပွက်ဆူသော သတ္တုရည် သယ်လာသည့်ပုံးကို အလုပ်သမား ပေါ်သို့လောင်းချခြင်း၊ အလုပ်သမကို စက်ကမချီပြီး ကားဘော်ဒီရိုက်ခြင်း စသည့်အဖြစ်များရှိသည်။ ဂျပန်ဝန် ကြီးချုပ်ဟောင်း ကိုအီဇုမီ စက်ရုံ တစ်ရုံအတွင်း လှည့်လည်ကြည့်ရှုစဉ် စက်မောင်းတံဖြင့် အရိုက်ခံရသည်။ ထို အော်တိုမက်တစ် စက်ရုပ်များ သည် လူကိုအန္တရာယ်ပြုရန် ရည်ရွယ်တည်ဆောက်ထားသော စက်ရုပ် များမဟုတ်ပေ။ ထိုစက်များသည်ပင် အမှားအယွင်း ဖြစ်သည့်အခါ လူကို အန္တရာယ်ပြုတတ်သည်။ လူကို အန္တရာယ်ပြုရန် ရည်ရွယ်ထုတ်လုပ် ထားသော လက်နက်တပ်ဆင်ထား သည့် စက်ရုပ်များတွင် အမှားအယွင်း ဖြစ်ပါက ဆိုဖွယ်ရာမရှိတော့။ 
            စက်ရုပ်များ၏ အာရုံခံကိရိယာ များကို အာရုံသိမှု လွယ်အောင်ပြုလုပ် ရန်လိုနေသေးသည်။ ပန်းသီးနှင့် ခရမ်းချဉ်သီးကို လည်းကောင်း၊ အယ်လ်ကိုင်ဒါနှင့် သာမန်အရပ်သား ကိုလည်းကောင်း စက်ရုပ်က ခွဲခြားနိုင် စွမ်း မရှိသေးပေ။        
    လူ့အခွင့်အရေး စောင့်ကြည့်ကာ ကွယ်ရေးအဖွဲ့မှ မတ်ဂါလက်စကို က ''စစ်ရာဇဝတ်မှုရယ်လို့ ပြစ်မှု မြောက်အောင် ကျူးလွန်မှုနဲ့ ကျူးလွန် ရန် ရည်ရွယ်မှုဆိုတာ ရှိရပါမယ်။ စက်ရုပ်ဆီမှာ လူသတ်ချင်တဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ဆိုတာ မရှိဘူး။ အဲဒီလို ဆိုရင် စက်ရုပ်ကို စစ်ရာဇဝတ်ခုံရုံး တင်လို့ရပါ့မလား'' ဟု ပြောသည်။    
        စက်ရုပ်စစ်သည်များသည် စစ်ပွဲများကို လွယ်လွယ်ကူကူဖြစ်စေလိမ့် မည်ဟုဆိုသူကဆိုသည်။ အထူးသဖြင့် အခြားတိုင်းပြည်များ သွား ရောက် ကျူးကျော်မည့်သူများအတွက် ပိုလွယ်သွားမည်ဖြစ်သည်။ မိမိဘက်မှ အကျအဆုံး အထိအခိုက် မရှိဘဲ စစ် ပွဲဆင်နွှဲနိုင်မည်ဖြစ်သည်။ ''စစ်တိုက် တယ်ဆိုတာ လွယ်လွယ်လေးပါကွာ ဆိုတဲ့ အတွေးတွေ ပေါက်ကုန်လိမ့် မယ်'' ဟု သမ္မတရီဂင်လက်ထက်၊ လက်ထောက် ကာကွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သူ လာရီကော့ဘ် -Larry Korb က ဆိုသည်။     
        စစ်ပွဲနှင့်ပတ်သက်သော လူတို့၏ ခံစားနားလည်မှုတို့ ပြောင်းလဲကုန် ကြမည်။ ဗီယက်နမ်စစ်တွင် အမေရိကန် စစ်သားများ ကျဆုံးခဲ့ခြင်းမရှိ ဟုဆိုပါကစစ်ပွဲသည် ပြီးဆုံးခဲ့ပါမည်လား။ စစ်ပွဲသည် သက်ဆိုးရှည်နေ ပါမည်လားဟု မေးစရာရှိလာသည်။ အလားတူပင် အီရတ်နှင့် အာဖဂန် တွင် အမေရိကန်နှင့် နေတိုးမဟာ မိတ်တပ်သားများ ကျဆုံးမှုမရှိပါက စစ်ပွဲ အမြန်အဆုံးသတ်ရေးဆိုသည့် အသံများ ထွက်လာပါမည်လားဟု မေးချင်စရာ ဖြစ်နေသည်။ သေချာသည့်အချက်မှာ စက်ရုပ် စစ်သည်များသည် လူသားတို့အား ပိုမိုစစ်သွေးဆာစေလိမ့်မည်ဖြစ်သည်။ မျက်နှာချင်းဆိုင်ရပ်နေသော လူသား တစ်ဦးကို စေ့စေ့ကြည့်ရင်း သေနတ် မောင်းဖြုတ်ရန်ဆိုသည်မှာ အတော် မလွယ်သောကိစ္စဖြစ်သည်။ မိမိပစ် ခတ်ရမည့်သူသည် ကမ္ဘာ့တစ်နေရာ တွင်ရှိနေကာ မိမိက အခြားတစ်နေရာ တွင်ထိုင်နေကာ မောင်းခလုတ် ဖြုတ်ရ မည်ဆိုလျှင် လွယ်လွယ်ကူကူပင် မောင်းဖြုတ်မည်ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝပင် ဖြစ်သည်။ ဗီဒီယို ဂိမ်းကစားနေရသကဲ့သို့ လွယ်လွယ် ကူကူ မောင်းဖြုတ်လိုက်မည် ဖြစ် သည်။ 
           မိမိဘက်မှ အကျအဆုံး နည်းပါးစွာ တိုက်ခိုက်နိုင်မည်ဆိုလျှင် စစ်ပွဲ တာရှည်မည့် အခြေအနေကို ဖန်တီး ပေးလိမ့်မည်။ စက်ရုပ်များဖြင့် တိုက် ခိုက်ခြင်းကြောင့် စစ်ပွဲသည် တစ်ဖက် သတ်ဖြစ်နိုင်သော်လည်း အတိုက်ခံရ သူများ၏ မခံချင်စိတ်ကို ဆွပေးလိမ့် မည်ဟု စိတ်ပညာရှင်များက ဆိုသည်။ ၂ဝဝ၆ ခုနှစ်က လက်ဘနွန်တွင် အစ္စရေးတို့က မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့ရသည်။ ယင်းအတွက်ကြောင့် ပင် ဟဇ္ဇဘိုလာအား ထောက်ခံသူတိုး တက်များပြား လာရသည်ဟု လက်ဘ နွန် သတင်းစာအယ်ဒီတာ ရာမီကူရီ က ဆိုသည်။  
           အနုမြူဗုံးကို စတင်ရာတွင်ပါဝင် ခဲ့သည့် အိုင်းစတိုင်း၊ ရောဘတ်အိုပင် ဟိုင်းမား ၊ အင်ဒရီ ဆာခါရော့ဗ်တို့ ကနောက်ပိုင်းတွင် အနုမြူဗုံးကို ပိတ် ပင်ကြရန် မေတ္တာရပ်ခံကြသည်။ စက် ရုပ်အတတ်ပညာတွင် ပါရဂူတစ်ဦး ဖြစ်သည့် အီလာနိုဘက်ရှ် -Illah Nourbakhsh က စက်ရုပ်စစ်သည် များကို ပိတ်ပင်ပေးရန် တောင်းဆိုနေ ပြီဖြစ်သည်။
            စစ်သုံးလေဆာလက်နက်ကို မသုံးရန် နိုင်ငံအများက သဘောတူခဲ့ ကြသည်။ ထိုလေဆာလက်နက်သည် အဆိပ်ငွေ့ဖြင့် မျက်လုံးကန်းစေသည်။ ရက်စက်ရာကျလွန်းသည့်အတွက် လက်နက်ကို တီထွင်တွေ့ရှိသည်နှင့် ပိတ်ပင်ရန် အားလုံးက သဘောတူခဲ့ ကြသည်။     
        စက်ရုပ်နည်းပညာတွင် အမေ ရိကသည် ထိပ်ဆုံးမှပြေးနေသည်။ သို့သော် နည်းပညာတွင် ထိပ်ဆုံးမှ ရှိနေသူသည် အမြဲတမ်း ထိပ်ဆုံးတွင် ရှိနေမည်ဟု မဆိုသာ။ အထူးသဖြင့် စစ်ရေးအတတ်ပညာတွင် ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်လေ့ရှိသည်။ တရုတ်နှင့် တူရကီတို့သည် ယမ်းကို စစ်ပွဲတွင် စတင်အသုံးပြု ခဲ့ကြသော် လည်း အနောက်နိုင်ငံများက အမြောက်တွင် ယမ်းကိုထည့်သွင်း အသုံးပြုကာ တရုတ်နှင့်တူရကီတို့ ကို နောက်ချန်ထားနိုင်ခဲ့သည်။ ဗြိတိန် နှင့် ပြင်သစ်တို့သည် တင့်ကားကို စတင်အသုံးပြုခဲ့ကြသော်လည်း ဂျာမန် ပန်ဇာတင့်ကားတပ်ကို အရှုံးပေးခဲ့ရ သည်။ လေယာဉ်တင်သင်္ဘောကို ဗြိတိသျှတို့ စတင်တည်ဆောက် အသုံးပြုခဲ့သည်။ အမေရိကန်က ပိုမို ကောင်းမွန်သော လေယာဉ်တင် သင်္ဘောများတည်ဆောက် အသုံးပြုနိုင် ခဲ့သည်။ နည်းပညာ အတက်အကျ ဆိုသည်မှာ ယင်းသို့ပင်ဖြစ်သည်။  
   အေးထွန်းမင်း   Ref: Terminator Scenario  

No comments:

Post a Comment