Wednesday, January 17, 2018

"ကလေးဝါသနာ..သေချာရဲ့လား..?"

ကလေးတွေရဲ့ဝါသနာနဲ့ပတ်သက်ပြီး ကိုယ့်အတွေ့အကြုံ ကလေးပြုစုပျိုးထောင်ခြင်းဗဟုသုတတွေကိုဝေမျှချင်တယ်..။

မိဘတွေက တတ်နိုင်ရင်တတ်နိုင်သလိုကိုယ့်သားသမီးကို英才教育Special Educationနည်းနဲ့ပြုစုပျိုးထောင်ကြရာမှာ ကျောင်းပညာရေးအပြင်အခြား အားကစား၊အနုပညာ၊ဂီတစတာတွေကိုသင်ယူစေကြတယ်..။
ဂျပန်မှာမွေးတဲ့ကိုယ့်သားလည်း သင်တန်းတွေတက်ဖူးသပေါ့..။
ရေကူးသင်တန်း၊ပီယာနိုသင်တန်း၊အင်္ဂလိပ်စကားပြောသင်တန်းစသည်..။
ဒီနေရာမှာတစ်ခုသတိထားရမှာကသားသမီးကဘာကိုဝါသနာပါသလဲဆိုတာပါပဲ..။သင်တန်းတက်ခိုင်းရတယ်ဆိုတာလွယ်ပါတယ်..။အချိန်တန်ပို့ပေး သင်တန်းကြေးပေးရုံလေး..။


သားငယ်ငယ်တုန်းကမူကြိုကျောင်းသားဘဝမှာအားကစားကိုဝါသနာပါလေမလားသိချင်တာရယ်..အိမ်ထဲမှာချည်းပဲတစ်ချိန်လုံးကုပ်မနေအောင်ရယ်..အကြံအစည်နဲ့ပိတ်ရက်တနင်္ဂနွေတွေမှာမိသားစုmini-picnicလုပ်ကြတယ်..။
ရာသီဥတုသာယာရင်ပန်းခြံကြီးထဲကမြက်ခင်းပေါ် အပင်တွေအောက်မှာအခင်းတွေခင်းကျင်းပြီး စားစရာတွေပြင်ဆင်စားသောက်အနားယူကစားကြတယ်..။
ပန်းခြံထဲမှာတခြားမူကြို မူလတန်းကလေးတွေက ဟိုချောင်းထဲဆင်းဖားဖမ်းငါးဖမ်း ဒီအပင်ဖက်တက်အကောင်လိုက်ဖမ်းနဲ့ချွေးတရွှဲရွှဲအချိန်မှာ အိမ်ကကျေးဇူးရှင်ကစာအုပ်တစ်အုပ်နဲ့မှောက်လျက်ကလေးအေးဆေး..။
သွားကစားချေပါလားသားရယ်..ပေကျံလာရင်အဝတ်လဲပေးမယ်..အပိုယူလာပါတယ်ဆိုတာတောင် မြောင်းထဲဆင်းရွှံ့ပေနေတာထက်စာအုပ်ကပိုကောင်းတယ်ဆိုပဲ..။ မိဘကလည်းစာတစ်အုပ်စီနဲ့ဆိုတော့ ဗီဇကအဲဒီမှာစကားပြောတာပဲ..။ မတတ်နိုင်သည်လေ..။
badmintonလည်းကစားကြပါရဲ့..။
baseball catch ballလည်းကစားကြပါရဲ့..။
တစ်အောင့်လောက်ကြာရင်..အခင်းပေါ်ပြန်ထိုင် စာပြန်ဖတ်..။ သိမ်းဆည်းပြန်ကြလေသတည်းပေါ့လေ..။နာရီဝက်လောက်ခရီးကိုစက်ဘီးနဲ့သွားကြတာဆိုတော့ အသွားအပြန်တစ်နာရီ စက်ဘီးစီးလေ့ကျင့်ခန်တ့အထမြောက်သားလို့တွက်ရတော့တယ်..။ အဲဒါကြောင့်လည်းအခု လူကြီးတွေနဲ့အပြိုင်highwayပေါ်က်ပြီး road bikeနဲ့အဝေးကြီးစီးနိုင်နေတာ မညည်းညူတာဖြစ်မယ်..။

ရေကူးသင်တန်းဆိုလည်း မူလတန်းဒုတိယတန်းအရွယ်လောက်ကတည်းက အိမ်ကနေစက်ဘီးနဲ့(၁၅)မိနစ်ခရီးကိုပို့ပေးခဲ့ပြီးစနစ်တကျသင်ယူစေခဲ့တယ်..။ဦးလေးလုပ်သူက မြို့နယ်ရေကူးကန်မှာရေသွားကူးတိုင်းခေါ်သွားသင်ခိုင်းရင်ရပေမယ့် ဂျပန်မှာစနစ်တကျတတ်ဖို့ဆိုတာ သင်တန်းကအကောင်းဆုံးပါပဲ..။ဆရာမတွေဆရာတွေက ရေကူးသင်တန်းလက်မှတ်ရပြီးသား တိုင်းပွဲနိုင်ငံတော်ပွဲတက်ဖူးတဲ့ပရိုတွေ..။ရေငုပ်ပြီး ဘောလုံးငုပ်ရှာရတဲ့အဆင့်ကနေ လက်ပစ်ကူး၊ပက်လက်ကူး၊ဖားကူး၊လိပ်ပြာကူး အကုန်ကူးတတ်ပြီးအဲဒီရေကူးသင်တန်းကျောင်းကအောင်တော့အိမ်နားကgymမှာအသင်းဝင်စေခဲ့တယ်..။level testအစစ်ခံရတော့ မူလတန်းငါးတန်းကျောင်းသားကbeginners capအဆင့်ကိုကျော်တက်ပြီး silicon swimming capတန်းဆောင်းရတဲ့ လူကြီးတန်းဘက်တက်နိုင်ခဲ့တယ်..။
အားကစားကိုဝါသနာမပါဘူးထင်ခဲ့တာ သူဝါသနာပါတဲ့ရေကူးကျတော့ မိုးရွာနေပူမရှောင်ကြိုးစားတက်ခဲ့တဲ့ရလဒ်ပါပဲ..။

တခြားအားကစားများစိတ်ဝင်စားလေမလားလို့ အိမ်နားကကားလမ်းကူးရင်တောင်ရောက်တဲ့ဂျူဒိုကျောင်းကိုလက်ညှိုးထိုးပြလည်း ခေါင်းခါတယ်..။မြို့နယ်ကဖွင့်တဲ့ကင်ဒိုသင်တန်း၊ကရာတေးသင်တန်း လှည့်တောင်မကြည့်ဘူး..။အိုကေလေ..အတင်းမတက်ခိုင်းဘူး..။
တချို့မိဘတွေလို ကျမတို့သားသမီးက ဘယ်မှာဘာတက်နေတာလေဆိုတာကိုဂုဏ်လုပ်ချင်စိတ်တစ်ခုတည်းနဲ့ ကလေးတွေရဲ့ဝါသနာကိုဘေးချိတ်ပြီး မဟားတရားသင်တန်းတက်ခိုင်းတာမျိုးတော့အားမပေးဘူး..။
ဝါသနာမပါတာကိုအတင်းတွန်းသင်ခြင်းဟာ ဘယ်တော့မှ အကျိုးမသက်ရောက်ဘူး..။

ပီယာနိုသင်တန်းကျတော့ private lesson..
ဆရာမကကိုယ့်မိတ်ဆွေ လက်မှတ်ရဂျပန်မ..။အိမ်မှာသင်တာ..။သင်တန်းကြေးလည်းဈေးကြီးတယ်..။
သွားတက်ပါတယ်..အပတ်စဉ်..။ ဆရာမကလည်းချီးကျူးပါရဲ့..။ဒါပေမယ့်သင်သလောက်ပဲသူတီးချင်တယ်..။တခြားရက်တွေမှာနုတ်စ်ကြည့်ပြီး ပီယာနိုလေ့ကျင့်နေတာများတစ်ခါတလေရယ်..။တိုက်တွန်းလည်းခဏတော့လုပ်တယ်..။ပြီးရင် ကွန်ပြူတာရှေ့ပြန်ထိုင်တဲ့ကလေး..။

ကွန်ပြူတာရှေ့ထိုင်ချင်ပြီပေါ့..။
သူ(၆)လသားမှာကတည်းက အမေလုပ်သူကကလေးပေါင်ပေါ်တင်ပြီး ကွန်ပြူတာစာပေးစာယူတက်နေခဲ့သကိုး..။စာအုပ်တစ်ဘက် ဝယ်ခါစကွန်ပြူတာတစ်ဘက် ကလေးတစ်ဘက်နဲ့...။ကွန်ပြူတာကျောင်းတက်နေသူဦးလေးက ကွန်ပြူတာရှေ့ခေါင်းစိုက်နေရင် သူကပါဖက်တက်ပြီးကီးဘုတ်ဝင်လုတာအသက်ကလေး(၂)နှစ်..။
ကဲ ဒီလောက်တောင်ဖြစ်လှတာဆိုပြီး (၅)နှစ်သားမှာ ကီးဘုတ်လက်ကွက်ဇယားကိုပြပေးလိုက်တာ လက်သေးသေးလေးနဲ့ရအောင်နှိပ်ခဲ့သောကလေး...။
အခု အထက်တန်းကျောင်းသားဖြစ်လာတော့ အတောင်တွေကထွက်လာလိုက်တာ ကျောင်းမှာ သူ့လောက်typingမြန်သူမရှိလို့ ဆရာကလက်မြှောက်..သူငယ်ချင်းတွေကနောက်...။
"ဟေ့ကောင်..မင်းစာရိုက်နေတာကြည့်ရတာ မူးလို့ဆေးခန်းသွားနေရတယ်.."
ကိုယ်ထုတ်ဖို့လုပ်နေတဲ့စာအုပ်တွေထဲကဂျပန်စာတွေဟာ သူရိုက်ပေးတာ..။ကိုယ့်ထက်မြန်လွန်းလို့ မြှောက်ခိုင်းတော့ စာရိုက်ပေးရှာတယ်..။
ဝါသနာပါရင်တိုးတက်တယ်ဆိုတာကိုပြောပြချင်တာပါ..။

ကလေးကလည်းစိတ်ဝင်စားမယ်..။
သင်ယူစေပုံလည်းမှန်ကန်မယ်..။
မိဘကလည်းရှေ့ကလုပ်ပြနမူနာယူစေမယ်..။
တတ်သလောက်ကိုချီးမွမ်းပေးမယ်ဆိုရင်...
ဝါသနာအဆင့်ကနေ ပညာသည်အဆင့်ကိုတက်လှမ်းနိုင်မယ်..။

သင်ပုံသင်နည်းစနစ်မကျ..ကလေးကဝါသနာမပါတဲ့special educationတွေကတော့..ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို စောင်းကြိုးကုန်တာပဲအဖတ်တင်မယ်လို့အကြံပေးချင်တာပါ..။

ဂျပန်မှာမွေးတဲ့(၁၆)နှစ်သားတစ်ယောက်အမေရဲ့အကြံပြုချက်ပါ...။

၂၀၁၇ ဇန်နဝါရီလ(၁၈)ရက်နေ့

*ယုမိကို*

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...