Wednesday, May 24, 2017

ရွှေကို ရေလိုသုံးတဲ့ နိုင်ငံသို့ လမ်းကြုံဝင်လည်ခဲ့စဉ်

My Khayee

အခု ရေးမှာကတော့ အားလုံး ကြားဖူးကြတဲ့ သဲကန္တာရကို မြို့တည်၊ ကျားသစ်ကို အိမ်မွေးတိရစ္ဆာန်လိုမွေး၊ ခြောက်ပေါက်ကားကြီး စီး၊ ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့မြို့ပတ်၊ ရွှေကို ကော်ဖီထဲ ထည့်သောက်တတ်တဲ့ အာရပ်လူမျိုးတွေနေတဲ့ UAE က ဒူဘိုင်း ဆိုတဲ့ မြို့တော်ကြီး အကြောင်းပါ။ ဒီနိုင်ငံလို့ပြောလိုက်တာနဲ့ လူတွေရဲ့အမြင်က မူဆလင် နိုင်ငံမို့ လုံခြုံမှု မရှိဘူးလို့ထင်တာကအရင်ပါဘဲ။ တကယ်တော့ လုံခြုံမှု အရှိဆုံးနိုင်ငံဖြစ်ပြီး မိန်းကလေးများကို ဦးစားပေး ကာကွယ်ထားတဲ့ ဥပဒေတွေရှိလို့ စိတ်ချရပါတယ်။
မိန်းကလေးတစ်ယောက် အလိုမတူရင် ဘေးမှာတောင် အတူထိုင်ခွင့်မရှိတဲ့နေရာပါ။ တက္ကစီတွေမှာလဲ CCTV တွေပါရှိပြီး ဘယ်အချိန်ငှားငှား လုံခြုံစိတ်ချရတာမို့ တစ်ယောက်တည်းလာလဲ ပြဿနာမရှိတဲ့ နိုင်ငံဆိုတာ အရင်ဆုံးပြောပါရစေ။
.
ဥရောပသွားတော့ Emirates လေယာဉ်စီးတာမို့လို့ လမ်းကြုံတုန်းလေး ဒူဘိုင်းကို ငါးရက်လောက် ဝင်လည်ခဲ့ပါတယ်။ ဗီဇာတော့ လျှောက်ရတာပေါ့နော်။
ဒူဘိုင်း အကြောင်း မရေးခင် လူတော်တော်များများ မှားနေတဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ ချီလီသူငယ်ချင်းအချို့ထဲက တစ်ချို့တောင် မှားတာဆိုတော့ အခြားလူတွေလဲ မှားမယ် ထင်လို့ပါ။ ဘာတွေမှားလဲဆိုတော့ ဒူဘိုင်းဆို တာ နိုင်ငံလို့ထင်တဲ့လူရယ်။ ကာတာနဲ့ ဒူဘိုင်း မှားတဲ့လူရယ်နဲ့။ UAE ရဲ့ မြို့ကို ဒူဘိုင်းလို့ ထင်တဲ့လူတွေ ရှိတာမို့ ဒူဘိုင်း အကြောင်းကို အနည်းငယ် ရှင်းပါရစေ။
.
UAE ဆိုတာကတော့ 7 Emirates ကို ပေါင်းထားတဲ့ ပြည်နယ်စုကိုခေါ်တာပါ။ တောင်ဘက်မှာ Saudi Arabia ၊ မြောက်ဘက်မှာ Iran၊ အရှေ့ဘက်မှာ Oman နဲ့ အနောက်ဘက်မှာတေ့ Qutar နိုင်ငံတို့ တည်ရှိပါတယ်။ ဒူဘိုင်းဆိုတာကတော့ Emirates ခုနှစ်ခုထဲက တစ်ခုဖြစ်ပြီး လွယ်လွယ်ပြောရရင် စီးပွားရေးမြို့တော်ပေါ့နော်။ နိုင်ငံတကာ လေဆိပ်ကြီး ဆိုက်ရောက်ရာမြို့တော်ဖြစ်ပြီး အခြားပြည်နယ်တွေထက် စီးပွားရေး အချက်အချာကျတဲ့မြို့ပါ။ ဒါဆိုတကယ့် မြို့တော်က ဘာလဲဆိုရင် Abu Dhabai (အဘူဒါဘီ) ပါ။ ဟုတ်ပါတယ်။ မြို့တော် အစစ်က အဘူဒါဘီပါ။ ချီလီက နေရာနှစ်ခုလုံးကို ရောက်ခဲ့ပါတယ်။ လောလောဆယ် ဒူဘိုင်းအကြောင်း အရင်ရေးလိုက်မယ်နော်။ နိုင်ငံတစ်နိုင်ငံကို ဒီအတိုင်းလည်တာထက် သူဆီက ယဉ်ကျေးမှု၊ အချက်အလက်လေးတွေ ကိုသိမှ ပိုအဓိပ္ဗာယ် ရှိမယ် ထင်ပါတယ်။ ဒါကြောင့်သိတာလေးတွေ ပြောပြလိုက်ပါတယ်။ ဒီကိုလာလည်မယ်ဆိုရင် သူတို့ရဲ့ ဥပုသ်လကို ရှောင်တာ ပိုကောင်းတယ်။ ဥပုသ်လက ဒီနှစ်တော့ ဂျွန်လမှာ ထင်တယ်။ ဥပုသ်လဆိုရင် ဆိုင်တွေပိတ်တတ်တာရယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်ရတဲ့ စည်းကမ်းတွေ ရှိတတ်ပါတယ်။ အကောင်းဆုံး သွားလည်သင့်တဲ့အချိန်က အောက်တိုဘာကနေ အေပရယ်လထိ ပါတဲ့။ ချီလီက အေပရယ်လကုန်ရောက်သွားတော့ နည်းနည်းလေးတော့ပူတယ်။
.
ဒူဘိုင်းကို အချို့က ကောင်လေးတွေ ကောင်မလေးတွေချောတယ်လို့ ပြောကြပေမဲ့ ကိုယ်ကတော့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးမကြိုက်သူမို့ မြင်မြင်သမျှ အမွှေးတွေပဲ မြင်ရတဲ့ ဒီမှာ လည်တာကလွဲရင် လူတွေတော့ လှတယ်မထင်မိဘူး။ သူတို့လူမျိုးတွေကတော့ ဒီနိုင်ငံမှာ အနည်းဆုံးလို့တောင်ပြောရမယ်။ ကမ္ဘာအရပ်ရပ်ကနေ လာပြီး အလုပ်လုပ်တဲ့သူအများဆုံးနိုင်ငံဆိုရင် ဒီနိုင်ငံကိုပြောရမှာပဲ။ အရင်တုန်းက တံငါရွာလေးအဆင့်ကနေ အခုလို တိုးတက်တဲ့ နိုင်ငံဖြစ်လာတာကို ကြည့်ပြီးအားကျတာတော့အမှန်ပဲ။ သစ်ပင်တစ်ပင်မှ မရှိတဲ့ ကန္တာရကို မရရအောင် သစ်ပင်စိုက် အခုဆို ရာသီဥတုတောင် ပြောင်းလဲလို့ မိုးရွာပြီး အချို့နေရာဆို နှင်းတောင် ကျတယ်ဆိုတော့ သူတို့ရဲ့ ဇွဲကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်တာ အမှန်ပါဘဲ။ မကြာခင် ရေခဲတောင်ကြီးကိုတောင် သယ်ပြီးရေသန့်ထုတ်မလို့ ကြံစည်နေတယ်ဆိုတာတောင် သူတို့ သတင်းမှာဖတ်ခဲ့ရသေးတယ်။
.
ကဲ ဒူဘိုင်းရောက်ရင် ဘယ်တွေ သွားကြမလဲ ? သွားစရာတွေ တော့ အများကြီးပါ။ ကိုယ်ရောက်ခဲ့တဲ့နေရာလေးတွေပဲ ပြောပြလိုက်မယ်နော်။
.
Burji Khalifa (At the top) - ဒူဘိုင်းဆိုတာနဲ့ ချီလီကတော့ ဘာကိုပြေးမြင်လဲဆိုရင် ကမ္ဘာ့အမြင့်ဆုံး Tallest Tower ဖြစ်တဲ့ Burj Khalifa ပါဘဲ။ အထပ်ပေါင်း ၁၆၄ ထပ် ရှိတဲ့ ဒီကမ္ဘာ့အမြင်ဆုံး တာဝါကြီးကို ခရီးသွားအများစု လာကြည့်ကြတာပါ။ ချီလီက ဒီဟာရယ် Dubai Aquarium & Underwater Zoo ပါတဲ့ လက်မှတ်ကို ဝယ်လိုက်တာပါ။ ပုံမှန်ဆို Dhs (125 ကနေ 400) (ဒေါ်လာနဲ့ဆိုရင် ၄၀ ကနေ ၁၀၀) အတွင်း ပေးရတတ်ပါတယ်။ ချီလီကတော့ ခရီးသွားရာသီမဟုတ်တာရယ် Website က ဝယ်တာမို့အတော်သက်သာပါတယ်။ လူလဲသိပ်မများဘဲ အရမ်းကြီး တန်းမစီရဘူး။ သူက Dubai Mall ကနေပဲ သွားရတာပါ။ အထပ်ပေါင်း ၁၆၀ ကို တက်ရတဲ့ ဓာတ်လှေကားက တစ်မိနစ် လောက်ပဲကြာပါတယ်။ အရမ်းကို ငြိမ်လွန်းလို့ တက်လို့တက်မှန်းတောင် မသိလိုက်ဘူး။ အပေါ်ကနေ ဒူဘိုင်းမြို့ကို စီးမြင်ရပါတယ်။ နောက် အမှတ်တရအရောင်းဆိုင်ကိုလဲ ဝင်ကြည့်လို့ရတယ်။ မဝယ်နဲ့နော်။ ဈေးတွေက ကြောက်စရာကောင်းအောင်များတယ်။
.
Dubai Aquarium & Underwater Zoo - ဒါကတော့ အရမ်းကြီး အကြီးကြီးတော့မဟုတ်ပါဘူး။ Zoo မှာတော့ ငါးအမျိုးမျိုး၊ ဖားနဲ့၊ အခြား ရေသတ္တဝါတွေ ပြထားပါတယ်။ ဒီမှာ Shark နဲ့ အတူ ရေကူးချင်သူတွေ လှောင်ချိုင့်ထဲဝင်ကူးလို့ရတဲ့ Activity ရှိတယ်။ ဈေးကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ပါ။
.
လင်းပိုင်ချစ်သူတွေ အတွက် Dolphins Seal Show – ဒါတော့ ချီလီမသွားခဲ့ရဘူး။ တကယ်လို့ လမ်းကြုံရင်သွားခဲ့နော်။
.
Dubai Mall - သူကတော့ ကမ္ဘာ့အကြီးဆုံး Shopping Mall ကြီးမို့ Shopping ကြိုက်သူတွေ စိတ်ကြိုက်မွှေနှောက်နိုင်တဲ့ ကမ္ဘာ့ ဘရန်းမျိုးစုံစုဝေးရာ နေရာကြီးပါ။ ကိုယ်တော့ မဝယ်ခဲ့ဘူး။ ဒါပေမဲ့ ဘရန်းကြိုက်သူတွေကတော့ ဒီမှာက ဒီဇိုင်းအသစ်တွေရှိပြီး ပိုစုံတယ်။ ဟောင်းရင်တောင် မတင်တော့ဘူးလိုပြောတယ်။ အော် ဒါကြောင့် ဒူဘိုင်းကို shopping paradise ကြီးလို့ တင်စားကြတာကို။
.
Desert Safari - ဒါကတော့ မသွားမဖြစ်သွားဖို့ ပြောချင်ပါတယ်။ ဒီကို သွားမယ်ဆိုရင် Groupon ဆိုတဲ့ Website ကနေ ဝယ်ရင်သက်သာတယ်ပြောတယ်။ ကိုယ်တုန်းက သူငယ်ချင်းတွေကပဲအကုန်ဝယ်ပေး တော့ ဒူဘိုင်းမှာ ဘာမှကို မဝယ်တတ်လိုက်ဘူး။ ကိုယ်တွေဝယ်တုန်းက ဒေါ်လာ ၂၀ ကျော်လောက်ပဲ ကျတယ်။ တန်တာတော့ အတော်တန်တယ်။ ပုံမှန်ဆို ဈေးကြီးတယ်။ သူများတွေတောင် အဲလောက်နဲ့ရလို့ အံ့သြကြတယ်။ ကိုယ်တွေဝယ်လိုက်တဲ့ တိုးက သူတို့ပြောတဲ့ စုရပ်တွေကို ညနေ သုံးနာရီလောက် လာခေါ်တယ်။ အဲကနေ သဲကန္တာရကို ရောက်တော့ 4 Wheel ကားတွေပေါ်ပြောင်းတက်ပြီး သဲကန္တာရထဲမှာ စတန့်ထွင်ပြီးကားကို မူးနေအောင် မောင်းပြပါတယ်။ ပြီးရင်တော့ ကိုယ်တွေ ဒင်နာမစားခင် အဝင်ဝမှာ ကုလားအုတ်တွေစီးရိုက်တာ၊ သိမ်းငှက်နဲ့ ရိုက်တာတွေလဲ လုပ်လို့ရသေးတယ်။ ဒင်နာမစခင် Henna tattoo လေးလဲ အလကားထိုးလို့ရသေး။ ခဏနေ လူတွေ စုံလာတော့ အကနဲ့စပါတယ်။ အဲမှာ အရင်ဆုံး မီးနဲ့ ကစားပြတာစတယ်။ ခဏနေတော့ သူတို့ရိုးရာ အကလာပါတယ်။ ယောင်္ကျားလေးတွေပဲ ကကြတာများတယ်လို့ပြောတယ်။ အကက တစ်ကိုယ်လုံးမွှေ့ပြီး ကသွားတာ။ ကတဲ့လူက ဂါဝန်ကားကားကြီးဝတ်ပြီး မိနစ် သုံးဆယ်လောက်အဆက်မပြတ်လှည့်ပြီး ကပြဖျော်ဖြေရ တာပါ။ သူကြည့်ပြီး ကိုယ်သာဆို မူးမေ့လဲသွားလောက်တယ်။ ဒါပေမဲ့ အရမ်းကို လှတာပဲ။ မိနစ်သုံးဆယ် လုံးလုံး မျက်တောင်တောင် မခတ်ချင်လောက်အောင် စွဲဆောင်တယ်။ ခဏနေတော့ ယောက်ျားလေးတွေ အကြိုက် Belly Dance လာပါပြီ။ အရမ်းကိုလှတဲ့ လှပျိုဖြူလေးက ကပြတာဆိုတော့ ရှယ်ကို လှတာပါ။ ဒါကြောင့် ဒူဘိုင်းရောက်ရင် ဒီကို လာဖြစ်အောင် လာဖို့ ပြောပါရစေ။
.
Night Life - ဒူဘိုင်းက မူဆလင်နိုင်ငံမို့လို့ အရက်သောက်တာတွေကို သူတို့ လူမျိုးတွေလုပ်လို့မရသလို အိမ်မှာ သောက်ခွင့်မရှိပါဘူး။ သောက်မယ်ဆိုရင်ဘားမှာ သောက်ခွင့်ရှိပြီး အိမ်မှာသောက်ဖို့လိုင်စင်ရှိသူဆိုရင် ရတယ်လို့ ပြောပါတယ်။ ဆော်ဒီက လူတစ်ချို့တောင် သောကြာနေ့ ဒီကိုလာပြီး အကောင်းဆုံးဘားကို သွား အရက်လာသောက်ပြီး အချိန်လာဖြုန်းကြတယ်လို့ ပြောပါတယ်။ ဒီမှာဆိုရင်တော့ ကြာသပတေးနေ့ဆိုရင် မိန်းကလေးတွေအတွက် ဖရီးမို့ ကလပ်တွေက စည်ကားနေတတ်တယ်။ ဒီရောက်ရင် ညဘက်သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ရှီရှားလေး သောက်ကြည့်တာ တော့လုပ်သင့်တယ်။
.
Creek Side Bur Dubai - ဒူဘိုင်းမြို့ဟိုဘက်ဒီဘက်ကို ခြားထားတဲ့ ချောင်းလေးလို့ ပြောရမလား။ အဲမှာ ဟိုဘက်ဒီဘက်ကူးတဲ့ လှေတွေကို စီးခဲ့ပြီး ဒေသခံတစ်ယောက်လို ဒူဘိုင်းအရသာခံစားလိုက်ဦး။ တစ်ယောက် ကို ၂ ကျပ်ပဲ ကျပါတယ်။ အဲနားပတ်ဝန်းကျင်က ဆိုင်လေးတွေမှာ သူတို့ဒေသစာစား၊ အာရပ် ကော်ဖီလေးသောက်ပြီး လေညှင်းခံဖို့လဲ မမေ့နဲ့နော်။ စားပြီးရင် အဲနားက ညဈေးမှာ အိမ်အပြန် လက်ဆောင် အဖြစ် သဲတွေနဲ့ဆွဲထားတဲ့ ပုလင်းထဲက သဲပန်းချီလေးကို ကိုယ့်နာမည်လေးနဲ့ အမှတ်တရရေးပြီး ဝယ်ခဲ့ဦးနော်။ အဲမှာ အာရပ်လူမျိုးတွေ ဆောင်းတဲ့ ခေါင်းပေါင်းတွေလဲ ရောင်းတယ်။ အခြားနေရာတွေထက် သက်သာတာမို့ ဒီမှာ ဈေးဝယ်ဖို့ အကြံပေးချင်ပါတယ်။
.
သွားရေးလာရေး - Metro ကို အဓိက ထားတယ်။ တက္ကစီတွေလဲရှိတယ်။ ညနက်ရင် နည်းနည်းရှာရခက်တယ်။ အချို့နေရာတွေဆို ငှားရတာ အဆင်မပြေတတ်ဘူး။ ဒီမှာ Grab, Uber တို့သိပ်မသုံးကြဘူး။ ကားငှားရင်တော့ သ
.
အသုံစရိတ် - ဟိုတယ်တွေကတော့ Singapore လောက်တော့ရှိတယ် တစ်ရက် ဒေါ်လာ ၅၀ ဝန်းကျင်တည်းခဲ့တာပါ။ အစစအရာရာက စင်္ကာပူနီးပါးလောက် ကုန်ကျမှု ရှိတယ်။ လေယာဉ်ခက ဈေးကျချိန်ဆို ၅၀၀ ဒေါ်လာ လောက်ရှိတယ် ပြောတယ်။ လေယာဉ်ခမပါရင်တော့ Tourist Place တွေလျှောက်လည်ရင် တစ်ရက်ကို ၁၅၀ ဒေါ်လာလောက် ကျမယ်လို့ ထင်တယ်။
.
မဖြစ်မနေ စားဖို့ - သူဆီက စွန်ပလွန်သီးယိုနဲ့ အာရပ်ကော်ဖီကို တွဲသောက်ကြတယ်တဲ့။ အာရပ်စတိုင် အာရပ်ကော်ဖီကို သူတို့လို ကော်ဖီလေး သောက် စွန်ပလွန်သီးလေး ကိုက်လိုက် လုပ်ခဲ့ဦးနော်။ နောက်တစ်ပို့စ်ကြမှ အဘူဒါဘီကို ရေးပေးပါတော့မယ်။
.
#dubai
#travelwithchilli
#mykhayee

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...