Sunday, May 28, 2017

"ပိုးဖလံကလေးများ"

Image may contain: 1 person, sitting and indoor

 နိုင်ငံရဲ့အနာဂတ်ကို မှန်းဆကြည့်မြင်တဲ့အခါမှာ ကိုယ်တို့ဘိုးဘွားများကတော့ ကောင်းကင်ပေါ်က နေလနက္ခတ်တာရာ ဂြိုလ်စီးဂြိုလ်နင်းများနဲ့ တွက်ချက်ဆင်ခြင်လေ့ရှိကြပါတယ်။ ဥပမာ “သောကြာကြယ်ကြီး လနှင့်နီး ပြည်ကြီးပျက်လတ္တံ့” တို့ “လကိုကြယ်ဖောက် ဂျပန်ရောက်၊ ရောက်သည့်ဂျပန် သုံးနှစ်ခံ” တို့၊ ဘာတို့ပေါ့။ ဒါတွေက လက်တွေ့တော့မကျပေမယ့် သူ့ခေတ်သူ့အခါနဲ့ ယုံတမ်းစကားတွေ ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ အတိတ်တွေ တဘောင်တွေဆိုတာ မြန်မာရှင်ဘုရင်တွေခေတ်ကတည်းက သဘင်သည်ပါးစပ်၊ သူရူးပါးစပ်၊ ကလေးပါးစပ်ဖျားကနေ စနည်းနာ ခဲ့ကြရတာ မဟုတ်လား။
ကိုယ့်အဖို့ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကာလကို မှန်းဆထင်မြင် ကြည့်ချင်တယ်ဆိုရင် တခြားဘာကိုမှ ရှည်ရှည်ဝေးဝေး ဖွေရှာမှတ်သားနေစရာ မလိုပါဘူး။ အဲ့ဒီနိုင်ငံက ကလေးသူငယ်ကလေးတွေ ဘယ်လိုအခြေအနေမှာ ရှိသလဲ။ ဘယ်လိုပြုစုပျိုးထောင်ကြသလဲ။ အဲ့ဒါလေးပဲ တစေ့တစောင်း အကဲခတ်လိုက်ရင် အဲ့ဒီနိုင်ငံရဲ့အနာဂတ်ကို ဆဝါးမျှော်မြင် ကြည့်လို့ရပြီ ထင်ပါတယ်။

ဒါဖြင့်ရင် ကိုယ်တို့နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုအခြေအနေရှိလေမလဲ ခန့်မှန်းတွေးတော ကြည့်ဖို့ သတ္တိကလေး မွေးလိုက်ပါဦး။ ဘာတွေဖြစ်နေမယ် ထင်လို့လဲ။ အခုကိုယ်တို့ဆီက ကလေးတွေလေ။ အရွယ်ကလေးမှ ရောက်အောင်တောင် မစောင့်နိုင်ကြတော့ဘူး။ သက်ကြားအို သေခါနီးကြီးတွေက မုဒိန်းအကျင့်ခံရလို့ ဆယ့်သုံးနှစ်နဲ့ ကိုယ်ဝန်ဆောင်ထားရတယ်။ အမှိုက်ကောက်ရင်း ကော်ရှူတဲ့ကလေးတွေ ကြည့်ချင်သလား။ မီးပွိုင့်မှာ စံပယ်ကုံးကလေးတွေ ရောင်းနေတာကြည့်မလား။ ရထားလမ်းဘေး ကားလမ်းဘေးမှာ “ရေသန့်ဗူးခွံလေးတွေ ပစ်ချခဲ့ပေးပါ။” တစာစာ အော်နေတာ ကြည့်မလား။ အသက်ကင်းမဲ့တဲ့ အရောင်မှိန်မှိန် မျက်လုံးကလေးတွေနဲ့ လတ်တလော ဝမ်းစာကလွဲရင် ဘာကိုမှ ခေါင်းထဲမထည့်နိုင်တဲ့ဘဝရောက်နေတယ်။ ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဆိုတာ သိပ်ကို အထက်တန်းကျနေပါသေးတယ်လေ။ ဖာဖြစ်ဖို့ဆိုတာ ပိုက်ဆံလိုချင်လို့ ကိုယ့်ကိုယ်ကို ငှားစားရတာ။ အခုဟာက ကိုယ့်သူများက အနိုင်အထက် ရောင်းစားသွားလို့ ဖာတောင် မဖြစ်လိုက်ဘူး။ သူတောင်းစားတန်းဖြစ်သွားတာ။ သူတောင်းစားနိုင်ငံ။ သည်သူတောင်းစားကလေးတွေ ကြီးလာလို့ သူတောင်းစားကြီးပဲ ဖြစ်စရာရှိတယ်လေ။ ပိုက်ဆံသာ ပေး ခိုင်း။ ဗီနိုင်းကိုင်ရမလား။ လူသတ်ရမလား။ ကြိုက်တာပြော။ အောင်မယ်လေးလေး။ အရင်အစိုးရအဆက်ဆက်ကို အပုတ်ချချင်တာနဲ့ မတရားဇာတ်နာအောင် ဒရာမာတွေ ချိုးနေတယ် လို့ ထင်ကြမှာပဲ။ မချိုးပါဘူး။ မချိုးပါဘူး။ အဲသည် ကျက်သရေတုံး အယုတ်တမာ သေခါနီးကြီးတွေကို သေးနဲ့တောင် ကော့မပန်းဘူး။ ကိုယ်ပန်းပန်း မပန်းပန်း အချိန်တန် မသေပဲနေမယ့်သူ တစ်ယောက်မှ မပါ။ ဒါပေမယ့် ဒီကလေးတွေကို တစ်ခုခုမှ စီစဉ်မပေးရင် ကိုယ့်နိုင်ငံရဲ့အနာဂတ်ဟာ သုံးစားစရာ ရှိမှာ မဟုတ်ဘူး လို့ သတိပေးချင်တာပါ။ ငကန်းတွေသေရင် ငစွေတွေမပေါ်ဖို့ သူတို့ကလေးတွေကို အမြင်မတိမ်းမစောင်းအောင် ဂရုတစိုက်နဲ့ ဆုံးမပဲ့ပြင်မပေးလို့ရှိရင် ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ဟာ လှပစရာ မရှိဘူး လို့ သိစေချင်တာပါ။

သည်အကောင့်နှယ်။ သမုဒ္ဒရာတကြော အထုပ်တစ်ရာမျှောသလို မဟုတ်ထာ ပြောတတ်ရန်ကော့။ ဆယ်တန်းအောင်စာရင်းထွက်ပြီးတိုင်း ကြော်ငြာတဲ့ ဘရန်းကြက်ပေါင်းရည်သောက်ထားသူ မြန်မာပညာကျော်ကလေးတွေ မရေမတွက်နိုင် အရှိသားနဲ့ လမ်းဘေးက ကလေကချေတွေ သန်းခေါင်စာရင်းကောက်ပေသကိုး။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီးတွေ အလျှံပယ်ထွက်နေတဲ့ တိုင်းပြည်ကြီးမှာ သူ့မျက်စိထဲ သူတောင်းစားချည့် မြင်တယ်ဆိုရင် မျက်စဉ်းသာနာနာခပ်ပေးဖို့ ရှိတော့တယ်။ ကောင်းပါပြီ။ အဲသည် ဆရာဝန် ၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ဆိုတဲ့ တိုင်းပြည်ရဲ့ အထက်တန်းစား ပညာတတ် အေးလိကြီးတွေထဲကိုပဲ အကဲခတ်ရအောင်ပါ။ ကိုယ့်အဖိုးခေတ်၊ အဖေခေတ်၊ ကိုယ့်ခေတ် နဲ့ ကိုယ့်သားသမီးခေတ်၊ ဘယ်လိုတွေများ ထူးခြားလာပါလိမ့်။ လူငယ်လူရွယ်တွေကို ပြောတာလေ။ ဟိုခေတ်ကလူတွေ စမဖုံးလေးမှ မသုံးနိုင်ရန်ကော လို့တော့ မပြောနဲ့ပေါ့။ ဟိုခေတ်ကလူငယ်တွေ တိုင်းပြည်ကိုချစ်သလောက် အခုခေတ် လူငယ်တွေ တိုင်းပြည်အကြောင်း ခေါင်းထဲထည့်စဉ်းစားရဲ့လား။ မလိမ်ကြေး မညာကြေး။

ကိုယ့်အဖိုးလက်ထက်တုန်းက ပညာတတ် လူငယ်တွေဟာ တိုင်းပြည်အတွက် တိုင်းတပါးအုပ်စိုးသူတွေကို တစိုက်မတ်မတ် ဆန့်ကျင်တွန်းလှန်ခဲ့တယ်။ တည့်အောင်ပေါင်းရင် နေရာကောင်းရမယ်၊ ကြီးပွားချမ်းသာမယ်မှန်း သိသိနဲ့ ကိုယ့်တိုင်းပြည်အနာဂတ်ကို ကိုယ့်အနာဂတ်နဲ့လဲပြီး အနစ်နာခံခဲ့ကြတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာတွေသင်နေရင်း သခင်ပေါက်စ ထောင်ခြောက်လ ဘဝကိုရောက်သည့်တိုင်အောင်တောင် အထဲကနေ တက်ခေတ်လူငယ်တွေ အတုယူအားကျစေဖို့ နိုင်ငံရေး အမျိုးသားရေး နိုးကြားလာစေမယ့် စာကောင်းပေမွန်တွေ အဆက်မပြတ် ရေးသားထုတ်ဝေခဲ့တယ်။ စာမူခတို့ အကျိုးခံစားခွင့်တို့ဆိုတာ စိတ်ထဲမှာတောင် မရှိ။ ပုဂ္ဂလိကအောင်မြင်ကျော်ကြားဖို့အတွက်ဆို ဝေလာဝေး။ စာအုပ်ထုတ်ဝေတဲ့အခါ သူ့နံမယ်နဲ့ဆို အဖမ်းအဆီးတွေ တိုက်ပိတ်တာတွေ ဖြစ်မှာစိုးလို့ ဘယ်သူ့နံမယ်တပ်တပ် စာအုပ်ထွက်လာရင်ပြီးရော။ မြန်မာလူငယ်တွေ အသိဥာဏ်ပွင့်လင်းဖို့သာအဓိက လို့ ပြတ်ပြတ်သားသား စိတ်ထဲမှာထားပြီး ဟောတစ်အုပ် ဟောတစ်အုပ် ရေးသားထုတ်ဝေခဲ့တယ်။ လွတ်လပ်ရေးရတော့ ငါတို့လူမျိုးအစိုးရဖြစ်တဲ့အခါ နေရာတစ်နေရာ ရစေကောင်းရဲ့လို့လည်း မမျှော်မြင်။ သေသည်အထိ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ စာရေးရင်း အရိုးထုတ်သွားတဲ့သူတွေ ရှိပါတယ်။ အဲဒီအထဲကတစ်ယောက်ကတော့ သခင်ဘသောင်း တဲ့။ တို့ဗမာအစည်းအရုံးကို စဦးထူထောင်သူတွေထဲက တစ်ယောက်ပေါ့။ ကိုယ့်အဖိုးရဲ့ သူငယ်ချင်းဖြစ်ပြီး အဖိုးမရှိတော့ပေမယ့် ကိုယ်တို့အိမ်ကို ဝင်ထွက်သွားလာမပျက် ရှိခဲ့လို့ ကိုယ်ကိုယ်တိုင် ကောင်းကောင်းမြင်ဖူး၊ စကားပြောဖူး၊ မှတ်မှတ်ထင်ထင် ရှိခဲ့ဖူးသူပါ။ သူရေးတဲ့စာတွေကိုလည်း တစ်ထောင့်တစ်ည၊ ပန်းသာမစာအု၊ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်တို့နဲ့ ရင်းနှီးခဲ့ရပါတယ်။

အခုတခေါက် ဖိလစ်ပိုင်အမျိုးသားခေါင်းဆောင် ဂျိုဆေရီဇော်အကြောင်း အထုပ္ပတ္တိစာအုပ် ဖတ်ချင်လို့ လိုက်ရှာတဲ့အခါ သူရေးထားတဲ့စာအုပ်တစ်အုပ် သွားတွေ့ပါတယ်။ တစ်ခါမှလည်း မကြားဖူးပါလား လို့ အောင့်မေ့နေတုန်း အမှာစာဖတ်ကြည့်လိုက်တော့ အဲ့ဒါ သူ ထောင်ထဲကနေရေးပြီး အပြင်ကိုခိုးပို့တာ။ အပြင်က တခြား မထင်မရှားကလောင်နံမည်တစ်ခုတပ်ပြီး ထုတ်ဝေထားလို့ သူရေးမှန်းမသိတာ။ အဲသည်စာအုပ်နဲ့အတူ သူထောင်ထဲမှာ ဘာသာပြန်ထားတဲ့ ခြေလေးချောင်း တော်လှန်ရေး၊ ပြည်သူ့အာဏာ၊ ပြင်သစ်တော်လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေး၊ အမေရိကန်တော်လှန်ရေး၊ အစရှိတဲ့ နိုင်ငံရေးစာပေတွေအများကြီး ထုတ်ဝေခဲ့မှန်း သိရပါတယ်။ ကိုယ်တို့ခေတ်မှာဖြင့် သူများရေးပြီးသားစာအုပ်တွေကို ပိုက်ဆံပေးဝယ်ပြီး ခပ်တည်တည်နဲ့ ကိုယ့်နံမည်တပ်ထုတ်၊ လူပုံအလယ်မှာ နိုင်ငံကျော် ဘက်ဆယ်လာ စာရေးဆရာကြီးလုပ်နေတဲ့အချိန်မှာ ရှေးကလူတွေက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိမယ့်စာမှန်ရင် ကိုယ်ရေးမှန်းမသိချင်နေ၊ လူငယ်တွေ ဖတ်စေချင်တဲ့ စေတနာသန့်သန့်နဲ့ ရေးခဲ့တယ်ဆိုတော့ နားရှိလို့သာ ကြားရ မှတ်ပါတယ်။ အဲ့ဒီလူတွေ အဲ့လိုရုန်းပြီး အရယူလာတဲ့ လွတ်လပ်ရေးဆိုတာကြီးက အခု ကိုယ်တို့လက်ထဲရောက်တဲ့အခါ ကိုယ်တို့စရိုက်တွေနဲ့ ဒီဘူတာဆိုက်ရပါတယ်လို့ ကောက်ချက်ဆွဲရင် ငြင်းချက်ထုတ်နိုင်ဖွယ်ရာ မရှိပါဘူး။ ဒါတောင် ဟိုခေတ် စာဖတ်ပရိသတ်မို့လို့ သူ့စာတွေကို အရေးတယူဖတ်မယ့်လူရှိတာ။ အခုခေတ်မှာ စာအုပ်ဆိုင်ကလူတွေတောင် သူ့စာအုပ်တွေ နံမည်ပြောလို့မှ မကြားစဖူး၊ ရင်းတိုက်ညွန့်ယူမလား၊ ဘူးလက်ဖီဖီ ယူမလား၊ အဲ့သလောက်ပဲ အသိအလိမ်မာရှိတဲ့ လူငယ်တွေနဲ့ တွေ့ရပါလိမ့်မယ်။
သူရေးတဲ့ထဲမှာ ဂျိုဆေရီဇော် ကို ဘာလို့ လိုက်ရှာသလဲဆိုတော့ အံ့သြလွန်းလို့ပါ။ ယုံတောင် မယုံနိုင်လောက်အောင် သည်လိုလူမျိုးလဲ ရှိပေသကိုး လို့ သြချ ဆလံတိုက် လေးစားအားကျလောက်တဲ့သူမို့ သူ့အကြောင်းတွေ လိုက်ရှာဖတ်ရပါတယ်။ သူ့နံမယ်ကို ကိုယ်တို့ငယ်ငယ်တုန်းက ကမ္ဘာ့သမိုင်းဖတ်စာအုပ်ထဲမှာ ကြားဖူးပေမယ့် အဲ့ဒီအခန်းတွေကို ကျောင်းမှာ မသင်ပါဘူး။ စာမေးပွဲမှာလည်း မမေးလို့ ကျောင်းသားတွေအနေနဲ့ ဖတ်တောင်ဖတ်ကြည့်စရာမလိုတဲ့ သင်ခန်းစာများ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖတ်စာအုပ်အသစ်ရရင် ရှေ့ဖုံးကကျောဖုံး အပြန်ပြန်အလှန်လှန်ဖတ်တဲ့ ကိုယ့်အကျင့်ကြောင့်သာ သူဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ ရက်စက်တဲ့ စပိန်အုပ်ချုပ်သူတွေလက်ကနေ သူ့တိုင်းပြည်လွတ်လပ်ရေးရအောင် ကယ်တင်သွားတာ လို့ အကြမ်းဖျင်း မှတ်မိပါတယ်။ သူနဲ့အတူ ဒေါက်တာဆွန်ယက်ဆင်၊ ချေဂွေဗားရား၊ အေဘရာဟင်လင်ကွန်း တို့လည်း ဖတ်စာအုပ်ထဲပါပေမယ့် ကိုယ်တို့ပညာရေးစံနစ်မှာ လူငယ်တွေက အဲ့လိုသူရဲကောင်းတွေကို အားကျမှာစိုးလို့ ရင်းနှီးခွင့်မပေးပါဘူး။ ဒါတွေမဖတ်နဲ့။ ကွန်မြူနစ်စိတ်တွေ ဝင်သွားမယ်။ ကွန်မြူနစ်ဆိုတာ ထောင်ထဲမှာနေရင်နေ၊ မနေရင် တောထဲမှာသေရမယ့် တိုင်းပြည်ရန်စွယ်တွေလို့ ခေါင်းထဲကို ရိုက်သွင်းထားပါတယ်။

သူ့အကြောင်းမပြောခင် သူ့နိုင်ငံသမိုင်းကြောင်းကလေးကို နည်းနည်းပါးပါး တီးမိခေါက်မိ ရှိမှ အကျိုးအကြောင်းတွေ ဆက်စပ်နားလည်နိုင်ပါလိမ့်မယ်။ ဖိလစ်ပိုင်နိုင်ငံဆိုတာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဖျားက ကျွန်းစုပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ သမ္မတနိုင်ငံကလေးပါ။ ဒါပေမယ့်လည်း သူ့ခမျာ သမုဒ္ဒရာ တဘက်ကမ်းက လာရောက် သိမ်းပိုက်အုပ်ချုပ်သူများကြောင့် ၁၆ ရာစုအလယ်လောက်ကတည်းက စပိန်လက်အောက်ကို ရောက်သွားခဲ့တယ်။ နံမည်တောင်မှ စပိန်ဘုရင်မင်းမြတ် ဒုတိယမြောက်ဖိလစ် အမည်ကို အစွဲပြုပြီး Philippines ဖိလစ်ပိုင်ကျွန်းစုများ လို့ အမည်တွင်ရလေတယ်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ စပိန်ကိုလိုနီလက်အောက်မှာ နှစ်ပေါင်း ၃၀၀ ကျော် ကျွန်ဖြစ်ခဲ့ရတဲ့ နိုင်ငံပေါ့။ အဲ့သလောက် နှစ်ရှည်လများ ကျွန်ခံခဲ့ရတာ ဖိလစ်ပိုင်သားတွေ ညံ့လွန်းလို့တော့ မဟုတ်ပါဘူး။ အဲသည်နှစ် ၃၀၀ အတွင်းမှာ တော်လှန်ပုန်ကန်မှုပေါင်း အကြိမ် ၁၀၀ ကျော်အောင် သွေးချောင်းစီးခဲ့ပြီးပါပြီတဲ့။ အဲသလောက်ဆိုရင် စပိန်တွေက သူတို့ကို ဘယ်လောက် ရက်ရက်စက်စက် ဖိနှိပ်ထားမယ်။ သူတို့ဘက်ကလည်း ဘယ်လောက် မုန်းမုန်းတီးတီး တွန်းလှန်ကြမယ်ဆိုတာ မှန်းကြည့်လို့ ရပါလိမ့်မယ်။ ဒါပေမယ့်လည်း အကြိမ်တစ်ရာ ရှုံးနိမ့်ပစေ။ ၁၀၁ ကြိမ်မြောက် ပြန်လည်စုစည်းရင်ဆိုင်ရဲတဲ့ ဇွဲနဘဲကြောင့် နောက်ဆုံးမှာ သူတို့အောင်မြင်ခဲ့ကြပါတယ်။ အရင် အကြိမ်တစ်ရာတွေမှာ မအောင်မြင်ပဲ အခုတစ်ခေါက်ကျမှ အောင်မြင်သွားတာကတော့ သူတို့မှာ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ ထောက်ခံကြတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ရသွားလို့ပဲ ဖြစ်ပါတယ်။ အဲသည်လူကတော့ ဂျိုဆေရီဇော် ပေါ့။

သူ့နံမယ်ကို သူတို့အသံထွက်အတိုင်း စပိန်လိုခေါ်ရင်တော့ ဟိုဆေးရီဇဲလ် လို့ ခေါ်မှ မှန်ပါလိမ့်မယ်။ ကိုယ်တို့ကသာ အင်္ဂလိပ်စာလုံးပေါင်းနဲ့အသံထွက်ခေါ်လို့ ဂျိုဆေရီဇော် ဖြစ်နေတာ။ ၁၈၆၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ဖွားမြင်တယ်ဆိုတော့ ကိုယ်တို့ဆီက မင်းတုန်းမင်းတြားကြီး လက်ထက်မှာ ဖွားမြင်ခဲ့တဲ့ အဲဒီသူငယ်ဟာ တစ်ကမ္ဘာလုံးကိုတောင် အုတ်အော်သောင်းနင်း ကျော်စောသတင်း ဖြစ်ရလောက်အောင် ဘယ်လိုထူးခြားတဲ့ အရည်အချင်း ဂုဏ်သတ္တိတွေ ရှိနေလို့ပါလိမ့်ဆိုတာ အင်မတန် စဉ်းစားစရာကောင်းပါတယ်။ နောက်ပြီး ကိုယ့်မင်းကိုယ့်ချင်းလက်အောက်မှာလည်းမဟုတ်၊ နှစ်ပေါင်း ၃၀၀ လောက် လူမျိုးခြားကျွန်သဘောက် ဘဝမှာလေ။ သူ့အထုပ္ပတ္တိထဲမတော့ သူဖွားမြင်စဉ်တုန်းမှာ ငလျင်လှုပ်တာ တော်လဲတာ၊ ကြယ်တွေ နက္ခတ်တွေ ထူးထူးထွေထွေ နိမိတ်ပြတာ ဘာမှ မပါပါဘူး။ မွေးချင်း ၁၁ ယောက်မှာ ၇ ယောက်မြောက် သားယောက်ကျားလေး။ အလုံးအထည်ကလည်း ၅ ပေ ၄ လက်မ ဆိုတော့ Moana ထဲက လူသန်ကြီးလိုတော့ မဟုတ်တာ သေချာသပေါ့။ (စိတ်ထဲရှိတဲ့အတိုင်း ဝန်ခံရရင် သား ပျော်မိပါတယ် မေမေ။)
ဒါပေမယ့်လည်း သူ့ရဲ့ ထူးခြားချက်ကို ကျောင်းစထားလိုက်ကတည်းက ထင်ထင်လင်းလင်း တွေ့နိုင်ခဲ့ပါပြီ။ အသက် ၃ နှစ်မှာ အသုံးလုံးကျေသွားပြီး ငါးနှစ်သားရောက်တဲ့အခါ စပိန်လိုရေးထားတဲ့ သမ္မာကျမ်းစာကို ဂျောင်းဂျောင်းပြေးဖတ်တတ်နေပြီတဲ့။ ဗမာလိုဆို ကမ္မဝါဖတ်နေပြီ ပြောရမှာပေါ့။ အောင်မယ် ဖတ်ရုံကလေး ဖတ်တတ်တယ် မှတ်နေ။ ကဗျာလင်္ကာများတောင် ရေးတတ်တာတဲ့နော်။ အဲသည် ၅ နှစ်သားက။ မယုံရင် ပုံပြင်မှတ်ပါကွယ်။ သူတို့သား မောင်သိဒ္ဓတ်က ဒါ့ထက်တောင် တတ်ပါတယ်။ ကလေးပီပီ အရုပ်ဝယ်ကစားတဲ့အစား မဟုတ်ပါဘူး။ သူကစားမယ့် ငှက်ရုပ် လူရုပ် လိပ်ပြာရုပ် ဘာမဆို သူကိုယ်တိုင် လက်နဲ့ထွင်းထုတည်ဆောက်ပြီးမှ ကစားပါသတဲ့။ လက်ရာလည်း အင်မတန်မြောက်ပါသတဲ့။ ပြတိုက်ထဲမှာ သူ့ငယ်ဘဝလက်ရာတွေ ပြထားတာ ရှိပါ့ဗျာ။ ကိုယ်တို့ဆီက ပန်းချီပန်းပုကျောင်းဆင်းတွေလက်ရာလောက်ဖြင့် သနားတောင်သနားသေးတယ်။ ထူးခြားတဲ့ ပါရမီရှင်ကလေးငယ်တစ်ယောက်ဖြစ်မှန်းကို သူ့ သေအောင်သတ်ချင်လာမယ့် စပိန်အသိုင်းအဝိုင်းကကို အောင့်သက်သက်နဲ့ လက်ခံတားရတာပါတဲ့။

လူမမယ်ကလေးအရွယ်ပေမယ့် သူခေါင်းထဲက ဦးနှောက်ကတော့ အဲသည်အရွယ်မှာကတည်းက ရင့်ကျက်လို့နေပါပြီ။ သူ့တိုင်းပြည်မှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို လူကြီးများနှင့်မခြား သိမြင်ခံစားနားလည်နေပါပြီ။ သူ့မေမေကို အပြစ်မရှိပဲ မတရားစွပ်စွဲချက်သက်သက်နဲ့ ထုချေလျှောက်လဲခွင့်လည်းမပေး၊ သက်သေအထောက်အထားလည်း မပါပဲ မိုင် ၂၀ လောက်ဝေးတဲ့ အကျဉ်းစခန်းမှာ နှစ်နှစ်ကျော်အောင် ချုပ်နှောင်ထားခဲ့သတဲ့။ အထက်ရုံးတော်ကို အပြစ်မရှိပါဘူး။ စုံစမ်းစစ်ဆေးပြီး ပြန်လွှတ်ပေးပါ လို့ အသနားခံတာတောင် “ဒါ သက်သက် လက်ရှိရုံးတော်ကို မထီမြဲ့မင် လုပ်တာပဲ” ဆို ပြစ်ဒဏ်တွေထပ်တိုး။ ထောင်ထဲမှာ ပိုက်ဆံခိုးပါတယ်ဆို တစ်မှုထပ်တင် ပြန်သတဲ့။ နောက်ဆုံးတော့ သမီးအပျိုလေးကိုယ်တိုင် ဘုရင်ခံချုပ်ဆီသွားပြီး “စမီးကို ကြိုက်သလိုလုပ်ပါ။ မေမေ့ကိုတော့ လွှတ်ပေးပါ။” ဆိုမှ အားနာပါးနာ အဂရီးလိုက်ရှာသတဲ့ကွယ်။ ကလေးပေမယ့် တိုင်းတပါးသားတွေ သူတို့လူမျိုးအပေါ်မှာ မတရားသဖြင့် အနိုင်ကျင့်နှိပ်စက်တာကို “ငါတို့က ဘာဖြစ်လို့ ခေါင်းငုံခံနေရသလဲ။” ဆိုတဲ့စိတ်နဲ့ အမြဲတွေးပါတယ်။

ကျောင်းထားတဲ့အခါ သူနေခဲ့သမျှ အတန်းတိုင်းမှာ အတော်ဆုံး အထူးချွန်ဆုံးကျောင်းသားဖြစ်ပေမယ့် လူမျိုးရေးခွဲခြားပြီး နှိမ်ထားတာကိုလည်း ကိုယ်တွေ့မျက်မြင်ခံစားရပါသေးတယ်။ အဲသည်ကြားကမှ ဆုတွေဆုတွေ ရလိုက်တာဆိုတာလည်း မနည်းမနော။ ၁၆ နှစ်အရွယ်မှာ ဘီအေဘွဲ့ကို အမြင့်ဆုံးဂုဏ်ထူးနဲ့အောင်ပြီး ဆန်တိုတိုမတ်စ် ယူနီဗာစီတီမှာ ဥပဒေပညာ၊ မြေတိုင်းပညာတွေ ဆက်သင်ခဲ့သေးသတဲ့။ သူကျောင်းတက်နေခိုက် သူ့အမေမျက်စိကွယ်သွားတဲ့အခါ ဆရာဝန်လုပ်ဦးမှပါလေ ဆို ဆန်တိုတိုမတ်စ်ကနေ ဆေးပညာဘွဲ့တစ်ဘွဲ့လည်း ယူခဲ့သတဲ့။ ကျောင်းသားဘဝနဲ့ သူဖန်တီးခဲ့တဲ့ ပန်းချီပန်းပု အနုပညာလက်ရာတွေက အဲသည်ကျောင်းတွေမှာ ကနေ့ထက်ထိ ရှိသေးပြီး ရင်သပ်ရှုမော အံ့သြလောက်ပါသတဲ့။ ကဗျာလင်္ကာ၊ စာအရေးအသားလက်ရာမှာတော့ အဲသည်အရွယ်ကတည်းက နိုင်ငံတကာအဆင့်ထိ ဆုတွေအများကြီးရခဲ့တဲ့ ကလောင်တစ်ချောင်း လို့ ဆိုတယ်။ သူ့ကို အမြင်ကပ်ကပ်နဲ့ ချိုးနှိမ်နှိပ်ကွပ်ထားတဲ့ စပိန်အစိုးရကတောင်မှပဲ “သည်အကောင် လွန်လွန်းအားကြီးလှချည်လား။” လို့ တအံ့တသြနဲ့ မျက်ခြေမပြတ်စောင့်ကြည့်နေရတဲ့အထိ ထူးချွန်ပြောင်မြောက်လှပါပေတယ်။

ဖိလစ်ပိုင်မှာရှိတဲ့ ပညာရေးဟာ သူ့အတွက် ကလေးကစားစရာသာသာပဲ လို့ နားလည်သွားတဲ့အခါ အိမ်ကမသိအောင် အကိုတစ်ယောက်ဆီအကူအညီတောင်းပြီး စပိန်နိုင်ငံ မဒရစ်မြို့မှာ သူ့ဘာသူကျောင်းသွားတက်ပါတယ်။ အစိုးရက နိုင်ငံကူးလက်မှတ် ထုတ်မပေးမှန်း သိလို့ စာအုပ်အတုလုပ်ပြီး ထွက်တာပါ။ ဥရောပရောက်တော့ မဒရစ်၊ ပါရီ၊ ဟိုက်ဒဲလ်ဘတ် တက္ကသိုလ်တွေ ပြဲပြဲစင်အောင်တက်ပြီး ဘွဲ့တွေ တစ်ဘွဲ့ပြီးတစ်ဘွဲ့ယူတော့တာပဲ။ ကိုယ်တို့အခုသင်ကြားနေရတဲ့ ဆေးပညာဖတ်စာအုပ်ထဲက သမားဟူးရားကြီးတွေနဲ့အတူ ဆေးကုခဲ့ပြီး သူ့အလုပ်အကိုင်ဟာ ပါရီမှာတော့ နံမည်ကျော် မျက်စိအထူးကုဆရာဝန်ကြီးဖြစ်ပါသတဲ့။ သူ့အမေကိုလည်း သူကိုယ်တိုင်ပြန်ခွဲပြီး စက္ခုနှစ်ကွင်း အလင်းရစေတဲ့ သားသုဝဏ္ဏသျှံလေးပါ။ ဥရောပတိုက်ရဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်ထဲမှာ တစ်ဦး အပါအဝင်ဖြစ်ပေမယ့် သူက ဝိဇ္ဇာဘာသာရပ်တွေမှာည်း ထူးချွန်ပြန်တယ်။ မနုဿဗေဒ၊ အင်းဆက်ပိုးမွှားဗေဒတွေမှာလည်း ပါရဂူတစ်ဦး ဖြစ်ပြန်ရော။ ကမ္ဘာပေါ်မှာ သူ့နံမည်နဲ့ မှည့်ခေါ်ထားတဲ့ (သူတွေ့ရှိတဲ့) မျိုးစိတ် မျိုးရင်း ပန်းမံ တိရစ္ဆာန်တွေ တော်တော်များများ ရှိသတဲ့။ ဘာသာစကားကတော့ သူ ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ပြောနိုင်တာ ၂၂ မျိုးပဲ ရှိတာပါတဲ့။ ဂျပန်ကို တစ်လလောက်သွားနေလိုက်ရင် ဂျပန်လိုမွှတ်နေအောင် ပြောတတ်ရော။ “ဥရောပမှာဖြင့် ပြင်သစ်လိုကလေး ထမင်းစားရေသောက်တတ်မှ လူရာဝင်မှာပါ မောင်ရာ” လို့ ပြောလိုက်မိလို့ ပြင်သစ်စာထသင်ပြီး ပြင်သစ်တွေလေ့လာဖို့ “ပြင်သစ်ဘာသာဖြင့် စာစီစာကုံးရေးသားနည်း” ဆို စာအုပ်ထုတ်ပလိုက်တယ်။ အဲ့လိုလူစား။
ပိုက်ဆံတွေ တော်တော်ပေါလို့ ကျောင်းတွေ ဒလဟောတက်နိုင်တယ် ထင်ရင်ဖြင့် မှားဦးမယ်။ သူများအထောက်အပံ့နဲ့ ကျောင်းတက်ရတာ ပေါစရာလား။ ကာဖီ နဲ့ ပေါင်မုန့် သက်သက်ချည့် အသက်ဆက်ခဲ့ရတဲ့ ရက်တွေ မရေမတွက်နိုင်အောင် ရှိသတဲ့။ သူက ပိုက်ဆံမရှိပေမယ့် တစ်ခါမှ ကပ်စေးမနဲဖူးဘူး။ နှမျောတွန့်တိုခြင်းလည်း မရှိဘူး။ ဒါပေမယ့် အချိန်ကိုကျတော့ အင်မတန်နှမျောတတ်ပါသတဲ့။ ကလေးဘဝကတည်းက တစ်နေ့တာရဲ့ ဘယ်အချိန် ဘာလုပ်ရမယ် သူ့ဘာသူ အချိန်ဇယားဆွဲထားပြီး အဲသည်အချိန်ဇယားနဲ့သာ နေပါသတဲ့။ သူ့မှာ အလကားနေရင်း ကုန်သွားတဲ့အချိန်ဆိုတာ မရှိ။ အနည်းဆုံးတော့ တွေးတောကြံဆလို့သာနေတာကြောင့် စကားနည်းသူ၊ အပေါင်းအသင်းနည်းသူ လို့ ထင်စရာရှိသော်လည်း အင်မတန် ခင်တတ်မင်တတ် ဖော်ရွေတတ်သူ သဘောမနောကောင်းသူလို့ သူ့မိတ်ဆွေတိုင်းက တညီတညွတ်တည်း အာမခံလိမ့်မတဲ့။ လူမှ ဟုတ်ရဲ့လား မသိပေါင်ကွယ်။ စော်ကြည်ဘဲ မဟုတ်သော်လည်း ရည်းစားရှားတဲ့သူတော့ မဟုတ်တာလည်း အမှန်ပဲတဲ့။ လူပျိုကြီးဘဝနဲ့တော့ အသေမခံနိုင်ဘူးဆိုပြီး မသေခင် အကျယ်ချုပ်ကျနေတုန်းမှာ နောက်ဆုံးရည်းစား ဂျိုဆက်ဖင်းနဲ့ တရားဝင်ယူပလိုက်တယ်။ အေးရော။

သူ့ဘဝကြီးမှာ သူတော်တာတွေအများကြီး သူကျွမ်းကျင်တာတွေ အများကြီး၊ အရည်အချင်းတွေ ပြောမကုန် ဆိုပေမယ့် အားလုံးထဲမှာ “ဂျိုဆေရီဇော်” ရယ်လို့ ဖြစ်လာစေတာကတော့ သူ့ရဲ့ စာရေးခြင်း အနုပညာပါပဲ။ သူပထမဦးဆုံးရေးတဲ့ “Noli Me Tangere” ဝတ္ထုဟာ စပိန်ဘာသာနဲ့ရေးထားတဲ့ ဖိလစ်ပိုင်စာပေသမိုင်းမှာတင်မကဘူး။ ကမ္ဘာ့ဂန္တဝင်စာပေသမိုင်းမှာပါ အကောင်းဆုံးလို့ မှတ်တမ်းတင်ထားရတဲ့ အနုပညာလက်ရာတစ်ခု ဖြစ်သတဲ့။ အဲသည်စာအုပ်ဟာ စာပေလောကတင်မဟုတ်ဘူး။ နိုင်ငံရေးလောကကိုပါ အကြီးအကျယ်တုန်လှုပ်သွားစေတဲ့အထိ သြဇာကြီးမားခဲ့တယ်။ အဲ့ဒီစာအုပ်ကို ဘာလင်မှာ စောစောကပြောခဲ့သလို ကာဖီ၊ ပေါင်မုန့် နဲ့ အသက်ဆက်ပြီး ရည်းစားနဲ့အဆက်ပြတ်လို့ ကြွေလုသည်းဆိုင်ဖြစ်နေတုန်း ရေးခဲ့တာလေ။ စာအုပ်ထုတ်ပေးမယ့်သူ မရှိတာကို ဖိလစ်ပိုင်ကမိတ်ဆွေတစ်ယောက်က သိသွားလို့ စာအုပ်ထုတ်ပေးလိုက်တာ အဲသည်မှာတင် ကမ္ဘာကျော်သွားပါတော့တယ်။ အရောင်းရဆုံး ဘက်ဆယ်လာ ဖြစ်သွား လို့တော့ မထင်နဲ့နော်။ စပိန်အစိုးရက ဖိလစ်ပိုင်နိုင်ငံသားတွေအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်ချုပ်ချယ်ထားပုံ သူ့ကိုယ်တွေ့ ဘဝဇာတ်ကြောင်းတွေကို ရင်တွင်းဖြစ်ရေးသားထားတဲ့ဟာ သူ့နိုင်ငံမှာ ဘယ်လိုဖြန့်မလဲ စဉ်းစားကြည့်စမ်းပါ။ "တွေ့ရင် တွေ့တဲ့နေရာမှာ ဖျက်ဆီးပစ်စေ။ ဖတ်တဲ့သူရော လက်ဝယ်ထားသူရော အနားရှိတဲ့သူပါ အကုန်ဖမ်း။" လို့ အမိန့်ထုတ်ထားတဲ့ကြားက ဖိလစ်ပိုင်တွေဟာ စာအုပ်တစ်အုပ်ကို လေးငါးခြောက်ယောက် အုံပြီး တစ်ယောက်ကဖတ်ပြ။ ကျန်တဲ့သူက နားထောင်ကြ။ တစ်ယောက်က ပုလိပ်လာပလား အရိပ်အခြေစောင့်ကြည့်ပြီး တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖတ်ကြပါသတဲ့။ သူကတော့ ဘာပြောတယ် မှတ်သလဲ။ သူ့တစ်သက်မှာ နောက်ထပ် အဲလိုစာအုပ်တွေ ဆက်ရေးသွားဦးမယ်။ စာအုပ် ၇ အုပ် ထွက်လို့မှ သူ့တိုင်းပြည် လွတ်လပ်ရေးမရသေးဘူးဆို သူ့ကိုယ်သူ သတ်သေပစ်မယ် လို့ ကြုံးဝါးပါသတဲ့။ တကယ်လည်း ရခဲ့ပါတယ်။ သူလည်း သတ်သေစရာမလိုတော့ဘူး။ စပိန်အစိုးရက သတ်ပေးလိုက်လို့။ ဂျိုဆေရီဇော် ချန်ထားရစ်ခဲ့တဲ့ အနုပညာလက်ရာတွေထဲမှာ ကဗျာလင်္ကာတွေလည်း အများအပြား ပါဝင်ပြန်သတဲ့။

ရီဇော်ဟာ စပိန်အစိုးရကို မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်နက်စွဲကိုင်တော်လှန်ရမယ် လို့ မတိုက်တွန်းခဲ့ပေမယ့် ဖိလစ်ပိုင်လူငယ်တွေကို ခေါင်းငုံ့ခံနေတတ်ရင် ဘယ်သူမဆို လာအုပ်စိုးလိမ့်မယ် ဆိုတဲ့ အသိကိုတော့ ပေးပါတယ်။ ပညာမတတ်ရင် ကိုယ်ပိုင်အရည်အချင်းမရှိရင် စပိန်လက်အောက်ကလွတ်လည်း ဂျပန်လက်အောက် အမေရိကန်လက်အောက် ရောက်လို့ဆုံးမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်အောင် လုပ်ကြ လို့ တိုက်တွန်းနှိုးဆော်ပြီး ကမ္ဘာအရပ်ရပ်က သူသင်ကြားတတ်ကျွမ်းလာခဲ့တဲ့ အသိပညာအတတ်ပညာတွေကို လူငယ်တွေဆီ ဖြန့်ဝေပါတယ်။ သူလုပ်ခဲ့တာ သွေးမြေကျတဲ့တော်လှန်ရေး မဟုတ်ပဲ အသိအလိမ်မာ ပညာတော်လှန်ရေး လို့ ဆိုရမှာပေါ့။
ဂျိုဆေရီဇော်ဟာ အသက် ၃၅ နှစ်အရွယ်မှာ စပိန်အစိုးရက သေဒဏ်အပေးခံရလို့ ကွယ်လွန်ပါတယ်။ ဒီလိုဖြစ်လိမ့်မယ်ဆိုတာ သူအစကတည်းက သိသိကြီးနဲ့ ရင်ဆိုင်တာပါ။ သူအသတ်ခံရတဲ့ လူသတ်ကွင်းမှာ သူ့မျက်စိအောက်တင် သေဒဏ်စီရင်ခံရသူတွေကို ကြည့်ပြီး သူလည်း တစ်နေ့ကျ ဒီလိုပဲ သေရမှာမလွဲ လို့ ကလေးဘဝကတည်းက ဖွင့်ပြောဖူးပါသတဲ့။ သူငယ်ငယ်က သူ့မေမေ ပုံပြောတော့ ပိုးဖလံလေးတွေ မီးတိုတိုးလို့ ကိုယ်ကျိုးနည်းရတဲ့အကြောင်း သင်ခန်းစာပေးသွန်သင်တဲ့အခါ သူကတော့ မီးကိုကြောက်ရမယ့်အစား သေရမှာကို ကြောက်ရမယ့်အစား အသက်အသေခံပြီး မီးအလင်းရောင်ကို ပျော်ပျော်ကြီးဝင်တိုးရဲတဲ့ ပိုးဖလံတွေရဲ့ သတ္တိကို အားကျပါသတဲ့။ သူတို့ဟာ သေရမယ်မှန်း မသိလို့ အမှုမဲ့အမှတ်မဲ့ ဝင်တိုးတာ မဟုတ်ဘူးလေ။ သေရမယ်မှန်း သိသိကြီးနဲ့ မီးအလင်းရောင်ရဲ့တန်ဖိုးကိုလိုချင်လို့ အသက်နဲ့ရင်းပြီး ကျေကျေနပ်နပ်ကြီး တိုးဝင်ကြတာ။ ရခဲလှတဲ့ လူ့ဘဝမှာ တစ်သက်မှာ တစ်ခါ သေရမယ်ဆိုရင်လည်း ကိုယ်လိုချင်ရာတစ်ခုကို ပြတ်ပြတ်သားသားရွေးချယ်ပြီး အဲသည်အတွက် အသက်စွန့်ရတာ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသတုန်း။ လို့ သူ့မေမေကို ပြောပါသတဲ့။ သူ့ဘဝမှာ သူဘာလိုချင်သလဲ။ ကလေးဘဝကတည်းက ဒွိဟမရှိ သိပြီးသား။ သူ့နိုင်ငံသားတွေ လွတ်လပ်စေချင်တယ်။ အဲ့ဒီအတွက် သူဟာ မီးကိုတိုးတဲ့ ပိုးဖလံကလေးဖြစ်လည်း ပျော်ပျော်ကြီးကို ဝင်တိုးတယ်လေ။ ကျေနပ်တယ် အားရတယ် ဂုဏ်ယူတယ် ဝမ်းသာတယ်။ ကဲ ဘာလိုသေးလဲ။
ရန်ကုန်မြို့ရဲ့ အကြီးဆုံးစာအုပ်ဆိုင်လေးငါးဆိုင်မှာ “ဂျိုဆေရီဇော်အကြောင်း ရေးထားတဲ့စာအုပ် ရှိသလား။” လို့ လိုက်မေးကြည့်တဲ့အခါ “စာရေးဆရာ အသစ်လား။” လို့ ကိုယ့်ကို ပြန်မေးတာ ခံရပါတယ်။ “ဂျူး ကို ပြောတာလား။” ဆိုတဲ့သူတောင် ရှိသေး။ “မကြီးရေ။ ဒီမှာ။ ဘာကြီးလဲ မသိ လာမေးနေတယ်တော့။” လို့လည်း အပြောခံရပါတယ်။ သူတို့တွေ မသိကြပဲကိုး လို့ လှောင်ချင်တာ မဟုတ်ပါဘူး။ သူတို့တတွေကို ဒါမျိုး မသိဖူး မကြားဖူး မဖတ်ဖူးအောင် လုပ်ထားတယ် လို့ ပြောချင်တာပါ။ သည်စာရဲ့အစမှာ မေးထားတဲ့ ကိုယ်တို့နိုင်ငံကလူငယ်တွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။ ကိုယ်တို့နိုင်ငံရဲ့ အနာဂတ် ဘယ်လိုရှိမလဲဆိုတာ မြင်သာအောင် ဥပမာပြန်ကောက်တာပါ။ ၁၉၆၂ မှာ မြန်မာနိုင်ငံကြီး ချောက်ထဲကိုကျတော့မှာမို့လို့ ကယ်တင်ထားတာလား၊ ချောက်ထဲကို ခေါင်းငိုက်ဆိုက်ဆင်းသွားတာလား၊ ဆိုတာ ကယ်တင်ခဲ့တဲ့သူတွေ ကိုယ်တိုင်ပဲ ပြန်စဉ်းစားကြည့်ကြပါဦး။ နောက်ထပ်ကော ဘယ်နှစ်ကြိမ် ချောက်ထဲကျခဲ့ပြီး ဘယ်နှစ်ကြိမ် ပြန်ကယ်တင်ထားသလဲ။ ကယ်ရာဆယ်ရာရောက်သလား၊ ပစ်ရာနှစ်ရာရောက်သလား လည်း ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဖြေနော်။ ဘယ်သူ့မှ သိစရာမလိုဘူး။ ကိုယ့်လိပ်ပြာကိုယ် ကြားအောင်သာဖြေ။ လူမှန်းသိတတ်စကနေ သည်အသက်သည်အရွယ်ရောက်တဲ့အထိ တိုင်းပြည်အတွက်ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ ခေါင်းထဲမှာ ထည့်စဉ်းစားဖူးသလား အမှန်အတိုင်းဖြေ။ ဘယ်သူ့ကိုမှ အဖြေပေးစရာမလိုတဲ့ ကိုယ့်ခေါင်းထဲကအဖြေကို အမှန်အတိုင်း အရှိအတိုင်း ပကတိအတိုင်း ဖြေနိုင်တဲ့ အသိဥာဏ်၊ ဖြေရဲတဲ့သတ္တိ ရှိလာတဲ့တစ်နေ့တော့ တို့တိုင်းပြည်ကြီးလည်း ဖိလစ်ပိုင်လောက်တော့ လူရာဝင်ရချေသေးရဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...