Friday, February 3, 2017

နုပျိုစေတဲ့ တက္ကသိုလ်

တက္ကသိုလ်ဆိုတာ အပေါက်တစ်ပေါက်တည်း ဖွင့်ပေးထားပြီး၊ ဆရာတွေက ဂိတ်စောင့်၊ အဲဒီအပေါက်ကဝင်ဖို့ မှတ်ပုံတင် သို့မဟုတ် သက်သေခံ အထောက်အထားတစ်ခုပြ၊ စာအုပ်ထဲ အမည်ရေး၊ သွားမယ့်နေရာ ရေး၊ ဝင်ချိန် လက်မှတ်ထိုး၊ ထွက်ခွာချိန် လက်မှတ်ထိုး … ဟိုး … ဟိုး … အဲဒီအချိန်ကတည်းက
“Farewell to University”
မနေ့က မြန်မာစာအဖွဲ့ ၇၅ နှစ်မြောက် စာတမ်းဖတ်ပွဲသွားတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ နေရာကို ပြန်ရောက်ဖို့ ကားလမ်းပိတ်၊ အဆင့်ဆင့် ပြောင်းစီး၊ ခြေလျှင်လျှောက် ကြာချိန် စုစုပေါင်း သာကေတမှ
၁ နာရီ ၁၅ မိနစ်တိတိ
အလို ရန်ကုန်တက္ကသိုလ်ဆိုတာ ပတ်လည်မှာ ဂိတ်တံခါးတွေဖွင့်၊ ကျောင်းသား ကျောင်းသူ နုပျိုသူတွေရဲ့ ချိုလွင်တဲ့ ရယ်မောသံတွေ၊ ကြည်နူးပျော်ရွှင်တဲ့ အော်ဟစ်သံတွေ ပြန် လည် ဝေစည်နေပါပေါ့လား။

တီ … တီ … တီ
နောက်က ကားဟွန်းသံ … ဘယ်သူလဲလို့ လှည့်ကြည့်လိုက်တော့ ဒေါက်တာစိုင်း
“ဟာ … ဟာ … အတော်ပဲ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်”
ဆရာစိုင်းနဲ့ ဦးချစ်အလွမ်းပြေ နောက်ပေါက် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ တစ်ချိန်က ခုံနိမ့်လေးတွေနဲ့ ကျွန်းပင်ကြီးတွေအောက်မှာ ထိုင်ခဲ့ရတဲ့နေရာ ကိုရီးယားဆိုတာက နေရာယူ။ ခုတော့ ထီးအမိုး ကြီးတွေအောက်မှာ ခုံမြင့်ကြီးတွေနဲ့
“လက်ဖက်ရည် ပေါ့ကျ”
ဆရာစိုင်းက နယ်ကပြောင်းလာ။ ဒီနေ့မှ ပထမဆုံး အတန်းဝင် စာသင်ရမှာ။ ဆရာတစ်ယောက်က သူကြုံ တွေ့ခဲ့ရတဲ့ First Year ကျောင်းသားတွေ အကြောင်း ဖောက်သည်ပြန်ချတယ်
“ကလေးတွေက အကြောက်တရားတွေ လွှမ်းမိုးနေတုန်းပဲ။ ဘာကိုကြောက်နေမှန်းလည်း မသိဘူး။ ကျွန်တော်တို့ သူတို့ကို စိုးမိုးလာတဲ့ အကြောက်တရားအစွဲတွေကို အတော် ချွတ်ရဦးမယ်ထင်တယ်”
တက္ကသိုလ်မှာ “စာတတ်” သူတွေထက် “စာဖတ်” တဲ့ဆရာတွေ “စာတတ် စာဖတ်” ဆရာတွေ အများကြီး ရောက်လာပြီပဲ။ အနာဂတ် တက္ကသိုလ်
“ကြိုဆိုပါတယ်”
ကျွန်တော်အမှန်အတိုင်း ပြောရရင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရဲ့ စာတမ်းဖတ်ပွဲကို အမီလာခဲ့တာ။ ဒါပေမဲ့ ဆရာစိုင်းနဲ့ လက်ဖက်ရည်ဆိုင်လမ်းခွဲ၊ တစ်နေရာထလာ နောက်ဆရာတစ်ဝိုင်းနဲ့ ထပ်တိုး၊ နောက်ထပ် တစ်နာရီ ထပ်ကြာ၊ မတွေ့တာကြာပြီဖြစ်လို့ ပြောစရာစကားတွေကမကုန်၊ စကားကိုဖြတ် အဓိပတိလမ်းပေါ် အတက်၊ နောက်ထပ် ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ထပ်တိုး၊ နောက်ထပ် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပြောင်း
“ပြန်လည်နုပျိုစေတဲ့ တက္ကသိုလ်”
RC ထဲမှာ ပြခန်းရော၊ အထိမ်းအမှတ်ပွဲရော၊ စာအုပ်ရောင်းပွဲရော။
ကလေးတစ်ယောက်က သူ့မိခင်ကို
“မေမေ … ဒါဘာလုပ်တဲ့ အဆောက်အအုံကြီးလဲ” တဲ့။ သူ့မေမေက
“သားရေ … ဟိုး … ရှေးရှေးတုန်းက … ဒီနေရာမှာ မေမေတို့ ဘော်လီဘော၊ ဘတ်(စ်)ကက်ဘော၊ ကြက်တောင် တွေ ကစားဖူးကြတယ်လေ” တဲ့
RC ထဲမှာလည်း စာအုပ်ထုတ်ဝေသူတွေနဲ့တွေ့။ ဓာတ်ပုံတွေရိုက်။ စကားတွေပြောမကုန်။ မဖြစ်ပါဘူးဆိုပြီး စာတမ်းဖတ်ပွဲလုပ်တဲ့ ဝိဇ္ဇာခန်းမကိုအပြေးလေးလာ နောက်ဆုံး စာတမ်းဖတ်ဖို့ နှစ်ဦးလောက်ပဲ ရှိတော့တယ်တဲ့။
ဝိဇ္ဇာခန်းမကြီးထဲ ဝင်လိုက်တာ အရမ်းအံ့သြသွားတယ်။ ယခင် ကျွန်တော်တို့ခေတ်က မှောင်တောင်တောင်၊ ချောင်ထဲက ခန်းမကြီးဟာ ပတ်လည်မှာ မှန်လုံတွေကာ၊ လေအေးပေးစက်တွေ ၁၀ လုံးလောက်တပ်ထား။ အခန်းထဲမှာလည်း အေးစိမ့်။
တကယ့်ကို ပညာရှင်တွေ စာတမ်းဖတ်ဖို့ အသင့်လျော်ဆုံးနေရာ တစ်နေရာဖြစ်သလို၊ တက်ရောက် နာကြား သူတွေအတွက်လည်း စိတ်အေးချမ်းသာစွာ ပညာယူနိုင်တဲ့ နေရာဖြစ်နေပါလား။
ကျွန်တော်တို့ ခေတ်တွေ တုန်းက ရုပ်ရှင်ရုံကြီးလို့ ခေါ်ကြတဲ့နေရာ။ ရန်ပုံငွေပွဲဆိုရင် ရုပ်ရှင်ကားတွေ ငှားပြတဲ့ နေရာ။ ပူလောင် အိုက်စပ် ညစ်ပတ်တဲ့နေရာ။ ခုတော့ ပညာရှင်တွေအတွက် ကောင်းမွန်စွာ၊ စိတ်ချမ်းသာစွာ နားခိုနိုင်တဲ့နေရာ။
RC ထဲပြန်ဝင်တော့ မိတ်ဆွေတစ်ယောက်က
“ခင်ဗျား မနေ့က ဘာဖြစ်လို့ မလာတာလဲ” လို့မေးတယ်။ ကျွန်တော်က
“မနေ့က သမ္မတကြီး လာမယ်ဆိုတော့ ကျောင်းထဲမှာ လုံခြုံရေးတွေ၊ အစောင့်တွေ ရှုပ်နေမှာပဲ၊ စစ်ဆေးတာ တွေ လုပ်နေမလားဆိုပြီးတော့ မလာမိတာ”
“ခင်ဗျား … ခေတ်နောက်ကျသွားပြီ။ အတွေးအခေါ်တွေက မဆလနဲ့နအဖခေတ်ထဲကျန်ခဲ့ပြီ”
“ခင်ဗျားနှယ် ပြောရက်လိုက်တာ”
“ဟုတ်တယ်လေ … မနေ့က သမ္မတ ဦးထင်ကျော်လာတယ်။ ဘာအစောင့် ဘာလက်နှက်ကိုင်မှလည်း မပါဘူး။ သူ့ကို သီးခြား ဖင်မြင့်တဲ့ခုံကြီး ထားပေးစရာလည်း မလိုဘူး။ ကျုပ်တို့ကြားထဲ လျှောက်သွား။ ပြုံးပြုံးရွှင်ရွှင် စကားတွေပြော၊ နှုတ်ဆက်၊ ရယ်မော၊ သာမန်လူတစ်ယောက်လို လာသွားတာ”
အဲဒီအချိန်မှာ စာအုပ်ရောင်းနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကလည်း
“ဟုတ်တယ် … တစ်သက်နဲ့ တစ်ကိုယ် သမ္မတနဲ့ စကားပြောရလိမ့်မယ်လို့ စိတ်တောင် မကူးဖူးဘူး။ ကျွန်မဆိုင်က စာအုပ်တွေလာကြည့်သွားတယ်။ ကျွန်မစာအုပ်လက်ဆောင်ပေးတာလည်း ယူသွားတယ်။ ဝမ်းသာလိုက်တာ”
ကဲ … မနေ့က ကျွန်တော့်အတွေ့အကြုံတွေ ဒီလောက်ပဲ အတိုချုပ်ပြောပါရစေ။ စာတမ်းပါအကြောင်းတွေက တော့ မြန်မာစာအဖွဲ့က စာအုပ်အဖြစ်ထုတ်မှပဲ ဝယ်ဖတ်တော့မယ်။ ကျွန်တော်လည်း စာတမ်းဖတ်ပွဲကိုသာ သွားရတယ်။ တက္ကသိုလ်ရဲ့ ပြောင်းလဲမှုတွေမှာ နစ်မြောပြီးတော့ အစွန်းလောက်သာ နားထောင်ခဲ့ရကြောင်းပါ ခင်ဗျား။ ခွင့်လွှတ်ကြပါ။
၂၄.၁၂.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...