Tuesday, October 4, 2016

“ ဥသြတွန်တဲ့ လရာသီ ”

Min Ko Naing

သမီးနဲ့သား..
ဒီတစ်ပတ်တော့ စကားတွေ အတူပြောပြီး မငြင်းနိုင်
တော့ဘူး။ စာရေးပြီး ပြောပြတာပဲ တတ်နိုင် တော့မယ်။
အဝေးကြီး ရောက်နေလို့ပါ။ ဘယ်ရောက်နေလဲဆိုတာ
နောက်ပြီးမှ ပြောပြမယ်။ ဒီရောက်ရောက်ချင်း သမီး
နဲ့သားကို သတိရစရာတွေ့တာပဲ။ ဘာလဲဆိုတော့
သမီးနဲ့သားတို့ စိတ်ဝင်စားတဲ့ အကြောင်းပေါ့။ ကိုယ်
သိထားတာ အမြဲမှန်တယ်လို့ ထင်နေရာက နောက်ထပ်
အမျိုးမျိုးလည်း ရှိသေးတယ်ဆိုတာ သိရင် အမြဲအံ့သြတယ်၊
ပြီးတော့ သဘောကျတယ် မဟုတ်လား။


.
အခု ဦးဦးရောက်နေတဲ့ နေရာမှာ ဥသြတွေက တစ်မျိုးကွ။
သမီးတို့ဆီမှာ ဥသြဆိုတာ နွေရာသီရဲ့ သင်္ကေတပဲ။ ဥသြ
တွန်ရင် နွေရောက်ပြီ နွေဥသြလို့တောင် ခေါ်ကြသေးတာ။
ဒီမှာတော့ မိုးတစိမ့်စိမ့် ရွာနေတဲ့ကြားက ဥသြတွေတွန်နေ
တာကွ။ ဒါကြောင့် ဦးတို့ငယ်ငယ်က မှတ်ထားတဲ့ ဥသြ
တွန်သံကြားရင် နွေရောက်ပြီဆိုတာ မမှန်တော့ဘူးပေါ့။
ဒီမှာက ဆောင်းရာသီလည်း မရှိတော့ ဥသြဆိုတာ တစ်နှစ်လုံး
တွန်နေတာပဲ ပြောပါတော့။
.
ဒီလောက်ဆိုရင် ဒီနေရာဟာ ဘယ်နိုင်ငံလည်းဆိုတာ
အကင်းပါးတဲ့ သမီးနဲ့သား ရိပ်မိကြမှာပေါ့။ ဒီနိုင်ငံရဲ့ ထင်
ရှားတဲ့ပုံကို ပြောပါဆိုရင် ငါးကိုယ်လုံး နဲ့ ခြင်္သေ့ခေါင်းရဲ့
ပါးစပ်ထဲက ရေပန်းတွေ ထွက်နေတဲ့ပုံလို့ ပြောရင် သိပြီး
မဟုတ်လား။
.
လွန်ခဲ့တဲ့ နှစ်ငါးဆယ် ၀န်းကျင်က တံငါရွာသာသာ ဒီနေရာဟာ
ခုတော့ ဦးတို့ဆီက လူတွေ လာအလုပ်လုပ်ရတဲ့ တိုင်းကြီး
ပြည်ကြီး မြို့ပြကြီးဖြစ်နေပြီပေါ့။ အလုပ်ပိတ်ရက်ဆိုရင်
ပင်နီဆူလာဆိုတဲ့ နေရာမှာ မြန်မာတွေ လာစုရင်း ခုတော့
ဈေးဆိုင်တွေကအစ မြန်မာဆိုင်းဘုတ်တွေနဲ့ မြန်မာတွေ
သုံးတဲ့ ကုန်ပစ္စည်းတွေ၊ မြန်မာကြိုက် ရိုးရာအစာတွေနဲ့ မြန်မာ
နိုင်ငံရောက်နေသလား ထင်ရအောင် မြန်မာတွေ များလိုက်တာ..။
-*-*-*-*-*-
လေဆိပ်မှာ လာကြိုသူတွေ ၊ ဟောပြောပွဲ ဆွေးနွေးပွဲ
ကျင်းပဖို့ မြန်မာနိုင်ငံက လာသူတွေ အများစုဟာ ပညာ
တတ်တွေ များတယ်။ အထူးသဖြင့် အင်ဂျင်နီယာတွေ
အများဆုံးပဲ။ ဧည့်သည်တစ်ယောက်က ဒါကို ကြည့်ပြီး
မြန်မာပြည်က အင်ဂျင်နီယာတွေ အကုန် ဒီရောက်နေပြီ
လားလို့တောင် ပြောသေးတယ်။
.
ညဘက် လမ်းဘေးမှာတွေ့တော့ ဆောက်လုပ်ရေးတွေ၊
သင်္ဘောကျင်းတွေမှာ အလုပ်ကြမ်းဝင်လုပ်ရတဲ့ တို့နိုင်ငံ
သားတွေ အများစုကို တွေ့ရတော့တာပဲ။
.
ပင်နီဆူလာထဲ ဈေးလာဝယ်သူတွေ၊ ငွေလာလွှဲသူတွေ၊
အားလပ်ချိန်မို့ သူငယ်ချင်းတွေနဲ့ တွေ့ချင်လို့ လာသူ
တွေထဲ အများစုဟာ ဒီမှာ အိမ်အကူ လာလုပ်နေတဲ့
မိန်းကလေးတွေတဲ့။ အသက်တွေက ဆယ့်ရှစ်နှစ်ဝန်း
ကျင်တွေ။ ကလေးရုပ်တွေ မပျောက်သေးဘူးလို့ မြင်တာနဲ့
ပြောချင်စရာ ရုပ်ရည် ငယ်ရွယ်သူတွေချည်းပဲ တွေ့ရတယ်။
.
အားလပ်ရက်မို့ အပြင်ထွက်ခွင့်ရတုန်း အပြေးအလွှား
လာနေကြတာ လှောင်အိမ်တံခါးပွင့်လို့ ထွက်လာတဲ့
ငှက်တွေလိုပဲ။ သူတို့ကိုယ်မှာ တောင်ပံမပါပေမယ့်
ခြေတွေ လက်တွေက တောင်ပံ ဖျပ်ဖျပ်ရွှင်မြူးနေ ဆို
သလို ခတ်နေကြတယ်လို့ မြင်တာပဲ။
.
တိုင်းတစ်ပါးက လူမျိုးခြားတွေအိမ်မှာ တစ်ယောက်တည်း
အလုပ်လုပ်ကြရတာ ဆိုတော့ စကားပြောဖော်လည်း
မရှိကြဘူး။ တစ်ပတ်လုံး အထီးကျန်နေကြတာတဲ့။ ၇-ရက်မှ
တစ်ခါလောက် အားခွင့်ရတာ ဒီလို စုရပ်မှာ လာပြီး အဖော်
တွေနဲ့ နေချင်ကြတာ သဘာဝပေါ့။အဲဒီအထဲမှာ တချို့
အိမ်ရှင်တွေနဲ့ နားလည်မှုယူပြီး သဘောတူချက်တွေ
လုပ်ကြတယ်။ တစ်ပတ်ကို ဒေါ်လာ နှစ်ဆယ် ပိုရမယ်
အိမ်ပြင် မထွက်ဘဲ နေရမယ်တဲ့။ တစ်လကို ဒေါ်လာ
ရှစ်ဆယ်ပိုရမယ်ဆိုပြီး သဘောတူ လက်မှတ်ထိုးကြတာ
တကယ်တမ်းကျတော့ အိမ်ထဲ အမြဲမနေနိုင်တော့ဘူး။
ကိုယ့်ဟာကိုယ် တိုက်ပိတ်မိသလို ခံစားကြရတယ်။
ဆောက်လုပ်ရေးတို့ သင်္ဘောကျင်းတို့မှာ အလုပ်ကြမ်း
လုပ်ရတဲ့ ယောက်ျားလေးတွေမှာလည်း အများစုက
ငယ်ရွယ်သူတွေပါပဲ။ ဒါပေမယ့် တစ်နေကုန် ပင်ပန်း
လွန်းတော့ ညဘက်ကျရင် ဈေးရုံတန်းလေးတွေ၊ ရပ်ကွက်
ဈေးဆိုင်လေးတွေနားမှာ အရိပ်ခိုရင်း ၀ိုင်းဖွဲ့ကြရတာပဲ။
-*-*-*-*-*-
အင်ဒိုနီးရှား အစိုးရကတော့ သူ့နိုင်ငံသားတွေအတွက်
ကာကွယ်စောင့်ရှောက်နိုင်မယ့် အစီအစဉ်တွေ အားထုတ်
ထားထားတာ ရှိတယ်။ ဒီနိုင်ငံမှာ အိမ်အကူ လုပ်သူတွေဟာ
၂၄ နာရီ အိမ်ထဲနေရရင် မလိုလားအပ်တဲ့ စိတ်အနာတ
ရတွေ ဖြစ်တာမျိုး မရှိအောင်၊ မနက် ဘယ်နှစ်နာရီ
အလုပ်ဝင်၊ ညနေ ဘယ်နှစ်နာရီ အလုပ်ထွက်ပြီး အလုပ်
သမားတွေ စုနေတဲ့ တန်လျားကို ပြန် စသဖြင့် သဘော
တူချက် ယူထားတာမျိုးပေါ့။ အိမ်ရှင်နဲ့ ၂၄ နာရီ အတူနေ
ရရင် ဖြစ်လာတတ်တဲ့ ပြဿနာတွေကိုလည်း ရှောင်ရှား
စေချင်တာ ပါတာပေါ့လေ။
.
ဦးတို့နိုင်ငံက သွားလုပ်ကြတဲ့ အိမ်ဖော်တွေမှာ အလုပ်
သမား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ စည်းမျဉ်းစည်း
ကမ်းတွေ တိတိကျကျ သိသူ နည်းပါတယ်တဲ့။ ဒီလိုနဲ့
အလုပ်လုပ်ရတဲ့ အိမ်တွေထဲက မထွက် ဖြစ်ကြဘဲ အပြင်
လောကကြီးကို လွမ်းနေရတဲ့သူတွေ ရှိကြတာပေါ့။
သူတို့ရဲ့ လွမ်းတေး ညည်းသံဟာလည်း ဥသြ တွန်သံ
လွမ်းတေးလိုပဲပေါ့။ နွေဦးမှာမှ မဟုတ်ဘဲ ဆယ့်နှစ်ရာသီ
ကြားနေရာတမျိုးပါပဲ သမီးနဲ့သားတို့ရေ..။
- ချစ်တဲ့ ဦးဦး
- #မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၂ ၊ အမှတ် ၁၀၁ ဆောင်းပါး ]ဆရာမခင်နှင်းယု၏ကျော်ကြားသောဝတ္ထုခေါင်းစဉ်အား စွဲလမ်းစိတ်ဖြင့်အမှတ်တရသုံးပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...