Monday, September 5, 2016

ဦးနှောက်မတူသူများ

ဖြစ်ရပ်လေးတစ်ခုကို ပြောပြချင်တယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမျိုးသမီးတစ်ယောက် ဈေးကပြန်လာတော့ သူ့ရှေ့က လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ဘာရယ်မဟုတ်ဘူး။ ကျောက်ခဲတစ်တုံးနဲ့လှမ်းပေါက်လို့ အဝေးကို မောင်းထုတ်ခဲ့ဖူးတယ်။ အဲဒီနေ့က စပြီးတော့ ခွေးဟာ မနက်တိုင်း အမျိုးသမီး ဈေးကပြန်လာပြီဆိုရင် တောက်လျှောက် လိုက်ဟောင်တတ်လာတယ်။
လိုက်အဟောင် ခံရတဲ့ အမျိုးသမီးရဲ့ ဒေါသ အဆုံးစွန်ရောက် လာတဲ့ တစ်မနက် မှာတော့ ဈေးအပြန်မှာ အဆိပ်လူးထားတဲ့ အမဲတုံးနဲ့ ခွေးကို ပစ်ကျွေးခဲ့လိုက်တယ်။

ဒါကိုတွေ့လိုက်မိတဲ့ အနီးအနားက လူကြီးတစ်ယောက်ဟာ ပြေးထွက်လာပြီးတော့ ခွေးကို တား ပေမယ့် ခွေးက အမဲတုံးကို စားပြီးတော့ မြေမှာလူးလွန့်နေပြီ။
ဒါနဲ့ လူကြီးဟာ ချက်ချင်း ဆိုသလိုပဲ ခွေး ကို ဆရာဝန်ဆီခေါ်သွားဖို့ အကြံနဲ့ လှမ်းပွေ့တယ်။ ခွေးဟာ အလူးအလဲ ခံနေရပေမယ့် သူ့ကို လာပွေ့ တဲ့ လူကို ချက်ချင်း လှမ်းပြန် ကိုက်တယ်။
"အား!"
"ကောင်းတယ်။ ရှင်က လူစွမ်းကောင်းကြီးလုပ်ပြီး ဒီခွေးဆိုးကို ဝင်ကယ်တာကိုး။ ခံရတာတောင် နည်းသေးတယ်။" လို့ ဈေးဝယ်သူ အမျိုးသမီးက လူကြီးကို လှမ်းပြောလိုက်တယ်။
လာကယ်တဲ့လူကြီးလည်း ဒေါသထွက်ထွက်နဲ့ ခွေးကို ကြည့်ရင်း "တောက်! နင့်ကို ကယ်ဖို့လာတာဟ ခွေးမရဲ့! ငါ့ကိုပြန် ကိုက်မှတော့ နင့်ထိုက်နဲ့ နင့်ကံ! သွား!" လို့ ဆိုပြီးတော့ ခွေးကို လွှတ်ချလိုက်တယ်။
ဖြစ်စဉ် အစအဆုံးကို လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း မြင်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဟာ ပိုက်ဆံ မြန်မြန်ရှင်းပြီး သူတို့ အနားကို ရောက်သွားတယ်။ အမျိုးသမီးနဲ့ လူကြီးတို့ သူ့ကိုဝိုင်း တားနေတဲ့ ကြားက သူဟာ ခွေးရဲ့ပါးစပ်ကို မဟအောင် အရင်ဆုံး လက်နဲ့ဖိပိတ်လိုက်တယ်။ ပြီးတာနဲ့ ခွေးကို ပွေ့ချီပြီးတော့ တစ်လမ်းကျော်က သူငယ်ချင်း တိမွေးကု တစ်ယောက်ဆီကို ခေါ်သွား လိုက် တယ်။
အဆိပ်က သိပ်မပြန့်နေသေးတာ ကံကောင်းတယ်လို့ ပြောရမယ် ထင်တယ်။ ခွေးမလေးဟာ သေချာ ဂရုတစိုက်နဲ့ တစ်ပတ်လောက် ကုယူလိုက်တဲ့အခါ ပြန်ကောင်းလာခဲ့တယ်။
ဒီဖြစ်စဉ်လေးကနေ ဘာသင်ခန်းစာ ရသလဲ ဆိုရင် ခွေးတစ်ကောင်ရဲ့ဦးနှောက်က ကောက်ကျစ်မှု ကိုမသိနိုင်တာကို တွေ့ရပါလိမ့်မယ်။ သူနေ့စဉ် ရက်ဆက် ထိုးဟောင်နေတဲ့ လူတစ်ယောက် ပစ်ကျွေး တဲ့ အစာကို လွယ်လင့်တကူစားမိသွားတယ် မဟုတ်လား။ သာမန်လူတစ်ယောက် အနေနဲ့ ကောင်း ကောင်း ဆက်စပ်တွေးနိုင်တဲ့ အဖြေကို ခွေး မတွေးနိုင်ခဲ့ပါဘူး။ ဆိုလိုတာက ခွေးဦးနှောက် ဖွဲ့စည်းပုံ မှာ ဒီလို သိမှု မြင့်မားတဲ့ အကြံအစည်တွေကို ရုပ်လုံးဖော်နိုင်စွမ်း မရှိကြောင်း သုံးသပ်နိုင်ပါတယ်။
ဒါ့ကြောင့် ကောက်ကျစ်မှုဆိုတာ ခွေးဦးနှောက်က နားလည်နိုင်စွမ်း မရှိတဲ့ ပိုမြင့်မားသော အတွေးအခေါ် ဖြစ်တယ်။ ပြီးတော့ လာကယ်တဲ့ လူကြီးရဲ့ စာနာမှုဆိုတာလည်း ကောက်ကျစ်မှုနဲ့ နှိုင်းယှဉ်ရင် အဆမတန် သာလွန်တဲ့ အတွေးအခေါ်ဖြစ်တယ်။ ဒါ့ကြောင့် ကောက်ကျစ်သူတို့ရဲ့ ဦးနှောက်ဟာ စာနာမှုကို မသိနိုင်ခြင်း ဖြစ်ပါတယ်။
ခွေးက ခွေးအလုပ်လုပ်တယ်။ ကောက်ကျစ်သူက ကောက်ကျစ်တဲ့အလုပ်လုပ်တယ်။ စာနာသူက စာနာသူ အလုပ်လုပ်တယ်။
သို့သော် ခွေးက ခွေးအလုပ်ဖြစ်တဲ့ "သူ့ကို လာထိရင် ကိုက်ခြင်း" ဆိုတာကို လုပ်မယ်မှန်း စာနာသူ လူကြီး မသိတဲ့အခါ သူ့ကိုခွေး အကိုက်ခံရတယ် မဟုတ်လား။ ဒီမှာ သူကပါ ခွေးကို ရန်ဘက်အနေနဲ့ သဘောထားမိလာခဲ့တယ်။ စာနာစိတ် ချက်ချင်း ပျောက်သွားပြီးတော့ ခွေးကို ပစ်ချလိုက်တယ်။
တကယ် အဲ့ဒီလို အလုပ်အားလုံးကို သိတဲ့ဦးနှောက်ကမှ ခွေးရော ကောက်ကျစ်သူရော စာနာသူရော ကိုပါ မေတ္တာ ထားနိုင်တယ်။ အလုပ်ဖြစ်အောင် ဆွဲလုပ်နိုင်တယ်။ ဘာပြီးရင် ဘာလုပ်ရမလဲဆိုတာကို တပ်အပ် သိသူလည်း ဖြစ်တယ်။
- မှတ်စုကြမ်း #kyawnge

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...