Monday, September 19, 2016

ရခိုင်ပြသနာနှင့် ရာဇာပလ္လင် ဦးလှဝင်း (လေသူရဲတစ်ဦး)

U Hla WinFollow

၂၁ ပင်လုံ ညီလာခံ ပြဿနာ…။
နောက်… ဒီနေ့ ရခိုင်ပြဿနာ…။
ဒီပြဿနာ (၂)ခုအကြောင်းကို ကျွန်တော် လုံးဝ စာမရေးချင်ပါဘူး။
ဘာကြောင့်လဲ။
အားနာလို့ ခင်ဗျား။
အစိုးရ… စစ်တပ်… နောက်… ဦးဆောင်နေကြတဲ့ တာဝန်ရှိသူနှင့် သက်ရောက်နေသူအားလုံးကို အနှောင့် အယှက် မဖြစ်စေချင်လို့ပါ။
မိမိရဲ့စာက ကောင်းတဲ့ဘက်ကို အထောက်အကူပြုခဲ့ရင်တော့ ကောင်းတာပေါ့ ခင်ဗျား။ မပြုခဲ့ရင်တော့ ပြည်သူနှင့် အတူ စိတ်မချမ်းမသာ ဖြစ်ရတော့မယ်။


ခက်ပါတယ်။
ဒီနေ့တော့ ဝင်ရေးမှ ဖြစ်တော့မယ်။
ဒီအပတ်မှာတော့ ရခိုင် (ANP)ပါတီအပေါ် ကျွန်တော် ဘယ်လို မြင်နေတယ်ဆိုတာကို ရေးပါမယ်။
ရယ်ရပါတယ်။
ဒီနေ့ ရခိုင်ပြဿနာနှင့် ပတ်သက်ပြီး (NLD)အစိုးရ ကြေငြာချက် ထုတ်သမျှ အားလုံးနီးပါးကို (ANP) ပါတီက ကန့်ကွက်နေတယ်။
ဘာကြောင့် ကန့်ကွက်နေတာလဲ။
ရခိုင်လူထု အကျိုးစီးပွားအတွက် ကန့်ကွက်တာလား။
သူတို့ ပါတီရဲ့ အကျိုးစီးပွားအတွက် ကန့်ကွက်နေကြတာလား။
(ကိုဖီအာနန်) ဦးဆောင်တဲ့ အဖွဲ့ဝင် (၉)ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့တယ်။
ချက်ချင်း ဦးအေးမောင်က ထကန့်ကွက်တယ်။
နိုင်ငံခြားသား သုံးဦးပါဝင်နေတဲ့ အဖွဲ့ဖြစ်နေတဲ့အတွက် သူတို့ ရခိုင်ပြဿနာက အပြည်ပြည်ဆိုင်ရာ ပြဿနာ ဖြစ်ကုန်မယ်။ ဖြေရှင်းရ ပိုခက်ကုန်မယ်တဲ့။
ရယ်ရတယ် ခင်ဗျား။
ရခိုင်ပြဿနာက အပြည်ပြည်ဆိုင်ရာ ပြဿနာဖြစ်နေတာ ကြာပါပြီ။ ဘာကြောင့် ဦးအေးမောင် ဒီနေ့ အထိ မသိသေးတာလဲ။ ဦးသိန်းစိန်ခေတ်ကတည်းက ဒီပြဿနာကို အလွန် သတိထားပြီး ကိုင်တွယ်ခဲ့ပါတယ်။ ဒီပြဿနာက အလွန် သိမ်မွေ့တယ်။
နောက်… ခုဖွဲ့စည်းတဲ့ (၉)ဦးအဖွဲ့မှာ (၆)ဦးက မြန်မာလူမျိုးတွေပါ။ အဲဒီထဲမှာ တဝက်က ရခိုင်တွေ…။
“ဒီ သုံးယောက်က ရခိုင်တွေဖြစ်ပေမဲ့ ရန်ကုန် ပြောင်းသွားကြတာ ကြာပြီ။ ဒီနေ့ ရခိုင်ပြဿနာကို အမှန် တကယ် သိတဲ့ လူတွေ မဟုတ်ဘူးတဲ့။”
ရယ်ရတယ် ခင်ဗျား။
ဘယ်သူ ရခိုင် ပိုစစ်တယ် ပိုသိတယ်ဆိုတဲ့ ပြိုင်ပွဲ တစ်ခုလုပ်ရမလို ဖြစ်နေပါပြီ။
ဒီလူတွေရဲ့ မိဘမျိုးနွယ် အဆင့်တွေကို အသေအချာ ပြန်စစ်ကြည့်ပါ။
(ANP) ဥက္ကဌ ဦးအေးမောင်ဆိုသူရဲ့ အမျိုးနွယ်အဆင့်တွေကို ပြန်စစ်ဆေးကြည့်ပါ။
တိုင်းပြည် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကိုလည်း ပြန်စစ်ကြည့်ပါ။
ဥက္ကဌကြီး ဦးအေးမောင်ဟာ (၁၀. ၄. ၂၀၀၉)နေ့ကမှ ကယားပြည်နယ် တိရိစ္ဆာန် ဆရာဝန်ဘဝမှ ဆေးပင်စင် ယူခဲ့တဲ့ လူပါ။
သူက နိုင်ငံရေးသမား စစ်စစ် မဟုတ်ပါဘူး။ ခါတော်မှီ နိုင်ငံရေးသမား။ အမှုထမ်းဘဝမှ ၂၀၀၉မှာ ထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်တယ်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတယ်။ အလွန် ကံကောင်းပါတယ်။
အမှုထမ်းဘဝမှ ထွက်ပြီး တစ်နှစ်အတွင်း လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။
သူ့တွင် တိုင်းပြည်အတွက် နိုင်ငံရေးနှင့် ပတ်သက်ပြီး စွန့်စား အနစ်နာခံထားဖူးတဲ့ သမိုင်း အစဉ်အလာ ဘာမှ မရှိပါဘူး။
လူတိုင်း မှတ်မိကြပါလိမ့်မယ်။
၂၀၁၀ ရွေးကောက်ပွဲကလည်း အလွန် ချောင်တဲ့ ရွေးကောက်ပွဲပါ။ USDP ပါတီ တစ်ခုထဲကို ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲ။
ဟော… ဒါကြောင့်လည်း ပါတီစုံပါတဲ့ ၂၀၁၅ ရွေးကောက်ပွဲကြတော့ သူ့ကို မရွေးကြတော့ပါဘူး။
ဒါပေမဲ့ ဒီနေ့ ရခိုင် (ANP) ဥက္ကဌကြီးကတော့ သူပါပဲ။
ပုဂ္ဂိုလ်ရေးအရ သူနှင့် ကျွန်တော် လုံးဝ မသိကြပါဘူး။
(၁. ၂. ၂၀၁၆)နေ့ထုတ် Voice ဂျာနယ်မှာ “ကြောင်ရုပ်ဖြစ်ပါစေ ကြွက်သေတာ လိုရင်း” ဆိုတဲ့ ဆောင်းပါး ကို ကျွန်တော် ရေးခဲ့ပါတယ်။
ရခိုင် (ANP) ပါတီက သူတို့ အမတ် (၂၁)နေရာ အနိုင်ရထားတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို သူတို့ ပါတီကို ဦးဆောင်ဖွဲ့ခွင့် ပေးပါဆိုတဲ့ ကြေညာချက်ကို ဝေဖန်ထားတဲ့ ဆောင်းပါးပါ။
ကျွန်တော်က ကန့်ကွက်တယ်။
ရခိုင်အစိုးရအဖွဲ့ကို ဦးဆောင်သင့်တဲ့ ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်နယ်ကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးသင့်တယ်။ ရခိုင် ဖြစ်တာ မဖြစ်တာ အရေးမကြီးဘူးလို့ ရေးခဲ့ပါတယ်။
အဲ့ဒီ ဆောင်းပါးမှာလည်း (ANP)ပါတီ ဥက္ကဌကြီး ဦးအေးမောင်ကို မဝေဖန်ချင်ပဲ ဝေဖန်ခဲ့ရပါတယ်။
သူဟာ ကာလတိုလေး တစ်ခုအတွင်းမှာ အမှား (၂) ခုကို ကျူးလွန်ထားပါတယ်။
(၁) “သေနတ်တစ်လက် မကိုင်ပဲ၊ ကျည်ဆံတစ်ထောင့် မသုံးပဲ ရခိုင်ပြည်နယ်ရဲ့ အချုပ်အခြာ အာဏာကို ပြည်သူ့နည်းနှင့် ပွင့်ပွင့်လင်းလင်း ပြောမယ်။ ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် ရခိုင်ပြည်နယ်ကို ကျွန်တော်တို့ အာရုံ စူးစိုက်ပါတယ်။”
ဒီစကားကို သူ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းက ပြောခဲ့တဲ့ စကားပါ။ ဥပဒေနှင့် လုံးဝ ဆန့်ကျင်နေတဲ့ စကားပါ။ သမ္မတ ဦးသိန်းစိန် သူ့ကို ဖမ်းဆီးနိုင်၊ တရားစွဲနိုင်တဲ့ အပြောအဆို…။ ဘာကြောင့်လဲ။ အချုပ်အခြာ အာဏာ (Sovereignty)ဆိုတာက ပြည်ထောင်စုမှာမှ ရှိတာ။ ပြည်နယ်က တောင်းလို့ မရဘူး။
(၂) “ပြင်ဦးလွင် စစ်တက္ကသိုလ်ဆိုတာ Year 1 to Year 4 လား မသိဘူး။ အားလုံး မူဝါဒ အရပဲ သင်တာကိုး။ အဲဒီမှာ ကရင် အကြောင်းလည်း မကောင်းတာ ပါမှာပေါ့။ ရခိုင်အကြောင်းလည်း မကောင်းတာ ပါမှာပေါ့။ အဖွဲ့အစည်းကို ဆန့်ကျင်ရဲအောင် သင်မှာပေါ့။”
ဒီစကားကလည်း သူ ပြောခဲ့တဲ့ စကား။
ဒီစကားက တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် ပြောတဲ့ စကား ဖြစ်မနေဘူးလား။
မှန်ပါတယ်။
ဒီစကားက (FB)ပေါ်မှာ သူ့ကို ဝိုင်းဆဲကြတဲ့ ဝေဖန်သံတွေ ပွက်ပွက်ကို ညံသွားခဲ့ပါတယ်။
သူ ကံကောင်းပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သူ့ကို ဘာမှ အရေးမယူဘူး ခင်ဗျား။
တိုတို ပြောရရင်တော့ ဒီနေ့ ရခိုင် (ANP) ပါတီက ဒီလို ပုဂ္ဂိုလ်မျိုး ဦးဆောင်နေတဲ့ နိုင်ငံရေးပါတီ။
ဟော… တနေ့က ကိုဖီအာနန် ဦးဆောင်တဲ့ “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်း” အမိန့်ကို ကန့်ကွက်တယ်ဆိုတဲ့ အဆိုကို လွှတ်တော်မှာ တင်တယ်။
မယုံနိုင်စရာပါဘဲ။
လွှတ်တော် ကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းရှိတဲ့ တပ်မတော် ကိုယ်စားလှယ်တိုင်းက အဆိုကို ထောက်ခံ တယ်တဲ့။
ဖြစ်ချင်တော့ အဲဒီနေ့က လွှတ်တော်မှာ ခလုပ်နှိပ်ပြီး လျှို့ဝှက် မဲဆန္ဒပေးနိုင်တဲ့ စက်ကလည်း ပျက်နေ တယ်။
ဒါကြောင့် ဆန္ဒ မဲပေးတာကို မတ်တပ် ထပြီး ရပ်ပြကြရတယ်။
အကုန် ပေါ်တင်ကြီး ဖြစ်ကုန်တာပေါ့ ခင်ဗျား။
စစ်တပ်ဟာ အတိုက်အခံ ပါတီ မဟုတ်ပါဘူး။ ကြားနေရမဲ့ အဖွဲ့အစည်းပါ။ ဒုက္ခသည် စခန်းတွေမှာ စစ်သားဟောင်းတွေရဲ့ မိသားစုတွေလည်း ရှိပါတယ်။ သူတို့ကို အရင် ကယ်ပေးကြပါဦး။ ရဲဘော်တစ်ဦးရဲ့ ငိုသံကို ဟိုတလောက RFA မှ ကြားလိုက်ပါတယ်။
ခု ဖွဲ့စည်းလိုက်တဲ့ အဖွဲ့က အကြံပြုရေး အဖွဲ့ပဲ။ လက်တွေ့ ဆောင်ရွက်ပေးနိုင်တဲ့ အဖွဲ့မှ မဟုတ်ဘဲ။ သူတို့ ပေးတဲ့ အကြံကို အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ လွှတ်တော်တွေကို တင်ပြရဦးမယ်။
ရခိုင် ပြဿနာကို မဖြေရှင်းဘဲ ဒီအတိုင်း ပစ်ထားကြတော့မှာလား။ ဆန္ဒပြတာ၊ ကန့်ကွက်တာတွေပဲ လုပ်နေကြတော့မှာလား။
ဘယ်သူ နစ်နာမလဲ။
ရခိုင်မြေပေါ်မှာ နေကြတဲ့ ဆင်းရဲတဲ့ ရခိုင်လူထုပဲ မဟုတ်လား။ နိုင်ငံရေးသမား ANP ပါတီ ခေါင်းဆောင် တွေအပေါ် သက်ရောက်နိုင်တဲ့ ထိခိုက်မှုက ပါးပါးလေးပါ။
ဒီလို အကြံပေး အဖွဲ့မျိုးကို သမ္မတ ဦးသိန်းစိန် ခေတ်ကလည်း ဖွဲ့စည်းခဲ့ဖူးပါတယ်။ အဲဒီ အဖွဲ့အစည်းမှာ အဖွဲ့ဝင်အဖြစ် ကိုယ်တိုင် ပါဝင်ခဲ့ဖူးတဲ့ မင်းသား လူရွှင်တော် ကိုဇာဂနာက (DVB)နှင့် အင်တာဗျူးမှာ ထုတ်ပြောပါ တယ်။
“ဆရာ ဦးဇာဂနာတို့ အဖွဲ့က အဲဒီအချိန်က အစိုးရအဖွဲ့ကို တင်ပြခဲ့တဲ့ အကြံပြုစာက ဘယ်လောက် အသုံးဝင်ပါလဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဘာမှ အသုံးမဝင်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ တင်သွင်းတဲ့ အစီရင်ခံစာက တော်တော်လေးကို ပြည့်စုံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆင့်က တွေ့ရှိချက် အကြံပြုချက်ကို တင်ပြရုံ အဆင့်သာ ရှိပြီး လက်တွေ့ အကောင်အထည် ဖော်ရမှာက သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန် ဖြစ်နေတယ်။ ကျွန်တော် မှတ်မိသလောက် ကျွန်တော်တို့ အကြံပြုချက်ရဲ့ ၂၀(နှစ်ဆယ်) ရာခိုင်နှုန်းလောက်ကိုပဲ လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။ ရိုးရိုး ပြောရရင်တော့ ကျွန်တော်တို့ ကော်မရှင် အစီရင်ခံ စာကြီးဟာ ဘာမှ လက်တွေ့ အသုံးမကျခဲ့ပါဘူး” ... တဲ့။
ဦးဇာဂနာတို့ အဖွဲ့မှာ နိုင်ငံခြားသား မပါဘူး။
ကဲ… ရှင်းနေပါပြီ။
လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အာဏာ မရှိတဲ့ အဖွဲ့ကို ဘာကြောင့် ဒီနေ့ ဥက္ကဌ ဦးအေးမောင် တို့ ANP ပါတီက လက်သီး လက်မောင်း တန်းပြီး ကန့်ကွက်နေကြတာလဲ။
လွှတ်တော်မှာရော ဘာကြောင့် စစ်တပ် ကိုယ်စားလှယ်ကြီးတွေက ဝိုင်း ကန့်ကွက်နေကြတာလဲ။
(ကိုဖီအာနန်)က ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်ဟောင်းပါ။ နောက် ဒီအဖွဲ့ဝင် အားလုံးက နယ်ပယ် အသီးသီးက ထိပ်သီးတွေကြီးပါပဲ။
နောက်… ဒီနေ့ ရခိုင်ပြဿနာက အလွန် သိမ်မွေ့ပြီး ပညာဥာဏ်နည်းတဲ့ လူတွေကိုသာ ကိုင်တွယ်ခွင့် ပေးလိုက်ရင် အလွန် အန္တရာယ် များလှပါတယ်။
ဒီပြဿနာမှာ ကျွန်တော် အအံ့သြဆုံးက စစ်တပ်မှ အမတ်မင်း (၂၅)ရာခိုင်နှုန်းက ANP ပါတီ ဥက္ကဌ ဦးအေးမောင်တို့ ပေးစေချင်တဲ့ ဆန္ဒ ပြုမှုမျိုးကို လွှတ်တော်မှာ ပြုပေးခဲ့ကြတာလဲ။
စစ်တပ်အပေါ်မှာ ဦးအေးမောင် ဘယ်လို မြင်နေတယ် ဆိုတာကိုလည်း ကျွန်တော် ထောက်ပြပြီးပါပြီ။
ဒီနေ့ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန် အချိန်ကို ဦးဆောင်မဲ့ ခေါင်းဆောင်လောင်း မရှိသေးပါ ဘူး။
(NLD)ပါတီမှာဆိုရင် နံပါတ် (၂)ပါလို့ သတ်မှတ်ထားသူပင် မရှိပါဘူး။
နိုင်ငံရဲ့ ဒုတိယ အင်အားအကြီးဆုံး ပါတီဖြစ်တဲ့ (USDP)ပါတီကလည်း ဥက္ကဌသစ်ကိုတောင် အခုမှ ရွေး ချယ်ပြီးစ ရှိပါသေးတယ်။
ကျန် နိုင်ငံရေးပါတီတွေကလည်း (NLD)နှင့် (USDP)ပါတီတွေ အနောက်မှာ ဆယ်မိုင်လောက် ကျန်ရစ် နေပါတယ်။
ကျွန်တော့်ကို ဝိုင်းပြီး မဆဲကြပါနှင့်။
ကျွန်တော် ရိုးရိုးသားသား အမှန် မြင်တာကို ပြောတာပါ။
ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန် အချိန်မှာ ဒီနေ့ ကျွန်တော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အဖြစ်နိုင်ဆုံး နံပါတ်(၂) ပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါပဲ။
တပ်မတော်မှာ ဒီပုဂ္ဂိုလ်က ထူးခြားတဲ့ အရည်အချင်း တစ်ခုခု မရှိဘဲ ဘယ်တော့မှ ကာကွယ်ရေး ဦးစီးချုပ် မဖြစ်လာနိုင်ပါဘူး။
တိုင်းပြည် ခေါင်းဆောင် ဖြစ်ဖို့ဆိုတာကတော့ ပြည်သူနှင့် လက်တွဲရပါမယ်။
ဒီနေ့ စစ်ခေါင်းဆောင်အဖြစ်မှ ပြည်သူ့ ခေါင်းဆောင်အဖြစ် ဘယ်လို လုပ်မှာလဲ။
လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။
(၁) ပြည်သူ့ ဆန္ဒနှင့် မိမိ ဆန္ဒကို တစ်ထပ်ထဲ ဖြစ်အောင် မိမိ စိတ်ကို မိမိ ပြုပြင်ရပါမယ်။
(၂) ဒီနေ့ စစ်တပ်ကို ပြည်သူတွေက အခွင့်အရေးတွေ ပိုယူထားတဲ့ အဖွဲ့အစည်းလို့ မြင်နေကြပါတယ်။
ဘာကြောင့်လဲ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခွင့်အရေးတွေ အများကြီး ပိုပေးထားတဲ့ အတွက်ကြောင့်ပါပဲ။ မှန်ပါ တယ်။
ဒီပြဿနာနှင့် ပတ်သက်ပြီး ဦးစီးချုပ်အနေနှင့် ပြည်သူကို ရှင်းပြပါ။
*ဒီ ၂၀၀၈ ဥပဒေအရ တပ်ကို အထူး ပေးထားတဲ့ အခွင့်အရေးတွေကို နိုင်ငံအတွက်… အဲ… ပြည်သူ့ အကျိုး စီးပွားအတွက် မသုံးမဖြစ်တဲ့ အခြေအနေ အချိန်အခါမျိုးမှ လွဲပြီး ဘယ်တော့မှ ကျွန်တော် မသုံးဘူး။ ငါတို့ ပြည်သူနှင့် တန်းတူ အခွင့်အရေးပဲ ယူမယ်။ ပို မယူဘူး။
*ဦးသန်းရွှေ ခေတ်က ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေမျိုးကို ရေးဆွဲသွားခဲ့တာ စစ်အာဏာရှင် စနစ်က ဒီမို ကရေစီ စနစ်ကို ပြောင်းလဲတဲ့ဆီမှာ ထွက်ပေါက်… အင်္ဂလိပ်လိုတော့… Egress… အဖြစ် သုံးခဲ့တာ။
ခင်ဗျားတို့ ဘာမှ မပူပါနှင့်။ စစ်တပ်ဟာ ပြည်သူလူထုအထဲက ပြည်သူပဲ။ ပြည်သူ့ သဘော ပြည်သူ့ ဆန္ဒနှင့် ဘယ်တော့မှ မဆန့်ကျင်ဘူး။ ပထမဆုံး ၂၁ ပင်လုံ ညီလာခံကိုသာ အောင်မြင်အောင် လုပ်ကြပါဦး။
အားလုံး လက်ခံနိုင်တဲ့ ဖယ်ဒရယ်မူ တစ်ခုကိုသာ ရအောင် ရှာကြပါ။ ညှိနှိုင်းကြပါ။
ဒီလိုသာ ပြောဝံ့ရင် စစ်တပ်အပေါ် လူထုအမြင် ချက်ချင်း ပြောင်းသွားပါလိမ့်မယ်။
*ဒီနေ့ (NLD) အစိုးရမှာ အခက်အခဲ အမျိုးမျိုး ရှိနေပါတယ်။ ဒီနေ့ နိုင်ငံရဲ့ စီးပွားရေးက အီနေပါတယ်။ အုပ်ချုပ်ရေး စနစ်ကလည်း လမ်းဟောင်း အပြင်ကို မထွက်နိုင်သေးပါဘူး။
ပြည်သူ့ အားကို အများကြီး လိုသလို တပ်မတော် အားကိုလည်း အများကြီး လိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိမိ အစ်မ အရင်းသဖွယ် သဘောထားပြီး သူမရဲ့ အခက်အခဲတွေကို မိမိ တတ်စွမ်းသမျှ အကူအညီ ပေးလိုက်ပါ။ သူ့ လူတွေ အောင်မြင်အောင် မလုပ်နိုင်တာတွေကို မိမိ အောင်မြင်အောင် လုပ်ပြပါ။
ပြည်သူ တစ်ရပ်လုံးရဲ့ မေတ္တာ ချက်ချင်း မိမိအပေါ် သက်ရောက်လာပါလိမ့်မယ်။ လူထု ခေါင်းဆောင် အလိုလို ဖြစ်သွားပါလိမ့်မယ်။

ဦးလှဝင်း (လေသူရဲတစ်ဦး)
၈. ၉. ၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...