Wednesday, July 13, 2016

"မဘသ ကို ဝေဖန်မိလို့ ထောင်ချခံရသူ ဆရာထင်လင်းဦးရဲ့ ပြန်စာ"

Yu Yu Wai

(ဆရာထင်လင်းဦးဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မဘသကို ဝေဖန်မိလို့ သာသနာညှိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ထဲမှာ ၁၄ လ နေခဲ့ရပါတယ်
ပေးစာကတော့ မဘသကို အသိအမှတ်မပြုကြောင်း မဟန အဖွဲ့က ကြေငြာချက်ထုတ်လိုက်တာကို မအိအိမွန်ကသိလိုက်တဲ့အခါ ဆရာထင်လင်းဦးကို အကြောင်းကြားခဲ့တဲ့ စာပါ)

အိ အိ မွန် သို့
......................
မပန် (ပန်ဆယ်လို)ရေ
သမီးရဲ့ ပို့စ်ကိုဖတ်ရပါတယ်

စိတ်ကောင်းသလောက် စိတ်ကြီးတဲ့ သမီးလေးကိုလည်း သိစေ
စိတ်ဖြောင့်သလောက် စိတ်ဆတ်တဲ့ အခြားသော ညီညီမတွေလည်း သိစေဖို့
ဆရာ့ရင်ထဲကစကားကို ဖြေပေးလိုက်ပါတယ်
ရွာတရွာမှာ ဆိုးသွမ်းသောင်းကျန်းပြီးရွာသားတွေကို
ဒုက္ခပေးနေတဲ့ ကျားဆိုးတကောင်ကို
ရွာသားတွေက နှိမ်နင်းကြရတယ် ဆိုတာ ဘ၀ပေးတာဝန်ပါပဲ ။
အဲဒီအချိန်မှာတော့ ကျားဝင်လာမှန်းသိအောင် တုံးခေါက်တဲ့သူကခေါက်
ဓားဆွဲလှံကိုင် နဲ့ ရင်ဆိုင်တဲ့သူကလည်းရင်ဆိုင်ကြရတယ်
ကျားနဲ့ ပထမဆုံး ပက်ပင်းတွေ့ ရင်ဆိုင်ရသူမှာတော့ အထိအခိုက်ဒဏ်ရာများတာပေါ့ကွယ်
ဒါပေမဲ့ အဲဒီလူရဲ့ ထိခိုက်နာကျင်မှုဟာ အကြောင်းမဲ့ကိုမဖြစ်စေခဲ့ဘူး
ရွာသူရွာသားတွေက ဒီကျားကို အလွတ်ပေးလို့တော့ မဖြစ်တော့ဘူး ဆိုတဲ့စိတ်တွေကို ခိုင်မာစေခဲ့တာပေါ့
အဲဒီလိုနဲ့ ၀ိုင်းဝန်းရင်ဆိုင်လိုက်ကြတဲ့ အခါ
ကျားဆိုးဟာ မြေမှာလဲပြီးသေရတယ် ဆိုပါတော့
မပန်ရေ
ရွာသူရွာသားအားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ ကျားဆိုးဟာ
သူကြီးရဲ့ နှစ်လုံးပြူးကျည်ဆံနဲ့ပဲ သေသေ
ကာလသားခေါင်းရဲ့ ဓားချက်နဲ့ပဲသေသေ
မုဆိုးမ အကြော်သည်ရဲ့ လှံချက်နဲ့ပဲသေသေ
နွားကျောင်းသား လူပျိုပေါက်ကလေးရဲ့ ကောက်ဆွချက်နဲ့ပဲသေသေ
သေဖို့သာလိုရင်းမဟုတ်လား
ငါသတ်တာ သူသတ်တာလို့ ဒို့ ဂုဏ်ယူနေစရာမလိုပါဘူး
ဒို့ရွာကလေး အန္တရာယ်ကင်းသွားတာကိုပဲ ဒို့ဝမ်းသာကြရမှာ
ဆရာ့ရင်တွင်းခံစားချက်ကတော့
လူတယောက် ဒါမှမဟုတ် အသင်းအဖွဲ့တခုခုကို ဒါမှမဟုတ် အကြောင်းအရာတခုခုကို
လိုအပ်လို့ ဆရာ ရင်ဆိုင်တိုက်ခိုက်ရပေမဲ့
အနိုင်တိုက်ဖို့ အားသွန်ခွန်စိုက်ပေမဲ့
သူတပါး ရှုံးနိမ့်ခြင်းမှာ ဆရာဟာ ဘယ်တော့မှ ၀မ်းမသာတတ်ဘူးဆိုတာပါပဲ
ဆရာကိုယ်တိုင် အရေးနိမ့်ရချိန်မှာ
ငါ့မှာလိုအပ်ချက်ရှိသေးလို့ လို့ စိတ်ကိုပြင်တယ်
စူးဟာ တောင်းကိုဖောက်နိုင်ပေမဲ့ တောင်ကို မဖောက်နိုင်ဘူး
တောင်ကိုဖောက်နိုင်ဖို့ဆိုရင် ငါဟာ စိန်လွန်သွားဖြစ်အောင်လုပ်ရမယ်လို့
ကိုယ့်ကို ကိုယ် တွန်းအားပေးတယ်
ယှဉ်ပြိုင်ဘက် ရှုံးနိမ့်ချိန်မှာ သူ့ကို လက်တွဲဖေးမဖို့ ဆရာအသင့်ပြင်ထားတယ်
လူတိုင်းဟာ မှားတတ်ကြတာပဲ သူ့အမှားကို ပြင်ဆင်နိုင်ဖို့ ငါကူညီပေးရမယ် လို့
ဆရာ့စိတ်ကို နယ်ကျယ် ပေးထားတယ် ။
သမီးရေ ..
တကယ်တမ်းကျတော့
လူ့အသိုက်အ၀န်း တခုထဲက လူအချင်းချင်း
အနိုင်အရှုံးသတ်မှတ် ယှဉ်ပြိုင် နေရခြင်းကိုက
ကြီးမားလှတဲ့ ချွတ်ယွင်းချက်ကြီးပါပဲ
သိင်္ဃသူ့သမီးကျောက်စာကို သမီးတို့ ဆယ်တန်းမှာသင်ခဲ့ရမှာပါ
အမျက်အအီ တစေ့မရှိ ချစ်သောမျက်စေ့ဖြင့်သာ ကြည့်လို၏ ဆိုတာလေ
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်လောက်ကတည်းက
ပြဌာန်းခဲ့တဲ့ ဒီစာကို မဖတ်ရဘဲ ဆယ်တန်းအောင်ခဲ့တဲ့သူမရှိပါဘူး
ဒါပေမဲ့ တော်တော်များများက ဒီစာကို ဖတ်ရုံပဲဖတ်ခဲ့ကြတယ်
စာမေးပွဲအောင်ဖို့ပဲ ရည်မှန်းပြီးဖတ်ခဲ့ကြတယ်
ဆရာက ဒီစာလေးကိုဖတ်ပြီးတော့ ငါ့ကို သင်ကြားလိုက်တာပဲလို့ မှတ်တယ်
အမြဲခေါင်းထဲထားနေတယ် အမြဲကျင့်သုံးဖို့ကြိုးစားနေတယ်
သမီးရေ ..
ဆရာ့ဘ၀ကို ဒီလိုပြောင်းလဲပေးခဲ့တာ စာအုပ်ကြီးတွေမဟုတ်ကြပါဘူး
အဲဒီလို စာတိုလေးတွေပဲဖြစ်ပါတယ်
ငါ့ကိုသတ်တဲ့သူတွေဟာ ငါ့ထက်သူရဲဘောကြောင်သူတွေသာဖြစ်တယ် ။
ငါ့ကိုသာသတ်လို့ရမယ် ငါ့ယုံကြည်ချက်နဲ့ အမှန်တရားကို သတ်လို့မရဘူး ..
ဆိုတဲ့ ဂျော်ဒန်နိုဘရူနိုရဲ့ စကား
ကမ္ဘာကြီးဟာ မကောင်းမူလုပ်သူတွေကြောင့် ပျက်မှာ မဟုတ်ဘူး
အဲဒီလိုလုပ်နေသူတွေကို ဟန့်တားဖို့ပျက်ကွက်သူတွေ
(ကြောင်တောင်ကြည့်နေသူတွေ)ကြောင့်
ပျက်စီးရမှာ … ဆိုတဲ့ အဲလဘတ်အိုင်းစတိုင်းရဲ့ စကား
ဒီစကားတွေဟာ ဆရာ့ကို
ထင်လင်းဦး (Wisdom Villa) ဖြစ်လာစေခဲ့တာပါ
ဒါဆိုရင် ဆရာဘာ့ကြောင့် ဘာတွေလုပ်ခဲ့တယ်ဆိုတာ သမီးနားလည်မှာဖြစ်သလို
အဲဒါတွေအတွက် ဆရာဂုဏ်ယူနေတယ် မယူနေဘူး
ဆိုတာကိုလည်း သမီးတို့ သိနိုင်ကြပါလိမ့်မယ်
သမီးရေ ..
လူတယောက်ရဲ့ဘ၀မှာ အဖိုးအတန်ဆုံးဆုလာဘ်ဟာ
နွေးထွေးပျော်ရွင်သော မိသားစု ဆိုရင်
နိုင်ငံသားတယောက်ရဲ ဘ၀မှာ အဖိုးအတန်ဆုံး လက်ဆောင်ဟာ
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော ချစ်ကြည်သော လူ့အသိုက်အ၀န်းဖြစ်တယ်
ကမ္ဘာသား တယောက်ရဲ့ ဘ၀မှာ အဖိုးအတန်ဆုံး လက်ဆောင်ကတော့
လူ့အသိုက်အ၀န်းကြီးတခုလုံးချစ်ကြည်ရင်းနှီးတဲ့ ကမ္ဘာကြီးကို ပိုင်ဆိုင်ရခြင်းပဲကွဲ့
ကမ္ဘာသားတယောက်အနေနဲ့ ငြိမ်းချမ်းသော ကမ္ဘာကြီးကို
တည်ဆောက်ခွင့်မရနိုင်ရင်တောင်
မိသားစုဝင်တယောက်အနေနဲ့ ကိုယ့်မိသားစုကို
နွေးထွေးပျော်ရွင်သော မိသားစုအဖြစ်တည်ဆောက်ဖို့
နိုင်ငံသားတယောက်အနေနဲ့တော့ ငြိမ်းချမ်းသော ချစ်ကြည်သော
နိုင်ငံသား လူ့အသိုက်အ၀န်းကို
ကိုယ့်ရဲ့ တဖက်တလက်နဲ့ ပါဝင် တည်ဆောက်ဖို့
ဒို့တွေ လုပ်နိုင်တယ်ကွဲ့
သမီးယုံကြည်ရဲ့လား ……
ဒါပေမဲ့
အဲဒီလိုလုပ်နိုင်ဖို့က အရည်အချင်းတခုတော့ မဖြစ်မနေလိုအပ်တယ်
ကျားဆိုးကို သေအောင်သတ်ရာမှာ ဦးဆောင်သူတယောက်ဖြစ်ရင်ဖြစ်
တချက်တလက် ပါဝင်သူဖြစ်ရင်ဖြစ်
ဒါပေမဲ့ အဲဒီကျားကို အမုန်းတရားတွေနဲ့ သတ်တာမဟုတ်ပဲ
တာဝန်တရပ်အနေနဲ့သတ်တာသာဖြစ်ရမယ်
အဲဒီကျားကို ငါသတ်ခဲ့တယ် ဆိုတဲ့ အောင်ပွဲခံချင်စိတ်မထားရဘူး
ငါတို့တွေ ညီညွတ်လို့ ကျားဆိုးအန္တရာယ်ကို နှိမ်နင်းနိုင်တာ
ဆိုတဲ့ ခံယူချက်ကို အမြဲထားရမယ်
ကျားဆိုးတကောင်ကြောင့် အန္တရာယ်ကျရောက်ခဲ့ရလို့
ကျားမှန်သမျှ အကုန်သတ်ပစ်မဲ့ စိတ်မျိုးမမွေးရဘူး
သူ့သဘာဝအလျောက် သူ့ဘာသာသူတောထဲနေတာကို နားလည်ရမယ်
ရွာသူရွာသားတွေကို နားလည်အောင်ပြောပြီး စည်းရုံးပြီး
ကိုယ့်ရွာရဲ့ ခြံစည်းရိုးကို ကိုယ်လုံအောင်ခတ်ရမယ်
နောက်နောင် ရွာထဲ ကျားဆိုးတကောင်ထပ်ဝင်မလာနိုင်အောင်ပေါ့ကွယ် ။
သမီးရေ
ခေတ်အဆက်ဆက်မှာ
ပေးဆပ်ခဲ့ရသူတွေရှိတယ်
ရှုံးနိမ့်ခဲ့ကြသူတွေရှိတယ်
အောင်နိုင်ခဲ့ကြသူတွေရှိတယ်
ရှုံးနိမ့်ခြင်းကြောင့် သိမ်ငယ်ရန်မလို အရှက်နဲ့ ရမ်းကားရန်မလိုသလို
အောင်နိုင်ခြင်းကြောင့် ၀င့်ကြွားရန်မလို ထောင်လွှားရန်မလိုပါဘူး
ပေးဆပ်သူတွေကိုတော့ တန်ဖိုးထားကြရလိမ့်မယ်
ဦးညွှတ်ကြရလိမ့်မယ်
ပေးဆပ်သူဆိုတာ ပင်လယ်ထဲက ရေခဲတောင်လိုပါပဲ
အထက်မှာပေါ်နေတဲ့ အပိုင်းထက် ရေအောက်က အပိုင်းက
အဆများစွာပို၍ ကြီးမားသလိုပေါ့
ပေးဆပ်ခဲ့သူတွေထဲက တဦးတယောက် တချို့ကို လူတွေကသိကြချိန်မှာ
လူမသိသူမသိ ပေးဆပ်ခဲ့ကြရတဲ့ သူတွေက အများကြီးပါ
ဟိုဆေးရီဇယ်လ် ကပြောခဲ့တယ်
တော်လှန်ရေးကြီးအတွင်းမှာ
အမှောင်ထဲမှာ လူမသိသူမသိ ကျဆုံးသွားခဲ့ကြသူတွေကို
ဘယ်တော့မှ မမေ့ကြပါနဲ့တဲ့ .. .. ။
ဒါလောက်ဆို ဆရာ့ရင်ထဲက ခံစားချက်ကို သမီးသိလောက်ပါပြီ
ဆရာအမြဲခံယူထားတဲ့ အချက်တချက်ကတော့
အမှန်တရားဆိုတာ ကြာချင်ကြာလိမ့်မယ်
ဒါပေမဲ့ မပျက်မကွက် အရောက်လာတတ်တယ် ..
ဆိုတာပါပဲ ။
ချမ်းမြေ့ပျော်ရွှင်ပါစေသမီး
ခရက်ဒစ်
TunMin Latt
မေနှင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...