Saturday, July 16, 2016

ပရိတ်သတ်ကိုယ်တိုင်မေးတဲ့ မေးခွန်းတွေကို ဖြေတဲ့ မောင်မောင်ဇော်လတ် - အပိုင်း (၁)

Scorpion Soup For Soul

ပထမဆုံးပြောချင်တာကတော့ အတော့ကိုကြာသွားအောင် အောင့်အီးသည်းခံကြသူ အားလုံးကို တောင်းပန်ချင်တာပါပဲ။ ကိုဇော်လတ်နဲ့ ကျွန်တော်နဲ့ ပူးပေါင်းစိတ်ကူးထားတာလေးက အစကတည်းက လက်ဝင်မယ်မှန်းသိပေမယ့် မေးမယ့်မေးခွန်းတွေဟာ မောင်မောင်ဇော်လတ်ရဲ့ ပရိတ်သတ်တွေရဲ့ မေးခွန်းစစ်စစ်ကြီးတွေ ဖြစ်ရင် တိုက်ရိုက်အကျိုးရှိမယ်လို့ ယုံကြည်လို့ ခင်များတို့ရဲ့ မေးခွန်းတွေကို တစုတစည်းတည်းဖြေဖို့အတွက် ဒါလေးကို အကောင်အထည်ဖော်ဖြစ်တာပါ။
အကြောင်းကြောင်းကြောင့် နောက်ကျရတာလေးကို ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပေးပါလို့။ အခုတင်ဆက်မယ့်အပိုင်းကတော့ မောင်မောင်ဇော်လတ်ဖြေပြီးသလောက်လေးပါပဲ။
ကျန်တဲ့အပိုင်းကတော့ ဆက်လက်စောင့်စားပါလို့။
ကျေးဇူးတင်ပါတယ်။
မောင်မောင်ဇော်လတ် + ကိုဝီ
မှတ်ချက်။ ။ မေးသူရဲ့နာမည်ကို ကွင်းစကွင်းပိတ်လေးထဲမှာထည့်ထားပါတယ်။
=======================
မေး (ငြိမ်းချမ်း) - လိပ်ပြာစီးရီးလိုမျိုး နောက်ထပ်ဖန်တီးဖို့ ရှိသေးလား ?
ဖြေ - လိပ်ပြာလို နောက်ထပ်လုပ်ဖို့မရှိပါဘူး။
မေး (nov lu lu) - FM ရေဒီယို တွေမှာငွေကြေးကိစ္စတွေကြောင့် သူ့ရဲ့သီချင်းတွေနဲ့လင်းလင်းရဲ့သီချင်းတွေ ကိုရှောင်ကြတယ်။ တဖြည်းဖြည်းနဲ့လူငယ်တွေကြားမှာ သူတို့သီချင်းတွေမကြားရတော့ဘူး။ ကျနော်ဆိုရင်အရမ်းလွှင့်ပေးချင်တာ ခလေးတွေကိုမောင်မောင်ဇော်လတ်ဆို တာဒီလိုသီချင်းတွေကိုရေးတာ ဆိုတာလို့သိစေချင်တယ် အဲ့ဒါကို အကိုတို့ အဆင်ပြေသလိုမေးပေးစေချင်တယ်။
ဖြေ - FM ကိစ္စတင်မှမဟုတ်ဘူး တခြားမူပိုင်ခွင့်ဆိုင်ရာပြဿနာတွေကို တင်းတင်းကြပ်ကြပ် ကျပ်မတ်ချင်ပါတယ်။ ဒါဟာငွေရေးကြေးရေးထက် သိက္ခာကြာင့်ပါ ။ mutual respect (အပြန်အလှန်လေးစားသမှု) ဆိုတာရှိပါတယ်။
မေး (kaung myat kyaw) - ကိုမောင်မောင်ဇော်လတ် မြန်မာပြည်တစ်နေ့တာနှင့် သြဇီ တနေ့တာ ဖြတ်သန်းရပုံလေး (emotionအပိုင်းပေါ့) စိတ်ထဲရှိသလိုပြောပြပေးပါ။
လေးစားအားကျလျက် ကောင်းမြတ်သော် final part 2(UMMG)။
ဖြေ - သြဇီရဲ့ တနေ့တာကတော့ weekday မနက်သမီးကျောင်းပို့ပြီးရင် အလုပ်သွား ညနေအလုပ်ပြီးရင် အိမ်မှာ စာဖတ်ရုပ်ရှင်ကြည့် သီချင်းနားထောင်ပါတယ်။ weekend ကတော့ အပင်စိုက်ဈေးဝယ် အိမ်သန့်ရှင်းရေးလုပ် စိတ်ပါရင်တော့ ဘယ်နေ့ဖြစ်ဖြစ်ဂီတာတီးပါတယ် ။ မြန်မာပြည်မှာလိုတော့ relax မဖြစ်ပါဘူး။
မေး (zarn linneain) - ဆရာသမားကို "အမြဲတမ်း." လို သီချင်းမျိုး ထပ်ထွက်ဖို့ ရှိ/မရှိ , အဲ့ဒီလို သီချင်းအမျောတွေ အခုရေးဖြစ်/မဖြစ် မေးပေးပါဗျာ respect The Ants,Mg Mg Zaw Latt (El Phyu,Aung Khant)
ဖြေ - အမြဲတမ်းလို သီချင်းမျိုးမရေးဖြစ်ပါဘူး ။ သီချင်းဆိုတာက ကျွန်တော့်အတွက် သဘာဝ ပေါက်တဲ့ ပန်းတွေပါ ပြန်ပြီးမျိုးပွားစိုက်လို့ မရပါဘူး။
မေး (gangyi) - ကိုဇော်လတ်ကိုမေးပေးပါ။ ၁၉၉၀ local Alternative band တွေ စခဲ့တုန်းက ရဲဘော်ရဲဘက်တွေနဲ့ ပေါင်းပြီး အခုချိန်မှာ Alterတွေသေနေတဲ့ ဂီတပုံစံ နှစ်မျိုးသုံးမျိုးသာလျှင်ဈေးကွက်ဝင်နေတဲ့ဂီတလို့ထင်နေတဲ့ မြန်မာ့ ဂီတရေစီးကို မလှုပ်နိုးချင်ဘူးလားလို့ တချို့လဲ JAM IT မှာ ပြန်လည် လှုပ်ရှားလာကြတာတွေ့လို့ပါ ကျေးဇူးတင်ပါတယ်။
ဖြေ - မြန်မာပြည်ဂီတလောကထဲမှာ မရှိတာ နှစ်ပေါင်းတော်တော်ကြာသွားပါပြီ ။နောက်လူငယ်မျိုးဆက်တွေအများကြီးရှိပါတယ်၊ တော်ကြပါတယ် အခုလည်းသူတို့တွေထိုးဖေါက်အောင်မြင်ကြပါတယ်။ ရေစီးကြောင်းကတော့ အနုပညာတစ်ခုထဲမဟုတ်ပါဘူး နိုင်ငံရဲ့ စီးပွားရေး ပညာရေး လူနေမှု့အဆင့်အတန်း အားလုံးနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။
မေး (kaung htet naing) - သီချင်းတစ်ပုဒ်ရေးဖို့အတွက်ကုန်ကြမ်းဘယ်လိုရှာရတာလဲခဗျာပြီးတော့အရင်ဆုံးဘာတွေကိုလေ့လာရပါသလဲ ကိုမောင်မောင်ဇော်လတ်ခင်မျာ။
ဖြေ - သီချင်းရေးဖို့ စေတနာ (သို့) စိတ်ဆန္ဒရယ် ပတ်ဝန်းကျင်အခြေအနေ စေ့ဆော်မှု့ တိုက်ဆိုင်ရင် ရေးဖြစ်ပါတယ် ။ ခံစားမှု ခံစားမှုကို မြုံပီး ပြန်မွေးထုတ်ခြင်း ဆိုတော့ မိမိရဲ့ ခံစားမှု့က မိမိရဲ့ ကုန်ကြမ်းလို့ပြောလို့ရပါလိမ့်မယ်။
မေး (စောရန်နိုင်ထွန်း) - Bro ကြီး မောင်မောင်ဇော်လတ် ရဲ့နောက်ထပ် album သစ် ထွက်ဖို့ရှိမလား ... ရှိခဲ့ရင် ဘယ်တော့လောက်ဖြစ်မလဲပေါ့.... အားပေးနေပါတယ် bro ကြီး... SSFS page ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်... ပိုမိုအောင်မြင်ပြီး ကျန်းမာချမ်းသာကြပါစေ။
ဖြေ - နောက် album ကစိတ်ကူးထဲမှာပဲ ရှိပါသေးတယ် လုပ်ဖြစ်ချင်မှလဲလုပ်ဖြစ်ပါလိမ့်မယ် ။ လွန်ခဲ့တဲ့ ၉ နှစ်ကတခွေလုပ်ဖူးတယ် မထွက်ဖြစ်ပါဘူး ကျေးဇူးတင်ပါတယ်။
မေး (နေခန့်မင်းသစ်) - ကိုဇော်လတ်နဲ့ ကိုလေး ကိုငဲ ဘကြီးမျိုးတို့မတွဲတော့ဘူးလား ကိုလေးရဲ့ဒိုင်ယာရီနဲ့ဘကြီးမျိုးရဲ့ပြောင်းလဲခြင်းများအခွေထဲမှာကိုဇော်လတ်တစ်ပုဒ်မှမပါတော့လို့သိချင်တာပါ၊
ဖြေ - လွန်ခဲ့တဲ့ ၈ နှစ်အတွင်းကျွန်တော် သီချင်း၂ ပုဒ်ပဲရေးဖြစ်ပါတယ် ၁ ပုဒ်ကဟိုတလောက ငြိမ်းချမ်းရေးသီချင်းပါ၊ နောက်တပုဒ်က ကျွန်တော်ဆိုထားပါတယ် မဖြန့်ချိရသေးပါဘူး ။ နောက်ပိုင်း သူများတွေကို သီချင်းပေးဖို့သိပ်မလွယ်တော့ပါဘူး ကျွန်တော့်မှာ အချိန်မရှိလို့ပါ။
မေး (ထွန်းထက်) - ကိုမောင်မောင်ဇော်လတ် သီချင်းလေးတွေ အခွေဖြစ်ဖြစ် ရိုးပွဲ ဖြစ်ဖြစ်လုပ်ပါလား ခင်ဗျ။
ဖြေ - ကျွန်တော် လုပ်ချင်ပါတယ် ဒါပေမယ့် ဖြစ်နိုင်ခြေတော်တော်နဲပါတယ် မအားလို့ပါ။
မေး (zaw bob zaw) - ကိုဇော်လတ်တို့ရဲ့ THE ANTS ကွယ်လွန်မင်ဘာတွေအတွက် အမှတ်တရ SHOW နဲ့ ကိုဇော်လတ်ရဲ့ SOLO SHOW မျိုးပေါ့ (LIVE 90ပဲဖြစ်ဖြစ်) ကို လုပ်ဖြစ်ဖို့အတွေးလေးတွေများရှိမလား။ ရှိထားပြီလား။ သိခွင့်ရချင်ပါတယ်။ စောင့်မျှော်နေသူတွေအတွက်ပါ။ နောက်ပြီး သြဇီမှာနေလာတဲ့တလျှောက်ပေါ့လေ... မြန်မာပြည်မှာဂီတလုပ်ကြတဲ့ လူငယ်တွေနဲ့ ( လူငယ်တွေကိုပြောတာနော် ဆိုလိုတာက အောင်မြင်ချင်မှအောင်မြင်မယ် စူးနစ်မှုတွေနဲ့တရူးတသွပ်ကြီးလုပ်နေကြတဲ့လူငယ်တွေကိုပြောတာပါခင်ဗျ ) နဲ့ သြဇီက ဂီတလူငယ်တွေပေါ်မှာ မြင်မိမယ့် ကိုဇော်လတ်ရဲ့ကိုယ်ပိုင်တွေးဆ ထင်မြင်မှုလေးသိချင်ပါတယ်ခင်ဗျ။
ဖြေ - လုပ်ချင်ပါတယ် ဒါပေမယ့် မလွယ်ပါဘူး အဓိကက ကျွန်တော် မအားလို့ပါ။ သြဇီက ဂီတဝိုင်းတွေ တော့ ရှိပါတယ် ကျွန်တော်သေသေခြာခြာထဲထဲဝင်ဝင် မလေ့လာဖူးပါဘူး ။ ဒါပေမယ့် ဒီက လူတွေ အောင်မြင်ဖို့ တော်တော် လုပ်ရမယ်ထင်တယ် တော်တော်ကြိုးစားရတယ်လို့ထင်ပါတယ်။ သီချင်းကတော့ tripple j ရေဒီယို ကိုနားထောင်တယ် new music တွေ singer/ songwriter တွေ နားထောင်ပါတယ်။
မေး (moe samm) - မောင်မောင်ဇော်လတ် ရေးတဲ့သီချင်းတွေကို လေးဖြူ ထပ်ဆိုဖြစ်ဖို့ ရှိပါသေးလား။
ဖြေ - သိပ်မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် သီချင်းမရေးဖြစ်လို့ပါ။
မေး (si thu maung) - ကျွန်တော် ကိုမောင်မောင်ဇော်လတ်ကို ဘာမေးရမှန်း သေချာမသိပါဘူး။ ဒါပေမယ့် ဂီတနဲ့ပါတ်သတ်ပြီးတော့ ဘယ်လိုခံယူထားသလဲ ဆိုတာနဲ့ အနုပညာဟာ ဘာအတွက် အဓိကထား တည်ရှိနေတာလဲ ဆိုတာ ကျနော်နားလည် ထားသလိုဖြစ်နေမလား အဲ့ဒါလေး သိချင်ပါတယ်။
ဖြေ - ဂီတကို ဘဝထဲက အစိတ်အပိုင်းကြီးတခုအနေနဲ့ နေထိုင်အသက်ရှင်ပါတယ်။ ကျွန်တော့အတွက် စားဝတ်နေရေးအပြင် ဘာသာတရား၊ မိသားစုနဲ့ ဂီတဟာ ကျွန်တော့်ဘဝပါ။
မေး (wai phyo maung) - ကိုဇော်လတ်တယောက် သြဇီကို ထွက်သွားတာ ကိုငှက်နဲ့အယ်ဖြူတို့ မရှိတော့တဲ့ အတွက်လား။ နိုင်ငံရေးကြောင့်လား စီးပွားရေးကြောင့်လား။ မိသားစုကြောင့်လား ပြန်လာပြီးသီချင်းတွေနဲ့ခရီးဆက်ဖို့ အစီအစဉ်ရှိ/မရှိ။
ဖြေ - အားလုံး ကြောင့်ပါ တခြားအကြောင်းအရာတွေလဲ အများပြီးရှိပါတယ်။ ရှေ့ဆိုတာက ကြိုပြီးတော့ မမြင်နိုင်တော့လဲခက်သားပဲ။
မေး (mhu yinkhant) - လိပ်ပြာ၊ Bob ၊ ခဏလေးများတို့လို အယ်လ်ဘမ်တစ်ခုမှာ သီချင်းပုဒ်ရေ တော်တော်များများကို ရေးခဲ့သလို ကိုလေးနဲ့ နောက်ထပ်အဲဒီလိုအစီအစဉ်လေးတွေရှိမရှိ။
ဖြေ - မရှိတော့သလောက်ပါပဲ။
မေး (soe lin latf) - ကိုအယ်ဖြူကြီး ဆုံးပြီးနောက် အချိန်အတိုင်းအတာ အတော်ကြာကြာ ကိုအောင်ခန့် ကြီးရှိနေပါသေးတယ် ။ မေးချင်တာက ကို mmzl နဲ့ ကိုအောင်ခန့် close သိပ်မဖြစ်သလိုပဲ ။ ကို mmzl က ကိုအောင်ခန့်နဲ့ ဘာလို့ ဆက်မလျှောက်တော့တာလဲ ။ ကျွန်တော်တို့ တဆင့်စကားနဲ့ ကြားဖူးတာကတော့ ကို mmzl က အယ်ဖြူကိုချစ်ပီး အောင်ခန့် အပေါ် သိပ်ဘဝင်မကျဘူးလို့ ကြားဘူးတယ် ။ W H Y ? ဖြေနိုင်မည့်မေးခွန်းဆိုရင်တော့ အမှန်အတိုင်းဖြေစေချင်ပါတယ် ။ The ants is my fav band.။
ဖြေ - အောင်ခန့်ကို the ants စဖွဲ့တော့ ကျွန်တော်ခေါ်ခဲ့တာပါ ။ ညီအကိုတွေလိုပဲ ခင်ပါတယ် ပိုပြီးခင်တယ် မခင်တယ် ချစ်တယ် မချစ်တယ် မရှိပါဘူး ။ အယ်ဖြူမရှိတဲ့နောက် the ants ကို ဆက်မလုပ်ဖြစ်ခဲ့ဘူး ပဒုတ ကိုသာလုပ်လက်စမို့ အချောသတ်ခဲ့တာပါ။ အောင်ခန့်နဲ့လဲ ဘာပြဿနာမှ မရှိခဲ့ပါဘူး သို့သော် သူနဲ့ကျွန်တော်နှစ်ယောက်ထဲနဲ့လဲ the ants ဖြစ်နိုင်မှာမဟုတ်ပါဘူး ဒါ့ကြောင့်ဆက်မလုပ်ဖြစ်တာပါ။
မေး (pyae phyo aung ) - ကိုဇော်လတ် မင်္ဂလာပါ ၊ အရင် ကိုလေးဖြူ နဲ့ ကိုမျိုးကြီး နှစ်ယောက်အကြောင်း ကိုဇော်လတ်ရေးတာ ဖတ်ဘူးပါတယ်၊ အဲလိုမျိုးပဲ ကိုဇော်လတ်နဲ့  အရင်းနှီးဆုံး ဖြစ်ခဲ့ ဘူးတဲ့  ကိုထူးအိမ်သင်နဲ့ ကိုအယ်ဖြူ အကြောင်းလေးလဲ ဖြစ်နိုင်ရင် ဖတ်ချင်ပါတယ် နောက်ပြီး ကိုဇော်လတ် ရေးထားတဲ့  သီချင်းတွေ ဒီနှစ်ထဲမှာ ထွက်လာဖို့ ရှိမရှိပါ ၊ကျေးဇူးတင်ပါတယ်။
ဖြေ - ကျွန်တော်သီချင်းတပုဒ်တော့ အဆင်သင့် mix လုပ်ထားပြီးသားရှိပါတယ်။ ဘယ်တော့ထုတ်ဖြစ်မယ်တော့မသိသေးပါ။
မေး (than htut oo) - MMZL ရဲ့ နောက်ပိုင်းကြိုက်လာတဲ့ ဂီတပုံစံအရ သူ RETRO ROCK တွေ ဖန်တီးတော့မယ်လို့ ပြောဖူးပါတယ်။ ဆက်လက်ပြီး ဖန်တီးဖြစ်ပါသလား သိချင်ပါတယ်။
ဖြေ - သိပ်မရေးဖြစ်ပါဘူး အချိန်သိပ်မရလို့ပါ။
မေး (htoo aung lin) - ကိုဇော်လတ် ကျနော်တို့နဲ့ဆိုရင် ဦးဦးဇော်လတ်ပေါ့ ဂစ်တာ စတီးတတ်ကတည်းက ဦးဇောလတ် သီချင်းတွေ နဲ့ rock ကို ရူးသွပ်လာတာ အခု မတောက်တခေါက်အခြေအနေအထိပါပဲဗျာ။ သင်ဆရာမဟုတ်ပေမယ့် အရမ်းကို အားကျရတဲ့ ဆရာတစ်ဆူပါ ။ ဒီနေရာမှ ကန်တော့လိုက်ပါတယ်ဗျ။ မေးချင်တာလေးက ကျနော် ဦးဇော်လတ် ခြေရာနင်းကြည့်ချင်တယ်။ ဦးဇော်လတ်လို သီချင်းကောင်းကြီးတွေ ရေးနိုင်ချင်တယ်။ လုပ်ယူလို့ရမယ့် နည်းရှိလား ဦးဇော်လတ်ဖြေပေးပါလားဗျ။
ဖြေ - ကျေးဇူးပါ။ သီချင်းများများနားထောင်ပါ လိုက်တီးကြည့်ပါ စာသားတွေ လေ့လာပါ ဖတ်ပါ ခွဲခြားစိတ်ဖြာပါ အတုယူပါ ပြီးရင်လိုက်ရေးကြည့်ပါ ကိုယ်ပိုင်ဟန်ရအောင်လုပ်ပါ။ ဒါကတော့ ကျွန်တော်လုပ်တာပါ။ အနောက်တိုင်း အရှေ့တိုင်းသီးချင်းအားလုံးလေ့လာပါ။
မေး (aung thet naing soe) - နိုင်ငံရပ်ခြားမှာနေပေမယ့် သူ(MMZL) မြတ်နိုးတန်ဖိုးထားတဲ့ ဂီတကို ဖန်တီးဖို့ ရင်ဘတ်ကြီးထဲမှာ ပြည့်နှက်နေမယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။ ကျနော်တို့ အနေနဲ့ သူ့ရဲ့  ဂီတပုံစံအသစ်သစ်တွေကို နှလုံးသားနဲ့ ခံစားပြီးစားသုံးခွင့်ရဦးမလားဆိုတာလေးသိပါရစေ။
ဖြေ - ကျွန်တော့် အိမ်မက်စိတ်ကူးတချို့ ရှိပါတယ်။ အကောင်အထည်ဖေါ်ဖြစ်တာ မဖေါ်ဖြစ်တာကတော့ ကံပေါ်လည်းမူတည်ပါလိမ့်မယ်ဗျာ။
မေး (lin htet) - အခုအချိန် ကိုအယ်လ်ဖြူ နဲ့ကိုငှက်သာ ရှိနေဦးမယ်ဆို အကို့ရဲ့(မောင်မောင်ဇော်လတ်) လက်ရှိဖြစ်နေမယ့် ခံစားချက်ကို သိချင်ပါတယ်ခင်ဗျာ။
ဖြေ - သူတို့နှစ်ယောက်နဲ့ အတူတူ စကားတွေ ပြောကြမယ်ဗျာ။
(ဆက်ရန်ရှိပါသေးသည်။)
ဓါတ်ပုံခရက်ဒစ် - မြတ်နီလာစိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...