Friday, June 3, 2016

“ ပဒတ်ကလေး ပုံပြင် ”

Min Ko Naing

သိလား အမေ -
ပဒတ်လေးတွေဟာ အရင်က သတိကောင်းပါတယ်
စံပယ်ရုံလေးတွေရဲ့ ဆီးမီးခွက်ယိမ်းကို ကြည့်ပြီးမှ
မေ့တတ်သွားကြတာ
ဘယ်စာအုပ်ထဲမှာ ပါလဲ မေးမှာလား
ဒါ သားပြောတဲ့ ပုံပြင်ပေါ့ အမေ


.
ဟိုတလောမှာ...သားခဏပျောက်သွားတယ်မဟုတ်လား
မိုးဗြဲဒယ်အောက် ထင်းမီးထိုးရင်း
မီးခိုးတွေထဲ သားလိုက်သွားတာ
မိုးပေါ်ရောက်တာနဲ့ အမေ့ကိုငုံ့ရှာပေါ့
ကလေးတွေ သားကိုမြင်တဲ့အခါ
ဟိုမှာ တိမ်ကလေးကွ အဖိုးကြီးအို ခါးကုန်းကုန်းပုံဟေ့လို့
ပြကြ ပျော်ကြပါရော
.
မိုးစက်တွေနဲ့ သား ပြန်ဆင်းခဲ့တာပဲ
ကျောက်ခွက်ထဲ သားငြိမ်နေတုန်း
သမင်မကြီးက သူ့သားကို ပြောတယ်
အဲဒါ ကျောက်သွေးပဲကွဲ့ သောက်လိုက်တဲ့
သောက်လည်းပြီးရော
သမင်လေးလည်း အပြေးသန်သွားရော...
.
နေ့တိုင်း
လိပ်ကလေးဟာ ..
ကျောင်းနောက်ကျလို့ အမြဲအထုခံရရှာ
သားက ..သူကျောကို ကြင်နာလို့ ပွတ်ပေးတော့
သံခမောက်ကြီး ဖြစ်သွားတာ...
သူမနာတော့ဘူးပေါ့ အမေ
.
ကျောက်တောင်တွေကြား
ခဏနားတုန်း
တယောက်ကလှမ်းခေါ်တယ်
သူခေါ်သလို သားပြန်အော်တာ
ပျော်စရာကြီး
သိလားအမေ...
ဒါနဲ့...သားကို ပဲ့တင်တဲ့ အဲခိုး(Echo) တဲ့
သားဟာ ဆောင်းဘောက်စ်ကြီးထဲ ရောက်သွားပြန်ရော
ဟလို...တက်စတင်ဆိုရင် သားက နှစ်ခါ သုံးခါ လိုက်အော်ရ
မရီရဘူးလား အမေ..
ဒါပေမယ့် သား... ကြာကြာမနေပါဘူး
.
ပင်လယ်ကမ်းစပ်မှာ ရှေ့ဂျွမ်းနောက်ဂျွမ်း
သား ဂျွမ်းထိုးတယ်
ဟင့်အင်း...ဆော့တာမဟုတ်ဘူး အမေ
လူတွေကို အာရုံပြောင်းပေးတာ
ဖောင်စီးဂဏန်းလေးတွေ သောင်ပြင်ပေါ်ဝင်ပုန်းစရာ
သားလက်သန်းလေးနဲ့ အပေါက်ဖောက်ပေးနေရတာ
အမေ...သာဓုခေါ်လေ...
မကြာပါဘူး အမေရာ
ဘယ်မှာမှ မကြာပါဘူး..
.
*-*-*-*
.
ဟဲ့...နည်းနည်းပါးပါး စဉ်းစားစမ်း
အမြဲတမ်း ဆော့မနေနဲ့
အမေပြောလို့ သားလည်း စဉ်းစားတာပဲ
တကယ်က
ဘယ်မှာမှ မကြာဘူး
ဘယ်ဟာမှ မကြာဘူးနော် အမေ
.
သားခေါင်းက သေးသေးလေးဆိုတော့
ဒီလောက်ပဲ စဉ်းစားလို့ရတယ် အမေ
သားသိသမျှ = ဘာမဆို ခဏပဲ
.
အခု ပြန်လာနေပြီလေ
အဆူမခံရအောင်
မျက်နှာလို မျက်နှာရ
တောထဲ ထင်းကောက်နေတာ
ဟာ...
သိတာပေါ့ အမေရာ
သား သစ်ပင်မခုတ်ပါဘူး
ကြွေကျနေတဲ့ ထင်းခြောက်လေးတွေ
လိုက်ကောက်နေတာ..
.
ပြန်လာမယ် အမေ
နင်ဟာ ပဒတ်လေးလိုပဲ
လာရင်းကိစ္စ အမြဲမေ့တယ်လို့ ဆူဦးပေါ့...
.
အဲဒီအခါ သားက
ပဒတ်လေးတွေ
အရင်က သတိကောင်းခဲ့တဲ့ပုံပြင် ပြန်ပြောဦးမယ်လေ။.....။
.
‪#‎မင်းကိုနိုင်‬
.(၂/ဇွန်/၂၀၁၆)
(ပဒတ် = ပုတတ် ။ ဂျွမ်း = ကျွမ်း )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...