Saturday, April 23, 2016

ဂျပန်လူမျိုးတွေဆီကအတုယူစရာ


ဂျပန်လူမျိုးတွေဟာ သူတို့ကလေး လဲကျသွားရင်
ဆယ်ခါမှာ ကိုးခါလောက်ထူမပေးပဲ ရပ်ကြည့်နေကြတယ်။
ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကလေးကို သူ့အမေက ပွေ့ထူမပေးတဲ့အပြင်၊ လက်ခုပ်လေးတီးပြီး "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစားလိုက်စမ်း) ဆိုပြီး ကိုယ့်ဖာသာ မတ်တပ်ပြန်ရပ်ခိုင်းတယ်။

သူတို့ ဘာဖြစ်လို့ ဒီလို စိမ်းစိမ်းကားကား လုပ်ကြသလဲဆိုတာ သိရအောင် သေသေချာချာ လေ့လာကြည့်ပါတယ်။

ကလေးက သူ့ရဲ့ လမ်းလျှောက်တတ်စ စွမ်းရည်အသစ်ကို စမ်းသပ်ရင်း ပြေးကြည့်တယ်၊ ခုန်ကြည့်တယ်၊ အဲလို ပြေးရင်းခုန်ရင်းနဲ့ပဲ လဲကျခြင်းဆိုတဲ့ ဒုက္ခအခက်အခဲကို တွေ့တော့တယ်။
ဒီတော့ အခက်အခဲနဲ့ နာကျင်မှုကို ကြုံကြိုက်ရတဲ့အခိုက်မှာ ကလေးက ဝမ်းနည်းပြီး ငိုချင်စိတ်ဖြစ်တယ်၊ ငိုမဲ့မဲ့လေး ဖြစ်နေတဲ့ကလေးကို ပျာပျာသလဲ ပွေ့ချီပြီး "ဟဲ့ ဟဲ့ အောင်မလေးလေး ဘယ်နားနာသွားသလဲ၊ ဩုံဖွ ဩုံဖွ" သွားလုပ်လိုက်ရင် ဗျဲကနဲ ငိုချတော့မှာပဲ။ မိဘက အဲဒီလို လုပ်လိုက်ရင် ကလေးမှာ အားငယ်စိတ်က ချက်ချင်း ဝင်လာတာကိုး။
ဂျပန်မိဘတွေက ဘာမှမဖြစ်သလို အေးဆေး ကြည့်နေတော့ ကလေးစိတ်ထဲမှာလည်း ဒါဟာ ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စလို့သာ ခေါင်းထဲရောက်သွားတယ်။
ပြီးတော့ ဂျပန်မိဘတွေက ကိုယ့်ကလေးအတွက် ဝမ်းနည်းအားငယ်စိတ်အစား "ပြန်လည်ရုန်းထဖို့ ကြိုးစားချင်စိတ်" ဖြစ်ပေါ်လာအောင် "ဂမ္ဘာရဲ…ဂမ္ဘာရဲ" (ကြိုးစားလိုက်စမ်း…ကြိုးစားလိုက်စမ်း) ဆိုပြီး အားပေးတာပါ။
ကိုယ့်ဖာသာ မတ်တပ်ပြန်ရပ်နိုင်တဲ့ ကလေးကို မိဘတွေက လက်ဆန့်ကြိုရင်း(လုပ်နိုင်ပြီနော်) ဆိုပြီး ရင်ခွင်ထဲမှာ ထွေးပွေ့ချီးကျူးတဲ့အခါမှာတော့ ကလေးလည်း ဝမ်းသာရွှင်လန်းတာပေါ့။
ကိုယ့်အားကိုယ်ကိုး ကြိုးစားမှု၊ အောင်မြင်မှုရဲ့ ဝမ်းမြောက်ပီတိကို ခံစားကြည့်နိုင်အောင် ကလေးကို ပျိုးထောင်လေ့ကျင့်ပေးတဲ့ သဘောပါပဲ။
ဂျပန်လူမျိုးတွေ လူမှန်းမသိတတ်သေးတဲ့ ကလေးပေါက်စဘဝကတည်းက ကိုယ်ထူကိုယ်ထစိတ်ဓာတ်ကိုတစ်ခါတည်း ရိုက်သွင်းပေးထားတာကို နားလည်လာခဲ့ရတယ်။
ဒီထက် အသက်နည်းနည်းကြီးလာပြန်တော့ ၂ နှစ်၊ ၃ နှစ်အရွယ်လောက်ကတည်းက ကလေးတွေဟာ ကိုယ့်ကျောပိုးအိတ်ကို ကိုယ့်ဖာသာ လွယ်ရပါတော့တယ်။
သူတို့ရဲ့ ကျောပိုးအိတ်သေးလေးတွေထဲမှာ နို့၊ ဖျော်ရည်ဘူး၊ သောက်ရေ၊ မုန့်၊ လက်သုတ်ပဝါ၊ အဝတ်အစားအပို စတာတွေ ထည့်ထားတယ်။ လမ်းမှာ ကလေးက ရေဆာတယ် ဆိုရင် သားရဲ့ ကျောပိုးအိတ်ထဲမှာ ရှိတယ် ယူသောက်လိုက် အဲဒီလို ပြောတာပဲ။
ဒီတော့၊ ကလေးစိတ်ထဲမှာ ငါလိုချင်တာ အားလုံး ငါ့ဆီမှာ ရှိတယ်၊ ငါ့ဖာသာလုပ်လို့ရတယ်) ဆိုတဲ့ ကိုယ့်အားကိုယ်ကိုး self reliance စိတ်ဓာတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားထားစိတ် self confidence အတွက် ပထမဆုံး လှေခါးထစ်ပါ။
ဒီကျောပိုးအိတ်သေးသေးလေးထဲက ပစ္စည်းတွေကို သယ်ပေးဖို့ လူကြီးမှာဘာမှ ဝန်လေးစရာမရှိပါဘူး။ ဒါပေမယ့်၊ ဒီကျောပိုးအိတ် သေးလေးတွေထဲမှာ
ကြီးမားတဲ့ စိတ်ဓာတ်တွေကို ထည့်ပေးပြီး သားသမီး
တွေကို သယ်ပိုးခိုင်းတာပါ။
ကျွန်မတို့လည်း နောက်မျိုးဆက်အတွက် အဲဒီလို ကိုယ့်ကိုယ်ကို အားကိုးစိတ်၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချ ရတဲ့စိတ်မျိုး မွေးမြူပေးဖို့ အရေးကြီးတယ်။
Credit to Online

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...