Friday, April 1, 2016

အစွန်းရောက် အမျိုးသားရေး ဝါဒီ သေမင်းတမန် ဆရာဝန် နှစ်ဦး

Erwin Ahboy

ဒုတိယကမ္ဘာစစ်အတွင်းလူအရှင်တွေသုံးပြီး ဇီဝလက်နက်နဲ့ အခြားဇီဝဗေဒဆိုင်ရာသုတေသနတွေကို ဂျပန်တို့ ကျုးကျော် သိမ်းပိုက်ထားတဲ့ မန်ချူးကိုးက ယူနစ် 731 ငရဲခန်းမှာ စိတ်ကြိုက်စမ်းသပ် လုပ်ကိုင်ခွင့်ရခဲ့သူကတော့ ဇီဝလက်နက်တိုးတက်မှုရဲ့ ရှေ့ဆောင်လမ်းပြလို့ပြောရလောက်တဲ့ ဂျပန် ဆရာဝန် ဗိုလ်ချုပ် ရှီရို အီရှီ (Shirō Ishii) ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ နာဇီ ဂျာမနီရဲ့ အာရီယန်လူမျိုးကြီးဝါဒကို အသက်သွင်းဖို့ လက်တွေ့ကြိုးပမ်းခဲ့သော လူ့ရဲ့ မျိုးရိုးဗီဇကို လူအစစ်တွေနဲ့ လေ့လာ သုတေသနပြုခဲ့တဲ့ အော့ဆွိဇ် (Auschwitz) ငရဲခန်းရဲ့ နာဇီ ဆရာဝန် ဒေါက်တာဂျိုးဇက်မန်ဂလီ (Josef Mengele) ပါပဲ။
သူတို့ နှစ်ယောက်မှာ ဘုံတူကြတာကတော့ နှစ်ယောက်စလုံးဟာ ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားလာကြပြီး သူတို့စိတ်ဝင်စားတဲ့ဘာသာရပ်တွေမှာ ထူးချွန်ကြတယ်။ နောက်ပြီး သူတို့ သူတို့သုတေသနလုပ်မယ့် သက်ရှိလူတွေကို လူလို့မမြင်ပဲ အရာဝတ္တု (object) အနေနဲ့ပဲမြင်တတ်ကြတာချင်းလည်း အတူတူပါပဲ။





"အီရှီ" ဟာ လူတွေကို ခွဲစိပ်ပြီး သုတေသနလုပ်တဲ့အခါမှာ မေ့ဆေးပေးလေ့မရှိပါဘူးတဲ့။ ဘာလို့လဲဆိုတော့ မေ့ဆေးပေးလိုက်ရင် အချက်အလက်အချို့ မတိကျပဲ ဖြစ်သွားနိုင်တာကြောင့်လို့ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ ယူနစ် ၇၃၁ ဟာ လူတွေကို အရှင်လတ်လတ် ရင်ခွဲရုံပို့တဲ့ နေရာလိုဖြစ်ခဲ့ပါတယ်။ ဂျပန်စစ်တပ်အတွက်နှင်းကိုက်တဲ့ ဒါဏ်ကို ကာကွယ်နိုင်ဖို့ သုတေသနလုပ်ရာမှာလည်း သုတေသနအပြုခံ လူတွေရဲ့ ခြေလက်တွေကို အေးခဲ ပုတ်ပြတ်စေပြီး ဇိမ်ပြေနပြေ အချက်အလက်တွေရယူခဲ့ပါတယ်။




မန်ချူးရီးယာမှာရှိတဲ့ ယူနစ် ၇၃၁ အနီးအနား ပတ်ဝန်းကျင်ရွာတွေ အပေါ် အမျိုးမျိုးသော ရောဂါပိုးတွေကို ဝေဟင်မှတဆင့်ကျဲချပြီး အကျိုးသက်ရောက်မှုကို အချိန်ယူလေ့လာခဲ့ပါတယ်။
ယူနစ် ၇၃၁ ရဲ့ အလုပ်သင်ကျောင်းသားတစ်ယောက်ပြန်ပြောပြတာက သူတို့ သင်တန်းဆရာဟာ သေနတ်ဒါဏ်ရာကို လက်တွေ့ သိမြင်ကုသနိုင်အောင် သူတို့ရှေ့မှာတင် အကျဉ်းသားကို သေနတ်နဲ့ ပစ်ပြီး ကုသ ဖို့စေခိုင်းခဲ့ပါတယ်တဲ့။ အီရှီ ရဲ့ ယူနစ် ၇၃၁ ဒါဏ်ကို အခံရဆုံးက တရုတ်လူမျိုးတွေ ဖြစ်ပြီးတော့ ရုရှနဲ့ ဟာမိတ်တွေလည်း အနည်းငယ်စီ အချိုးကျ ခံရတယ်လို့ ဆိုပါတယ်။
မျိုးရိုးဗီဇဆိုင်ရာကို အဓိကထားလေ့လာတဲ့ ဒေါက်တာ မန်ဂလီ အထူးစိတ်ဝင်စားတာကတော့ အမွှာကလေးငယ်များနဲ့ ပုံစံမမှန်ပဲမွေးလာတဲ့ကလေးတွေ ဖြစ်ပါတယ်။ အော့ဆွီဇ်အကျဉ်းစခန်းမှာ လူအများ မလုပ်ချင်တဲ့ အကျဉ်းသားရွေးချယ်မှု အလုပ်ကို သူက တက်တက်ကြွကြွကြီး လုပ်ခဲ့ပါတယ်တဲ့။ အကျဉ်းသားရွေးချယ်တယ်ဆိုတာကတော့ အလုပ်လုပ်နိုင်တဲ့သူနဲ့ မလုပ်နိုင်တဲ့သူရွေးပြီး အလုပ်မလုပ်နိုင်သူတွေကို အဆိပ်ငွေ့အခန်းတွေထဲပို့ပြီး သုတ်သင်စေတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီလိုရွေးခြယ်ရာမှာ အမွှာကလေးငယ်များနဲ့ ပုံမှန်မဟုတ်ပဲမွေးလာတဲ့သူတွေကို သူ့ရဲ့ သုတေသနလုပ်ငန်းအတွက် သီးသန့် အသုံးပြုဖို့ သပ်သပ်ဖယ်ထားတတ်တယ်လို့ဆိုတယ်။
လွတ်လွတ်လပ်လပ် မပူးမကပ်ပဲမွေးလာတဲ့ ပုံတူ အမွှာကလေးနှစ်ယောက်ကို ကျောချင်းဆက် ချုပ်ပြီးလေ့လာပါတယ်။ ရက်အနည်းငယ်အကြာမှာပဲ ကလေးနှစ်ယောက်ဟာ ဒါဏ်ရာသည်းပြီး အသက်ထွက်ရတယ်လို့ဆိုတယ်။ မျက်လုံးများထဲကို ဓါတု ဆေးတွေထိုးပေးပြီး အရောင်ပြောင်းကြည့်ဖို့လည်းကြိုးစားပါတယ်။ အမွှာကလေး တစ်ယောက်ကို ရောဂါပိုးကူးဆက်စေပြီး နောက်အမွှာကလေးကို ရောဂါအကူးဆက်ခံရတဲ့တစ်ယောက်ရဲ့ သွေးကို သွင်းပေးကာစောင့်ကြည့်တာမျိုးတွေလည်းလုပ်ပါတယ်။ ပုံမှန်မဟုတ်ပဲ မွေးလာသူတွေကို မနှစ်သက်တဲ့ နာဇီတို့ရဲ့ ယုံကြည်ချက်ကြောင့် နောင်အနာဂတ်မှာ မွေးရာပါ ဒုက္ခိတပြသနာ ပပျောက်ရလေအောင် ပုံမှန်မဟုတ်ပဲမွေးလာတဲ့ ဂျူးများနဲ့ဂျူးကိုယ်ဝန်ဆောင်တွေကို အကျအန သုတေသနလုပ်ခဲ့ပါတယ်။ မန်ဂလီရဲ့ အဓိကသားကောင်ဖြစ်ခဲ့ကြသူတွေကတော့ ဂျူးတွေနဲ့ ဂျစ်ပဆီတွေလို့ပြောကြတယ်။
အီရှီ နဲ့ မန်ဂလီရဲ့ သုတေသနတွေကြောင့် လူ အသက်ပေါင်းမြောက်များစွာဆုံးရှုံးရပြီး ဒုက္ခိတဖြစ်သွားရတဲ့ သူတွေလည်းမနည်းလှပါ။ သူတို့နှစ်ယောက်မှာ နောက်ထပ်ဘုံတူတာက နာမည်ကြီး A အဆင့် စစ်ရာဇဝတ်သားများဖြစ်ကြပေမယ့် နှစ်ယောက်စလုံးကို စစ်ခုံရုံးတင် တရားဆွဲဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ "အီရှီ" ဟာ မဟာမိတ်အ မေရိကန်ကို သူ့ရဲ့ ဇီဝလက်နက် ဆိုင်ရာအဖိုးတန်တွေ့ရှိချက်တွေနဲ့ကောင်းကောင်း သွေးဆောင်နိုင်ခဲ့ပြီး အပေးအယူလုပ်နိုင်ခဲ့တာကြောင့် စစ်ခုံရုံးအတင်မခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ လူအရှင်တွေနဲ့ လုပ်ခဲ့တဲ့ ဇီဝဆိုင်ရာ သုတေသန မှတ်တမ်းတွေဟာ အလွန်တိကျ အသုံးဝင်တာကြောင့် အမေရိကန်တို့ ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန့်ဟာ နိုင်ငံတကာ စစ်ရာဇဝတ် ဥပဒေနဲ့ စစ်ခုံရုံးကို မသိကျိုးကြွံပြုပြီး အီရှီကိုအကာအကွယ် ပေးခဲ့တယ်။
အီရှီ ဟာ လည်ချောင်းကင်ဆာ နဲ့ သေသည် အထိဂျပန်မှာပဲ ပညာရှင်ကြီး တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးနေခဲ့ရပါတယ်။
နာဇီဂျာမနီရဲ့ မန်ဂလီကတော့ စစ်ခုံရုံးအတင်ခံရခြင်းမှ ရှောင်တိမ်းလွတ်မြောက်ခဲ့ပေမယ့် အီရှီလို ကံမကောင်းခဲ့ပါ။ အစ္စရေး ထောက်လှမ်းရေး မဆာ့ဒ်၊ နာဇီ မုဆိုးများနဲ့ စစ်ပြီးခောတ် ဂျာမဏီ အစိုးရစုံထောက်တွေ ရဲ့ တကောက်ကောက်ခြေရာခံလိုက်တာတွေကို အမျိုးမျိုး ရှောင်တိမ်းပြီး ၁၉၇၀ ဝန်းကျင် ပါရာဂွေးနိုင်ငံရဲ့ ရေကန်တစ်ခုမှာ ရေကူးနေစဉ် လေဖြတ်တာကြောင့် ရေနစ်သေရတယ်လို့ဆိုပါတယ်။ သူ့ရဲ့ ကျန်ရစ်တဲ့ အရိုးစုကို ကြည့်ပြီး သက်ဆိုင်ရာကလည်း မန်ဂလီ ဖြစ်ကြောင်းအတည်ပြုပြောခဲ့တယ်လို့လည်းဆိုပါတယ်။ အိုက်ခ်မန်းကို အာဂျင်တီးနားမှာ ဖမ်းမိစဉ်က မန်ဂလီဟာလည်းအာဂျင်တီးနားမှာရှိနေခဲ့တယ်လို့လည်း အပြောများခဲ့ပါတယ်။
သူတို့နှစ်ယောက်ကို သေမင်းတမန် မိစ္ဆာကောင်ကြီးများအနေနဲ့မြင်ဖို့ကလွဲရင် တခြား အမြင်နဲ့ မြင်စရာမရှိပါ။ ခေါင်းဆောင်ဆိုးများကို အကြွင်းမဲ့ ယုံကြည်ကြတဲ့ အစွန်းရောက်မျိုးချစ်သူများအနေနဲ့ တွေ့ရပါလိမ့်မယ်။ ပညာထူးချွန်လွန်းကြပြီး သူတို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ တိုးတက်ဖို့ရန်ကလွဲရင် မည်သည့်အရာမှ သူတို့အတွက် အရေးကြီးပုံမပေါ်ပါ။ မန်ဂလီဟာ ထွက်ပြေးနေရတဲ့ အချိန်တွေမှာတောင် အရှေ့ ဂျာမနီမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ သုတေသန မှတ်တမ်းမှတ်ရာတွေကို သွားယူဖို့ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။
ဒီမှာ တစ်ခုသတိထားမိတာက စစ်ပြီးခောတ် စစ်ရှုံးနိုင်ငံ ဂျာမနီနဲ့ ဂျပန်ရဲ့ ကံကြမ္မာ မတူတာပဲဖြစ်ပါတယ်။ အမေရိကန်ဟာ ဂျပန်အပေါ် အနုမြူဗုံးကြဲ အပြီးမှာ အတော်အတန် သဘောထားပျော့ပြောင်းခဲ့ပုံ ပေါ်ပါတယ်။ ဂျာမနီမှာတော့ အရှေ့ဖက် တခြမ်းက ဆိုဗိယက်အောက်ရောက်ရတာတစ်ကြောင်း ကြောင့် သိပ်မျက်နှာသာ မရခဲ့ပါ။ ဂျာမနီကို မုန်းတဲ့စိတ် လက်စားခြေလိုတဲ့ စိတ်တွေများတာကြောင့် ဆိုဗိယက် လက်အောက် ရောက်ရောက်ခြင်း အရှေ့ဂျာမနီဟာ အကြီးအကျယ် ဖျက်ဆီးလုယက်ခြင်းခံရပြီး ဂျာမန်အမျိုးသမီးပေါင်းများစွာဟာလည်း ထောင်ပေါင်းများစွာသော ဆိုဗိယက် စစ်သားတို့ရဲ့ အသုံးတော်ခံများဖြစ်ခဲ့ကြရပါတယ်။
စစ်ဘေးစစ်ဒါဏ် စစ်ရဲ့ အနိဌာရုံအကြီးကြီးတွေ ကြုံခဲ့ သင်ခန်းစာယူခဲ့ပြီး ဖြစ်တဲ့ ဂျာမနီနဲ့ ဂျပန်ဟာ ဒီဖက်ခောတ်မှာတော့ ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေဖြစ်နေကြသော်ငြား ခောတ်သစ် စစ်ပွဲများနဲ့ ပတ်သက်ပြီး ထဲထဲ ဝင်ဝင် ဝင်ရောက်ဆွေးနွေးခြင်းအမှုပြုသည်ကိုတွေ့ရလေ့မရှိတော့ပါ။


Credit: ယမမင်း၏ခွေးရေပုရပိုက် - The Scroll

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...