Tuesday, March 15, 2016

လက်ဝဲတု (Fake Left)

Mg Ko

ကျွန်တော်တို့ ကျွန်မတို့ နေထိုင်တဲ့ ကနေ့ ကမ္ဘာကြီးမှာ လက်ဝဲအတုတွေက ကြိုတင်ကြံစည် ဖန်တီးထားတဲ့ သတင်းလို့ခေါ်လို့ရတဲ့ ကြေညာချက်တွေ ၊သုံးသပ်ချက်တွေ ၊ အစီရင်ခံစာတွေကို အရင်ကထက် ပိုပြီး တွေ့လာနေရတယ် ။
အတုဆိုတာ အစစ်မဟုတ် ဆိုတဲ့အတိုင်း လက်ဝဲအတုဆိုတာ လက်ဝဲစာပေ ၊ လက်ဝဲ သဘောတရား ထဲက ကိုယ်နဲ့မကိုက်ညီတာတွေကို ဖြုတ်ချ ၊ ကိုယ်နဲ့ကိုက်ညီတာတွေကို လည်း ကိုယ့်ပုံစံဖြစ်အောင် ပြုပြင်ပြီး လက်ဝဲဆိုတာ ဒါဘဲ လို့ လိမ်လည် ဝါဒဖြန့်နေတဲ့ မီဒီယာသတင်းတွေ ၊ အခမ်းအနားတွေ ၊ လှုပ်ရှားမှုတွေ ၊ ကြေညာချက်တွေ ၊ ကြွေးကြော်သံတွေ ၊ ဟောလီးဝုဒ် ရုပ်ရှင်တွေ နဲ့ အဲ့ဒါတွေကို ဖန်တီးသူ သူတို့ကိုယ်သူတို့ ဒီမိုကရက်တစ်ပါ ၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ပါ အမည်ပေးပြီး လက်ဝဲစကားလုံး တွေ ညှပ်ညှပ်ပြောကြတဲ့ နီယိုလစ်ဘရယ် အရင်းရှင်ကြီးတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ် ။

ဒီလက်ဝဲအတုရဲ့ ဆန်းကြယ်ရှုပ်ထွေးတဲ့ လုပ်ဟန်တွေ ၊ နယ်စုံ ကဏ္ဍစုံ အထိ ဖြန့်ကျက် လှုပ်ရှားနိုင်တာတွေက အံသြမှင်သက်မိလောက်ပါရဲ့ ။ သူတို့ရဲ့ ရည်ရွယ်ချက် က လက်ဝဲအစစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အဲ့ဒီနေရာမှာ အရင်းရှင်စနစ်ကို မတို့မထိနိုင်တဲ့ လက်ဝဲသကာဖုံးထားတဲ့ လက်ဝဲအတုကို အစားထိုးဖို့ ဖြစ်ပါတယ် ။
လက်ဝဲအတု ကို မောင်းနှင်နေတဲ့ စွမ်းအား က ငွေကြေး နဲ့ ထင်ပေါ်ကျော်ကြားမှု ပဲ ဖြစ်ပါတယ် ။
ဒီငွေကြေး နဲ့ ထင်ပေါ်ကျော်ကြားမှု ဆိုတာ ချမ်းသာကြွယ်ဝတဲ့ လက်တစ်ဆုပ်စာ အုပ်စိုးသူ အရင်းရှင်လူတန်းစား ကို အရာမယွင်း နေနိုင်အောင် ပြုလုပ်ပေးတဲ့ တာရှည်ခံပစ္စည်းတွေ လို့ ပြောလို့ရတယ် ။ ဒါ့အပြင် သူတို့ပိုင်မီဒီယာတွေက ထပ်ခါတလဲလဲ ထုတ်လွှင့်တဲ့ သူတို့ရဲ့ ရေဒီယိုအင်တာဗျူးတွေ ၊ ရုပ်မြင်သံကြား အင်တာဗျူးတွေ နဲ့ အင်တာနက်မှာ ဂယက်ရိုက်နေတဲ့ ဆောင်းပါးတွေ ၊ အကြောင်းအရာတွေ ကလည်း အုပ်စိုးသူ အီလစ်အရင်းရှင်လူတန်းစား ရဲ့ ယန္တရားကို ချောချောမောမော လည်ပတ်စေတဲ့ စက်ဆီတွေ လို့ ဆိုရပါမယ် ။ သူတို့ပိုင် ကမ္ဘာ့ နာမည်ကြီးမီဒီယာတွေကနေ သူတို့ရဲ့ စံပြနိုင်ငံရေးဖြစ်တဲ့ ရွေးကောက်ပွဲအကြောင်း တွေ ထုတ်လွှင့်တယ် ။ ကမ္ဘာအရပ်ရပ်က မခံမရပ်နိုင်လို့ အုံကြွလာတဲ့ တော်လှန်ရေးတွေကိုတော့ ပေါ့ပျက်အောင် ၊ သေသွားအောင် ၊ အလဟဿ ဖြစ်အောင် ခုတ်ထစ်လှီးဖြတ်ပြီး လွှင့်တယ် ။ ဆူပူအုံကြွမှုတွေ ကို ဝေဖန်ထိုးနှက်ပြီး လူထုအာရုံစိုက်မှု နည်းအောင် ဖန်တီးလုပ်ဆောင်တယ် ။
လက်ဝဲအတုရဲ့ အဓိကအလုပ်က တရားဝင်တည်ရှိနေတဲ့ စစ်မှန်တဲ့လက်ဝဲအတွေးအခေါ် ထဲကို သူတို့ပြင်ဆင်ဖန်တီးထားတဲ့ အတွေးအခေါ်တွေ တဖြည်းဖြည်း စိမ့်ဝင် ရောနှောစေပြီး အရင်းရှင်စနစ်ကို အလိုအလျှောက်ကာကွယ်ပြီးသား ဖြစ်အောင် လုပ်ဆောင်ရတာပဲ ဖြစ်ပါတယ် ။
ကြွေးကြော်သံတွေ(slogans) ကို အရင်းရှင်စနစ်ကိုဆန့်ကျင်တဲ့သဘောထားတွေ မဖြစ်ပေါ်အောင် ကာကွယ်ဆေး အနေနဲ့ သုံးပါတယ် ။ ကြွေးကြော်သံတွေက ပေးထားချက်တွေပါပဲ ။ ဖြေရှင်းချက် မပါတဲ့ ပေးထားချက်တွေပါ ။ လူတွေဟာ ပေးထားချက်တွေကို ရွတ်ဖတ်နေတုန်း ဘယ်လိုဖြေရှင်း မလဲ ဆိုတဲ့အဆင့် မရောက်ခင် နောက်ပေးထားချက်တစ်ခု(ကြွေးကြော်သံ) ထွက်ပေါ်လာတယ် ။ ဒီလိုနဲ့ နောက်ပေးထားချက်ကို ဆက်ရွက်ရတယ် ။ အရင်းရှင်စနစ်ကို ဝေဖန်ဆန်းစစ်တဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် မထွက်ပေါ်အောင် အခုလို နည်းလမ်းတွေကို လက်ဝဲအတုတွေက ကနေ့ အသုံးပြုနေတယ် ။
နောက်တမျိုးပြောရရင် လက်ဝဲအတုဟာ အရင်းရှင်တွေရဲ့ ထောင်ချောက် လို့ ဆိုနိုင်ပါတယ် ။
အဲ့ဒီလက်ဝဲအတုတွေကို ဖန်တီးတဲ့သူ တစ်ဦးက သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့ ဘီလျံနာသူဌေးကြီး ဂျော့ဆိုရပ် ဖြစ်ပါတယ် ။ သူ့ကို လက်ဝဲအတုတွေရဲ့ ဂေါ့ဖားသား လို့ ဆိုကြပါတယ် ။ ဂျော့ဆိုရပ် က ငွေကြေးဈေးကစား တာကနေ ကြွယ်ဝချမ်းသာလာသူ ဖြစ်တယ် ။ အင်္ဂလန်ဘဏ်ကိုမွဲအောင် လုပ်တဲ့သူအဖြစ် လူသိများတယ် ။ ဂျော့ဆိုရပ်ကြောင့် အင်္ဂလန် ဘဏ္ဍာရေး အကျပ်အတည်းတစ်ခု ပေါ်ပေါက်ခဲ့တယ် ။ ပေါင်စတာလင်သန်းပေါင်း တစ်သောင်းလောက်ကို ဘဏ်မှာအပ်လိုက်တယ် ။ ပြီး ဗြိတိသျှငွေကြေးကို တန်ဖိုးချဖို့ ဖိအားပေးတယ် ။ နောက် အဲ့ဒီကနေ စတာလင်ပေါင် သန်းတစ်ထောင် အမြတ်အစွန်းကို ရယူခဲ့တယ် ။ ၁၉၉၇ မှာ အာရှမှာ ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ဘင် မိုဟာမက် က ဂျော့ဆိုရပ်ကို သူ့ရဲ့ကုန်သွယ်ရေး လုပ်ငန်းတွေကနေတဆင့် မိမိနိုင်ငံရဲ့ငွေကြေးတန်ဖိုးကို လျော့အောင် လုပ်တယ် လို့ စွပ်စွဲပါတယ် ။ ထိုင်းကတော့ သူ့ကို စီးပွားရေးစစ်ရာဇဝတ်ကောင်လို့ ခေါ်တယ် ။
ဒီလို နံမည်ဆိုးရှိသူ ဂျော့ဆိုရပ် က သူလူလည်ကျပြီး ရယူထားတဲ့ ဧရာမငွေကြေးတွေကို ကမ္ဘာ့နိုင်ငံရေးသြဇာ ထူထောင်ရာမှာ ခဝါချ သုံးစွဲခဲ့တယ် ။ ဂျော့ဆိုရပ်ဟာ သူ့ရဲ့ဧရာမငွေကြေး တွေကို နယ်ပယ်စုံ ကဏ္ဍစုံ လုပ်ငန်းမျိုးစုံ မှာ ဖြန့်ကျက် စီးဝင်စေတယ် ။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးစ အချိန် ၁၉၉၃ မှာ Open Society Institute (OSI) ကို တည်ထောင်ပြီး လက်ဝဲကို အမြစ်ဖြတ်နိုင်အောင် ၊ တော်လှန်ရေးတွေကို အကြောသေအောင် လက်ဝဲအုပ်စုတွေကို ငွေ ဘီလီလျံ ချီပြီးပေးတာတွေ စတင်လုပ်တယ် ။ ငွေကြေးကို အသုံးချပြီး တော်လှန်ရေး လုပ်ငန်းစဉ်တွေ ယိမ်းယိုင်အောင် ၊ နှောင့်နှေးအောင် အဆုံးမတော့ ပြိုလဲသွားအောင် လုပ်ဆောင်တာပဲ ဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ဂျော့ဆိုရပ်က လက်ဝဲအုပ်စုတွေကို ငွေကြေးထောက်ပံ့နေတာဟာ ဒေါ်လာ သန်း၇၀၀၀(၇ ဘီလီယံ) ရှိပြီလို့ ဆိုပါတယ် ။ ဂျော့ဆိုရပ်ရဲ့ ထောက်ပံ့ငွေတွေဟာ ရေပိုက်တွေလို တစ်နေရာကနေ တစ်နေရာ ၊ တစ်ဆင့်ပြီး တစ်ဆင့် စီးဆင်းနေတယ် ။
နိုင်ငံပေါင်း ၃၇ နိုင်ငံကျော် မှာလည်း ဂျော့ဆိုရပ် ရဲ့ ထောက်ပံ့ငွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ(NGO) ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ ၊ အမျိုးသမီး အဖွဲ့အစည်းတွေ စတဲ့ အမျိုးမျိုးသော လူမှုရေးအဖွဲ့အစည်းတွေ ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေ အများအပြား ဖွဲ့စည်းလုပ်ကိုင်လျက်ရှိတယ် ။
ဒီအဖွဲ့အစည်းတွေ ဟာ အများအမြင်မှာ ပြုပြင်ပြောင်းလဲရေးအဖွဲ့အစည်းတွေ ၊ တိုးတက်တဲ့အမြင် နဲ့ လုပ်ငန်းစဉ် ရှိတဲ့အဖွဲ့အစည်းတွေ သဏ္ဍန်ဆောင်ထားပါတယ် ။ အမှန်တော့ သူတို့တွေဟာ ဂျော့ဆိုရပ်တို့လို အရင်းရှင်တွေရဲ့ အစောင့်ခွေး (watchdog) တွေပဲ ဖြစ်ပါတယ် ။
အခုဆိုရင် ဂျော့ဆိုရပ် ရဲ့ ထောက်ပံ့မှုအောက်မှာ ရှိတဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တွေဟာ သိမ်းထားတဲ့ လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ ဖြစ်စဉ်တွေက အချက်အလက်တွေကို လူ့အခွင့်အရေးနဲ့မဆိုင်တဲ့ တခြားပေါ်လစီ ပြောင်းလဲဖို့ ဖိအားပေးရာမှာ အသုံးချ အကျပ်ကိုင်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်နေရပါတယ် ။
Independent သတင်းလုပ်ငန်း ၊ think thank နဲ့ တခြား သတင်းအဖွဲ့အစည်း Center for Economic and Policy Research (CEPR) တွေလည်း ဂျော့ဆိုရပ်ရဲ့ ထောက်ပံ့ငွေ နဲ့ လည်ပတ်နေတာဖြစ်တယ် ။ ဒီလက်ဝဲအတုတွေရဲ့ သတင်းဖြစ်တဲ့ အဖွဲ့အစည်းတွေ တွေက ဘာတွေ လုပ်ပါသလဲ ။ အရင်းရှင်စနစ် ဟာ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ ဆိုတဲ့ အသံတွေလွှင့်တယ် ။ တကယ် အရင်းရှင်စနစ်ကို အလုံးစုံပြောင်းလဲဖို့တော့ ဘယ်တော့မှ မလုပ်ပါဘူး ။ အရင်းရှင်စနစ်ဆိုတာ ဖြိုဖျက်လို့ မရဘူးဆိုတဲ့ illusions တွေကို ပြန့်စေတယ် ။ ပြီးမှ ဖြိုဖျက်လို့မရတဲ့ အရင်းရှင်စနစ်ကို ဘယ်လို တော်လှန်ရမလဲ ဆိုတာ ထုတ်ပြန်တယ် ။ အဲ့ဒီမှာ စစ်မှန်တဲ့တော်လှန်ရေး သဘောတရားတွေဟာ အကြောသေတဲ့ ပုံစံတွေ ဖြစ်နေတယ် ။ အရင်းရှင်တွေ သူတို့ကို တော်လှန်ချင်ရင် ဘယ်လိုတော်လှန်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်ကို ချပြတာပဲ ဖြစ်တယ် ။ သူတို့ လက်ခံနိုင်တဲ့ ပုံစံနဲ့ပဲ တော်လှန်ရမယ် ဆိုတဲ့ သဘောတရားကို ဖြန့်ဖြူးပြီး တော်လှန်ရေးတွေ ချည့်နှဲ့ ပျောက်ကွယ်သွားအောင် လုပ်ဆောင်တာပဲ ဖြစ်တယ် ။
ဒါကြောင့် ဖိနှိပ်မှုကိုတွန်းလှန်မယ့် စစ်မှန်တဲ့တော်လှန်ရေးသမားတွေ ၊ စစ်မှန်တဲ့လက်ဝဲသမား တွေ အနေနဲ့ အရင်းရှင်စနစ်ရဲ့ အမှည့်လွန်အခြေအနေအောက်မှာ လက်ဝဲအတု ဆိုတဲ့ ထောင်ချောက်ကို ရှောင်ရှားနိုင်ဖို့လိုပါတယ် ။ ဝေဖန်ဆန်းစစ် ကျော်လွှားနိုင်ဖို့ လိုပါတယ် ။
ရဟိုင်းသူ။။။။။။။။။။
(Dady Chery နဲ့ Gilbert Mercier တို့ရဲ့ Hashtag Hell & The Fake Left ကိုအခြေခံပြီးရေးပါတယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...