Friday, February 26, 2016

ငါ့ဘာသာ ငါမှားတာ ဘာဖြစ်လဲ … ဘာဖြစ်လဲ …

Tin Nyunt


ပညာရေးဝန်ကြီးဌာနက အမြဲတမ်း အတွင်းဝန်ဆိုသူ ဒေါက်တာ စိုးဝင်းရဲ့ စကားလေးကို ဖောက်သည် ချခွင့်ပြုပါဗျာ။ ဒေါက်တာဘွဲ့ရထားသူရဲ့ အလွန်မှတ်သားစရာကောင်းသော အဆင့်အတန်းရှိလှတဲ့စကားပါ။
“တစ်နိုင်ငံလုံးမှာ ဘယ်ဝန်ထမ်းအများဆုံးလည်းလို့ကြည့်ရင် ပညာရေးဝန်ထမ်းက အများဆုံး မဟုတ်ဘူး လား။ အဲတော့ မင်း…ဝန်ထမ်း ငါးယောက်လောက်ရှိတဲ့ ဝန်ထမ်းက ဘာမှ မဖြစ်ဘဲနဲ့ ပညာရေး ဝန်ထမ်းမှ ဖြစ်နေတယ်။ ပညာရေးဝန်ထမ်းတွေပဲ ဖြစ်နေတယ်လို့ပြောရင် မင်းတို့ရှိတဲ့ လူအချိုးနဲ့ စားကြည့်လေ။ အယောက်ပေါင်းသိန်းချီပြီး ရှိတဲ့အထဲက တစ်ယောက်ဖြစ်တာသည် အပြစ်အကြီးကြီးလား။ အပြစ်ရှိရင် ရှိတဲ့ အတိုင်း ငါတို့ဘက်က အရေးယူတယ်လေ။ ဒါကြီးကို ပုံကြီးဘာလို့ ချဲ့နေကြတာတုန်း…”
ကဲ … ပညာရေးဌာနက ဒေါက်တာဆိုသူက ပညာရေးဝန်ထမ်းတွေဟာ အများဆုံးဖြစ်လို့ မှားတာ အပြစ်လား တဲ့။ ဝန်ထမ်းထဲမှာ ဦးရေအများဆုံးဖြစ်လို့ အချိုးနဲ့စားကြည့်ရင် ဒီအပြစ်ဆိုတာတွေက ဘာမှ မပြောပလောက် ဘူးတဲ့ဗျာ။ မှတ်သားလောက်ပါပေတယ်။ တကယ့်ကို ပညာရှိဒေါက်တာ အတွင်းဝန်တစ်ယောက် ပါးစပ်က ထုတ်ဖော်မြွက်ကြားတဲ့ စကားပါခင်ဗျာ။

ဒီနေ့ သတင်းစာတစ်စောင် (The Voice Daily) မှာ အဲဒီ အတွင်းဝန် အင်တာဗျူးဖတ်ပြီးတော့ အချိုးစား ညီမျှခြင်းချ၊ မှားခွင့်ရ ဥပဒေသကို သူဘယ်မှာသင်ပြီး ဒေါက်တာဘွဲ့ရလာသလဲဆိုတာလည်း သိချင်မိသဗျ။
“များရင် မှားခွင့်ရှိ ဥပဒေသ” “များရင် အပြစ်မရှိ” “အများထဲက တစ်ယောက်မှားတာ ပုံကြီးချဲ့မရ” အလွန်မှတ် သားစရာကောင်းသော ပညာဝန်ရဲ့ ဖြေဆိုချက်တွေကို ဖတ်လိုက်ရပြီး သူ့နောက်ဆုံးစကားက ပိုဆိုးသွား သေးတယ်။
“မမှားသင့်တာ မှားရင် လက်ခံတယ်” တဲ့ဗျာ..
ကျွန်တော် ပြောပါရစေ တွင်းဝန်ခင်ဗျာ
“တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ” ဆိုတဲ့ အမှားကို ဒေါက်တာက လက်ခံတယ်လို့ ဆိုလိုက်တာလား။ မေးခွန်း မှားရိုက်မိတာကို ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ယူထားတဲ့ရာထူးနဲ့ ကိုယ်ရထားတဲ့ ဘွဲ့နဲ့ မတန် မရာ ပြန်လည်ဖြေရှင်း ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတာက ပိုဆိုးသွားပြီပေါ့ဗျာ။
ခင်ဗျား အင်တာဗျူး တစ်ခုလုံးမှာ အရေးယူမယ်ဆိုတာတွေကြီး ထပ်နေတယ်ဗျ။ အောက်ခြေကို ဆော်မယ် နှက်မယ်ဆိုတာတွေချည်းဖြစ်နေတယ်။ ခင်ဗျားတို့ အထက်ကလူတွေ ပေါ့ဆတာတွေ၊ ပညာရေးကို အလေး မထားတာတွေ၊ စာမေးပွဲဆိုတာ အရေးမကြီးပါဘူးကွာဆိုပြီး လုပ်ခဲ့တာတွေရဲ့ အကျိုးဆက်တွေကို ခင်ဗျားတို့ တာဝန်ယူပြီး ဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတာ တစ်ခွန်းမှ မပါဘူး။
စနစ်ဆိုး စနစ်ပဲ့မှာ အုပ်ချုပ်နေတဲ့ လူတန်းစားတွေကလည်း အောက်ခြေကို စော် လိုက်မဟဲ့ … နှက်လိုက်မဟဲ့ … အရေးယူလိုက်မဟဲ့ ဆိုတာတွေချည်း ဖြစ်နေပါတယ်။ ခုလည်းကြည့်လေ သောက်သောက်လဲ သောက်တလွဲ အမှားတွေကို ပုံကြီးချဲ့မနေကြနဲ့လို့ ပြောနေတဲ့သူဟာ ဒေါက်တာဘွဲ့ရ ပညာရေးဌာနက အတွင်းဝန်ပါတဲ့ ခင်ဗျာ။
၂၄.၂.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...