Saturday, February 6, 2016

ဘုရင့်နောင်မင်းတရားကြီး၏ အနွယ်တော်များအား ခြေရာခံကြည့်ခြင်း

မှတ်စုကြမ်း

မောင်သန်းဆွေ (ထားဝယ်) ရေးသားသော ထီးရနံ့ နန်းရနံ့ စာအုပ်
ရတနာပုံစာအုပ် - ၅၄ [၂၀၀၅ ခုနှစ်၊ ဧပြီလ]

မြန်မာနိုင်ငံတော်ကြီးကို ဒုတိယအကြိမ် စုရုံးတည်ထောင်တော်မူသော ဘုရင့်နောင်မင်းတရားကြီးတွင် သားတော် သမီးတော် ၈၉ ပါး ရှိသည် ဟု အဆိုရှိသည်။ ထိုသားတော် သမီးတော်များမှ ဆင်းသက်သူများကို ယခုအခါ စုံစမ်းဖော်ထုတ်နိုင်မည် မဟုတ်တော့ချေ။ ထိုသို့ ဆင်းသက် သူများအနက် ဘုရင့်နောင်အနွယ်တော်ဟု ဖော်ပြနိုင်သူများ ရှိသေး သည်ကို တွေ့ရသည်။
ထိုအနွယ်တော်တစ်စုသည် ပြည်ပတွင် ယခုတိုင် စိုးမိုးအုပ်ချုပ်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဗင်ဒါဗန်မှ ဗိုလ်မင်းကြီးနှင့် ဆွေတော်မျိုးတော်များ ဖြစ်သည်။ ဗင်ဒါဗန် သို့မဟုတ် ဗိုလ်မင်းတောင် (ရွာတော်) သည် ဘင်္ဂလားဒေ့ရှ်ပြည် စံကုမြစ်ပေါ်တွင် ရှိပြီး ဘူးသီးတောင်နယ်စပ်မှ မြောက်ဘက် မိုင် ၅၀ အကွာတွင် တည်ရှိသည်။ ဗိုလ်မင်းကြီးနှင့် ဆွေတော်မျိုးတော်များမှာ ဘုရင့်နောင်မင်းတရားကြီးကို ဆက်ခံသော သားတော်နန္ဒာဘုရင်မှ တိုက်ရိုက် ဆင်းသက်သူများ ဖြစ်သည်ဟု ဆိုပါသည်။
ဂျီအီးဟာဗေးက ခရစ်နှစ် ၁၅၉၉ တွင် ရခိုင်သည် ပဲခူးကို အောင်နိုင် သောအခါ နန္ဒာဘုရင်၏ သမီးတော် "ခင်မနှောင်း" ကို ရခိုင်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ရခိုင်ဘုရင်၏ "ပဲခူးမိဖုရား" ဟု တွင်ခဲ့ ကြောင်း ဖော်ပြခဲ့ပါသည်။ ဩဂတ်စတင်းဂိုဏ်းဝင် ပေါ်တူဂီလူမျိုး ဘရင်ဂျီ ဘုန်းတော်ကြီး ဆီဗာရိုမန်၏ ခရီးသွားမှတ်တမ်းအရမူ ရခိုင်ဘုရင်သည် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ယူလာစဉ် မြန်မာမင်း နန္ဒာဘုရင်၏ သမီးတော်တစ်ပါးကိုလည်း သိမ်းပိုက်ခေါ်ဆောင် ခဲ့ကြောင်း ရခိုင်ဘုရင် ရာဇာကြီးသည် ထိုမင်းသမီးကို မိဖုရား မြှောက်ရာ နောင် (၁၃)နှစ်ကြာ (၁၆၁၂) ခုနှစ်တွင် ဘုရင်နတ်ရွာစံ သော် ထိုမင်းသမီးသည် မိဖုရားခေါင်ကြီး အဖြစ် ကျန်ရစ်ခဲ့ကြောင်း၊ သီရိသုဓမ္မမင်း၏ ခမည်းတော် မင်းခမောင်း၏ မယ်တော် မဟုတ် သော်လည်း နန်းမတော်မိဖုရားခေါင်ကြီး အဖြစ်နှင့် အာဏာပိုင် ထိပ်တန်း အမျိုးသမီးအဖြစ် တည်ရှိကြောင်း၊ သီရိသုဓမ္မ ခယဋ်နှစ် ၁၆၂၂ ခုနှစ်တွင် ထီးနန်းဆက်ခံသောအခါတွင် မယ်တော် မိဖုရား ခေါင်ကြီး အဖြစ် ဆက်လက်တန်ခိုးကြီးလျက်ပင် ရှိကြောင်း၊ ခရစ်နှစ် ၁၆၃၀ တွင် မန်ရစ်နှင့် တွေ့သောအခါ သူမ၏ အသက်မှာ ၅၅ နှစ်ရှိပြီ ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါသည်။
ဂျီအီးဟာဗေး၏ အလိုအရ လူဦးရေ ၅၀၀၀ ခန့်ရှိသော မွန်နှင့် မြန်မာများကို ဦးဆောင်သည့် နန္ဒာဘုရင်၏ သားတော်များ ညီတော်တို့နှင့်အတူ သမီးတော် ခင်မနှောင်းကို ရခိုင်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည် ဟု ဆိုပါသည်။ ဗိုလ်မင်းကြီးများ၏ အလိုအရ မင်းသမီး ခင်မနှောင်းနှင့် အဖေတူ မအေကွဲ မင်းသားတစ်ပါးသည် ခရစ်နှစ် ၁၆၁၄ ခုနှစ်တွင် စစ်တကောင်း ဘုရင်ခံ ဖြစ်ခဲ့ကြောင်း၊ ၁၆၂၀ ပြည့်နှစ်တွင် မဂိုတို့နှင့် စစ်ခင်းရာ ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းသဖြင့် ဗိုလ်မင်းဟူသော ဘွဲ့ကို စတင်ရခဲ့ကြောင်း၊ ၁၇၁၀ ပြည့်နှစ်တွင် ထိုဗိုလ်မင်းမှ ဆင်းသက်သော အနွယ်တော်တစ်ဦးသည် မဂိုတို့ကို တိုက်ထုတ်ခဲ့သည် သာမက ရခိုင်ဘုရင် စန္ဒဝိဇယကို ရခိုင်ထီးနန်းသို့ တင်ပေးနိုင်ခဲ့သဖြင့် "ဗိုလ်မင်းကြီး" ဟူသော ဘွဲ့ကို ထပ်၍ ရခဲ့သည်ဟု ဆိုပါသည်။ ၁၇၆၆ ခုနှစ်တွင် စစ်တကောင်းကို မဂိုတပ်များ သိမ်းပိုက်သည်။
ဗိုလ်မင်းနှင့် နောက်လိုက်နောက်ပါများသည် တောတောင်များ ဘက်သို့ ထွက်ပြီး ရခိုင်တို့ အားကြီးလျှင် ရခိုင်လက်အောက်သို့ လည်းကောင်း၊ မဂိုမင်းတို့ အာဏာကြီးလျှင် မဂိုမင်းလက်အောက်သို့ လည်းကောင်း၊ လက်အောက်ခံအဖြစ် ဝင်ရောက်နေထိုင်ကြသည်။ ဗြိတိသျှတို့ စစ်တကောင်းကို မသိမ်းပိုက်မီ လေးနှစ်အလိုတွင် ဗိုလ်မင်းကြီးနှင့် နောက်လိုက်နောက်ပါများသည် မဂိုအင်ပါယာ လက်အောက်တွင် မရပ်တည်နိုင်tတော့၍ ရခိုင်ဘက်သို့ ပြေးခဲ့ကြသည်။ တစ်ဖန် ရခိုင်တို့၏ ဖိနှိပ်မှုကို မခံနိုင်၍ ၁၇၇၄ ခုနှစ်တွင် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြန်၍ ခိုလှုံသည်။ ထို့နောက် ဒက္ကာတွင်လည်းကောင်း၊ ၁၈၄၀ ခုနှစ်၌ မြောက်ဘက်သို့ ရွှေ့ကာ ဗင်ဒါဗန် (ဗိုလ်မင်းတောင်) တွင် အခြေစိုက်သည်။
ရှေးအခါက ဗိုလ်မင်းနှင့် နောက်လိုက်နောက်ပါများသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ တိုက်ရည်ခိုက်ရည်ရှိမှ အခြေတကျ နေထိုင်နိုင်ကြသည်။
ဗိုလ်မင်းများကို ဆက်ခံမည့်သူများအား ဗြိတိသျှတို့က ပညာသင်ပေးပြီး ၎င်းတို့ အပေါ် ကျိုးနွံ ရိုသေအောင် လေ့ကျင့်ပေးသည်။ ကိုးဆက်မြောက် ဗိုလ်မင်းစန္ဒရိုသည် ၁၈၈၉ မှ ၁၈၉၀ နှစ်အတွင်း လူရှိုင်း သုသေသနလုပ်ငန်းအတွက် လုပ်သားနှင့် ရိက္ခာထောက်ပံ့ အကူအညီပေးခဲ့သဖြင့် " အကျိုးတော်ဆောင် ရွှေစလွယ်ရမင်း (ကေအက်စ်အမ်) ဘွဲ့တံဆိပ်ဖြင့် သူကောင်းပြုခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် စိုးမိုးအုပ်ချုပ်သော ၁၂ ဆက်မြောက် ဗိုလ်မင်း ကျော်ဇံဖရူးသည် ဗြိတိသျှ အစိုးရ၏ ယုံကြည်မှုကို ခံရသည့်အပြင် သူ့နောက်လိုက် နောက်ပါများ၏ ချစ်ကြောက်ရိုသေမှုကိုလည်း ခံယူသည်။
ဗြိတိသျှတို့သည် ၅၇၀၇ စတုရန်းမိုင် ရှိသော စစ်တကောင်း တောင်တန်းဒေသကို သက်တောင်၊ ဖလံတောင်၊ ဗိုလ်မင်းတောင်ဟု သုံးပိုင်းပိုင်း၍ သုံးခရိုင် ခွဲခဲ့သည်။ ၎င်းတို့အသီးသီးတွင် စော်ဘွားတစ်ဦးစီ ခန့်ထားသည်။ သက်တောင်တွင် နေသူများမှာ မြန်မာပြည်မှ သက်ကဒူးများ ဖြစ်သည်။ ၎င်းတို့၏ စော်ဘွားကို မဂိုတို့က ခန့်ထားခဲ့၍ မဂိုအမည်ဘွဲ့ခံယူကာ မဂိုစစ်သားများနှင့် သက်ကဒူး အမျိုးသမီးများ လက်ဆက်ခဲ့ကြသည်။ ဖလံတောင် စော်ဘွားမှာ မဂိုတို့ ခန့်ထားသူ မဟုတ်ပဲ ဗိုလ်မင်းတောင် စော်ဘွားများကဲ့သို့ မျိုးရိုးအရ ဆင်းသက်လာသူ ဖြစ်သည်။ ဖလံတောင်သားတို့သည် ဗိုလ်မင်းတောင်သားများနှင့် အမျိုးတူ ဆင်းသက်လာခဲ့သူများ ဖြစ်သည်။
ဗိုလ်မင်းတောင်သည် ၁၆၆၅ စတုရန်းမိုင်ရှိ၍ မအူပင်ခရိုင်ထက် အနည်းငယ်သာ ကြီးသည်။ လူဦးရေ ၇၀၀၀၀ အနက် ၂၉၀၀၀မှာ ဗိုလ်မင်းတောင်သားများ ဖြစ်သည်။ ကျန်လူဦးရေမှာ ဘင်္ဂလီများ ဖြစ်သည်။ ဗိုလ်မင်းတောင်သည် မြန်မာအဆန်ဆုံးဖြစ်၍ ၎င်း၌ ရွှေစေတီ၊ ကျွန်းဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးများနှင့် မြန်မာအဝတ်အစား ဝတ်ဆင်သူများကိုသာ တွေ့ရသည်ဟု ဆိုသည်။ ဗိုလ်မင်းကြီးများမှ ဆင်းသက်လာမှု မင်းစဉ်ဇယားကို ဖော်ပြပါသည်။
မင်းစဉ်ဇယားအရ ဗိုလ်မင်းကြီးများ၏ အမည်များသည် ရခိုင်ဆန်သည်ကို တွေ့ရသည်။ ၅-၉-၂၀၀၁ နေ့တွင် ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဇောတနှင့် တွေ့ဆုံရပါသည်။ စာရေးသူ၏ ရခိုင်သူငယ်ချင်း ဦးကျော်မြသိမ်း စီစဉ်ပေးချက်အရ တွေ့ဆုံခြင်း ဖြစ်သည်။ ဆရာတော်သည် ဥပဓိရုပ် အလွန်သန့်ပါသည်။ အသားအရေမှာ ဝင်းဖန့်စိုပြေနေသည်။ ဆရာတော်သည် ၁၃ ဆက်မြောက် ဗိုလ်မင်းကြီး ကျော်ဇောသံဖြူ၏ မြေးတော် ဖြစ်သည်။ ဗိုလ်မင်းကြီးများအဖြစ် ဆက်ခံရသည်မှာ ပုံသေမရှိပါ။ ဆွေတော်မျိုးတော်အတွင်း အသင့်လျော်ဆုံး အရည်အချင်းရှိသူကိုသာ ရွေးကောက်တင်မြှောက်သည်ဟု ဆိုသည်။
ဤသို့ရွေးကောက်တင်မြှောက်ခြင်းကို စူလီနာမာ ဟုခေါ်သည်။ ဤသို့ပြုခြင်းကို တရားရုံးက အတည်ပြုသည်။ ဗိုလ်မင်းကျော်ဇောသံဖြူ၏ ကြင်ရာတော် တပါးဖြစ်သော မြရှင်ဦးမှ လှထွန်းဖြူ၊ ရိုလီဖြူ၊ နန်းအေးရှင်၊ နန်းမြစိန်နှင့် ထွေးလှဖြူတို့ကို မွေးဖွားခဲ့သည်။ သားတော်လှထွန်းဖြူမှာ ဆရာတော်၏ ခမည်းတော် ဖြစ်သည်။ ဆရာတော်သည် ငယ်ဖြူမဟုတ်ပါ။ အောက်စဖို့ဒ် တက္ကသိုလ်မှ မဟာဥပဒေ ဝိဇ္ဇာ (အယ်လ်အယ်လ်အမ်) ဘွဲ့ ရရှိခဲ့ပြီးသူ ဖြစ်သည်။ ဆရာတော် အလိုအရ ယခုအခါ တောင်တန်းဒေသသည် စုစုပေါင်းဧရိယာ ၅၅၀၀ ရှိသည်။ ၁၉၀၀ ပြည့်နှစ် အက်ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်း ဖြစ်သည်။ ဤကဲ့သို့ မလုပ်လျှင် အုပ်ချုပ်၍ မရဟု ဆိုပါသည်။ ဖလံတောင်နှင့် ဗိုလ်မင်းတောင် အတူတူပင် ဖြစ်သည်။
ဘုရင့်နောင်မင်းတရားကြီး (၁၅၅၁-၁၅၈၁)
|
နန္ဒာဘုရင် (၁၅၈၁-၁၅၉၉)
|__________________________________
နန္ဒာဘုရင့် သားတော်__________သမီးတော် ခင်မနှောင်း
၁။ မင်းစပ်ဖြူ (၁၅၉၉ - ၁၆၃၀)
၂။ ၎င်း၏ သားတော် မင်းရဲဖရူး သို့မဟုတ် ပုလဲဖရူး (၁၆၃၀-၆၅)
၃။ ၎င်း၏ သားတော် ဟယ်ရီဖရူး (၁၆၆၅-၈၇)
၎။ ၎င်း၏ တူတော် ဟယ်ရီညို (၁၆၈၇-၁၇၂၇)
၅။ ၎င်း၏ မြေးတော် ကောင်းလှဖရူး (၁၇၂၇-၁၈၁၁)
၆။ ၎င်း၏ သားတော် စံသူဖြူ (၁၈၁၁-၄၀)
၇။ ၎င်း၏ တူတော် ကောင်းလှညို (၁၈၄၀-၆၆)
၈။ ၎င်း၏ ညီတစ်ဝမ်းကွဲ မောင်ဖရူး (၁၈၆၆-၁၈၇၅)
၉။ ၎င်း၏ ညီတော် စန္ဒရို (၁၈၇၅-၁၉၀၁)
၁၀။ ၎င်း၏ တူတော် ချောင်လှဖြူ (၁၉၀၁-၁၆)
၁၁။ ၎င်း၏ ညီတော်တစ်ဝမ်းကွဲ မောင်ကြာညို (၁၉၁၆-၂၃)
၁၂။ ၎င်း၏ ညီတော်တစ်ဝမ်းကွဲ ကျော်ဇံဖရူး (၁၉၂၃-၃၃)
၁၃။ ၎င်း၏ သားတော် ကျော်ဇောသံဖြူ (၁၉၃၃-၅၉)
၁၄။ ၎င်း၏ ညီတော် မောင်ရွှေဖြူ (၁၉၅၉)
၁၅။ ကျော်ဇောသံဖြူ ၏ သားတော် ကျော်သံဖြူ
ဗြိတိသျှခေတ်က တစ်အိမ်ထောင်လျှင် ၂၀ ပဲ အခွန် ထမ်းဆောင်ရသည့်အနက်မှ ဗိုလ်မင်းက ခြောက်ပဲ၊ သူကြီးက ခြောက်ပဲ အစုရကြသည်။ ရွာစုတစ်စု (MOVZA) တွင် သူကြီးတစ်ယောက် ရှိသည်။ ၎င်းအောက်တွင် ရွာတစ်ရွာလိုက် ရွာစားဟု ရှိသည်။ ရွာစား လက်အောက်တွင် ခံတီး (ကာရဘာရီ) ဟု ရှိသည်။ ယခုအခါ ဗိုလ်မင်းကြီးများမှာ ကိုယ်ပိုင်လယ်ယာဖြင့် လုပ်ကိုင်စားသောက်နေရသည်။ မြေတော်ခွန်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရသည်။ တောင်ခွန်တော်ကို ဗိုလ်မင်းက ရသည်။
ယခုအထိ ဥပဒေအရာတွင် မြန်မာဥပဒေ ဓမ္မသတ်ကိုသာ သုံးသည်။ သက်မင်းတောင်တွင် ဘင်္ဂလီစကားပြောသည်။ ဗိုလ်မင်းတောင်နှင့် ဖလံတောင်တွင် ရခိုင်စကားပြောသည်။ မြန်မာစာကိုသာ အသုံးပြုသည်။ နှစ်စဉ် ဒီဇင်ဘာလတွင် ပိုင်ဇယာပွဲ ကျင်းပလေ့ရှိသည်။ မင်းခမ်းမင်းနားဖြင့် ကန်တော့ခံ အခွန်ဆက်ပွဲ ဖြစ်သည်။ အနီးပတ်ဝန်းကျင် ဖလောင်ချိပ်ကဲ့သို့ နေရာမျိုးတွင် အမျိုးနွယ်တူများ ရှိကြ နေကြသည်။ ဗိုလ်မင်းကြီးကို အလွန်ရိုသေကြသည်။ ယခင်က မူလတန်းတွင် မြန်မာစာ သင်ရသည်။ ယခု မသင်ရတော့ပါ။ တစ်ချိန်က မန္တလေးတိုင်းမှူးက မူလတန်းဖတ်စာအုပ်များ တစ်ထောင် လှူဖူးသည်။ ဆရာတော် ဘဒ္ဒန္တ ပညာဇောတက ဘုန်းတော်ကြီးကျောင်းများကို ၎င်းစာအုပ်များ ဝေငှ၍ မြန်မာစာ သင်ခိုင်းထားသည်။
ယခု နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့နေပါသည်။ ယခုအခါ ဗိုလ်မင်းတောင်တွင် လူငယ်များက ကုလားသီချင်းသာ ဆိုနေကြသည် ကို ဆရာတော် စိတ်မချမ်းသာ၍ အဆို၊အက သင်ရန် နိုင်ငံတော် အစိုးရထံ အကူအညီတောင်းထားပါသည်။ ယခင်က ဗိုလ်မင်းတောင် တွင် ရာနှုန်းပြည့် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်သည်။ ယခုအခါ ခရစ်ယာန် ဘာသာဝင် ၆၀ ရာခိုင်နှုန်းဖြစ၍ ဗုဒ္ဓဘာသာဝင် ၄၀ ရာခိုင်နှုန်းသာ ကျန်တော်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ဗိုလ်မင်းတောင်မှ ဧည့်သည်တော် တစ်စု မြန်မာပြည်သို့ ဘုရားဖူး လာကြ၍ ရွှေတိဂုံစေတီတော်ကြီးကို ကော်ဇော်နှစ်ချပ် လှူသွားသည်ဟု သတင်းစာထဲတွင် ဖတ်လိုက်ရဖူးသည်။
သတင်းစာဆရာကြီး ယူပီအိုင် ဦးဘသန်းက သွေးသောက် မဂ္ဂဇင်းတွင် " ဘဝအတွေ့အကြုံ" အမည်ဖြင့် ဆောင်းပါး ရေးခဲ့သည်။ ၎င်းဆောင်းပါးမှာ ဦးဘသန်း ကာလကတ္တား မြန်မာ ကောင်စစ်ဝန်ရုံးမှ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲတွင် ဗိုလ်မင်းကြီး ကျော်ဇောသံဖြူနှင့် မဟာဒေဝီ မြနှင်းဆီ၊ သားတော်တို့ကို တွေ့ဆုံခဲ့ရသည်ဟု ဓာတ်ပုံနှင့် တကွ ရေးသားဖော်ပြခဲ့ဖူးသည်။ မြန်မာ အဝတ်အစားများပင် ဝတ်ဆင်ထားပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကောင်းစွာ ပြောဆိုနိုင်သည်ဟု ဆိုပါသည်။ ယူပီအိုင် ဦးဘသန်း ရိုက်ခဲ့သော ဗိုလ်မင်းကြီးတို့ မိသားစု ဓာတ်ပုံကို ဖော်ပြလိုက်ပါသည်။
ကိုးကားချက်များ။
၁။ ၅-၉-၉၇ နေ့ နှင့် တွေ့ဆုံမြေးမြန်းချက်များ
၂။ G.E. Harvey - Bayinnaung’s Living Descendant: The Magh Bohmong
၃။ Maurice Collis - The land of the Great Image
စာဖတ်သူဂျာနယ်၊
အတွဲ (၂) နံပါတ်(၅၂)၊ ၂၀၀၁၊
အတွဲ(၂) နံပါတ် (၅၃)၊၂၀၀၂
_____________________
Credit - The Mora
- မှတ်စုကြမ်းမှ မျှဝေဖော်ပြသည်။ ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...