Monday, February 1, 2016

"လှေကား ဋီကာ"

မှတ်စုကြမ်း


ဒီတစ်ပတ်ရဲ့အတွေးစနေကလှေကားတွေဘက်လှည့်မိတယ် ၊လှေကားတွေအကြောင်းတွေးတယ်
၊လှေကားတွေအကြောင်းရေးမယ် ၊ရေးပါမယ်၊
(၁)
ကျနော်တို့ လှေကားတွေနဲ့ရင်းနှီးခဲ့ကြတယ် ၊နေ့တဓူဝလှေကားတွေနဲ့ ရင်ဆိုင်နေရသူတွေလည်းရှိတယ်၊

တကယ်တော့လှေကားဆိုတာရဲ့သဘာဝက ကိုယ်လက်လှမ်းမမှီတဲ့ အမြင့်တစ်နေရာကိုတက်ဖို့ ရည်ရွယ်တာဖြစ်တယ်၊ ဘယ်လိုပဲမြင့်မားတဲ့နေရာဖြစ်ဖြစ် လှေကားတွေကတဆင့် တစ်ထစ်ချင်း၊ တစ်လှမ်းခြင်းတက်ရတယ်၊ တက်ကြရပါတယ်၊

(၂)
သူတို့အနေအထားကလည်း အမျိုးမျိုးရှိတယ်၊ တစ်ချို့လှေကားတွေကပြေပြစ်ခိုင်ခန့်တယ်၊ တက်ရသူအဖို့ကို

အစဉ်ပြေစေတယ်၊ တစ်ချို့လှေကားတွေကတော့မတ်စောက်တယ်၊ တက်သူတွေပင်ပန်းနွမ်းလျစေတယ်၊
တစ်ချို့ကတော့ ခနော်ခနဲ့လှုပ်လီလှုပ်လဲ့၊...
ဒါပေမယ့် အမြင့်ကိုရောက်ချင်သူတွေအဖို့ ဒီလှေကားအမျိုးမျိုးကနေပဲလျောက်ကြရ၊ တက်ကြရ၊ လှမ်းကြရပါမယ်၊
(၃)
ပေးထားချက်တွေမတူတဲ့ကျနော်တို့ဘ၀၊ တစ်ခါတစ်ခါကြုံရတဲ့လောကဓံက အနှီလှေကားတွေနဲ့တူပါတယ်၊ ဘ၀ဟာတစ်ခါတစ်ရံမှာ ပြေပြစ်တဲ့လှေကားများလိုအရာရာအဆင်ပြေလွန်း၊

လွယ်ကူလွန်းနေတယ်၊ တစ်ချို့ဘိုးဘွားမိဘပေးခဲ့တဲ့အမွေတွေနဲ့ တစ်သက်လုံးထိုင်ဖြုန်းရင်း ပညာမရှာ၊ဥစ္စာမစု၊ဘာဝနာမပြုဘဲ လူ့ဘ၀ကိုအချည်းနှီးကုန်ဆုံးနေတဲ့၊နေခဲ့တဲ့သူတွေရှိပါတယ်၊
တစ်ချိုကတော့သူတို့နဲ့မတူဘဲ၊ မတ်စောက်တဲ့လှေကားများတက်နေရသလို ဘ၀ကခက်ခဲတယ်၊ ပင်ပန်းတယ်၊ ကိုယ်ရောစိတ်ပါနွမ်းလျမောပန်းစေတယ်၊
တစ်ချို့ဘ၀တွေများမတည်ငြိမ်ဘူး၊ တစ်နေ့ရွှေတစ်နေ့ငွေလိုပါပဲ သူတို့ရဲ့လက်ရှိ position နက်ဖြန်သဘတ်နေ့မြင်ညပျောက်ဖြစ်သွားမှာ စိုးရိမ်နေရတယ်သူတို့ကြတော့ ခနော်ခနဲ့လှေကားတွေကို လှမ်းတက်နေရသလိုပါပဲ၊ တက်သူခမျာလှေကား ဘယ်တော့များကျိုးပျက်ကြမလဲ

စိတ်ပူပန်နေရသလိုပါပဲ၊
(၄)
ခက်တာကဘ၀ဆိုတာ တသတ်မတ်ထဲသွားနေတဲ့ဖြစ်စဉ် constant process တစ်ခု ပုံစံမဆောင်တာပါ၊ အမြဲတမ်းလိုလိုလွယ်ကူနေတဲ့၊ ကိစ္စတိုင်းအဆင်ပြေနေတဲ့၊ ဒါမှမဟုတ်၊ အမြဲတမ်း ခက်ခဲကြမ်းတမ်းနေတဲ့အနေအထားက ရှိနေရင်တောင်ရှားမယ်လို့ထင်ပါတယ်၊ အများအနည်းပမာဏသာ

ကွာချင်ကွာမယ် ၊ကောင်းဆိုးနှစ်တန်လောကဓံတော့ တလှည့်စီကြုံခဲ့ကြရ၊ ကြုံနေကြရတာမျိုးပါပဲ၊
(၅)
ပြေပြစ်တဲ့လှေကားလေးများတက်ရလို့ သက်သာသလို ကျနော်တို့ဘ၀အစဉ်ပြေချိန်လေးခဏမှာ ဒါကိုသာယာမနေဘဲ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပျက်ဖို့လိုပါတယ်၊ အနောက်တိုင်းစကားပုံရှိတယ်။

"ဘုရားသခင်က လူတစ်ယောက်ကို ပျက်စီးစေချင်ရင် ကောင်းတာတွေအများကြီးပေးတယ်" ဆိုတာလေးပါ။ ဒါ့ကြောင့်ကိုယ့်ဘ၀မှာ ရာထူး၊ အာဏာ၊ ဥစ္စာငွေကြေး အရာရာပြည့်စုံနေချိန်တွေမှာ ကျနော်တို့သတိသပ္ပဇဉ် လက်မလွတ်ဖို့အင်မတန်အရေးကြီးပါတယ်၊ ဘယ်လောက်ပြေပြစ်တဲ့လှေကားဖြစ်စေဦး သတိမထားဘဲခပ်ပေါ့ပေါ့တက်ရင်၊ ဒါမှမဟုတ်လောဘတက်ပြီး အထစ်ကျော်တက်ရင် ခြေချော်ပြီးပြုတ်ကျတက်တာဓမ္မတာပါ၊
(၆)
တစ်ခါတစ်ရံမှာ ဘ၀ဟာ ပင်လယ်ပြင်မုန်တိုင်းထဲကလှေပမာလိုပါပဲ၊ ဆောက်တည်ရာ မရပင်ပန်းကြမ်းတမ်းလွန်းတာတွေ့ရတယ်၊

ဥပမာ ကိုယ်မြတ်နိုးရတဲ့ အလုပ်ကနေပြုတ်သွားတာမျိုး၊ ကိုယ့်တစ်သက်လုံး ရှာဖွေရင်းနှီးထားရတဲ့ ဥစ္စာဓနတွေရန်သူမျိုး ၅ ပါးကြောင့်ပျက်စီးသွားတာမျိုး၊ ကိုယ်ချစ်မြတ်နိုးရတဲ့ မိဘ၊ အိမ်ထောင်ဘက်၊ သားသမီးတစ်ယောက်ယောက် ကွယ်လွန်သွားတာမျိုး၊ စတာတွေမှာ ကျနော်တို့ဘ၀မှာ ဖြေဆည်ရာ (solace) ဆိုတာရှာမရတော့သလိုဖြစ်သွားနိုင်တာပါ၊ ဒီအခြေအနေဟာ မက်စောက်တဲ့လှေကားကြီးများ တက်နေရသလိုခြေမသယ်လက် မသယ်နိုင်လောက်အောင်ကို ၊နုလုံးခုန်သံတွေ ပွင့်ထွက်သွားမလောက်အောင်ကို ကိုယ်ရောစိတ်ပါပင်ပန်းလွန်းလှပါတယ်၊ ဒါပေမယ့် ၊လောကဓံဆိုတာမျိုးက အဆိုးကြီးသက်သက်မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ကိုယ့်ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းနေချိန်လေးမှာ သူများတွေထက်နှစ်ဆအားထည့်ပြီး ရုန်းကန်ဖို့လိုပါတယ်၊လိုပါလိမ့်မယ်၊ ဗုဒ္ဓစာပေမှာတော့ "ဆန္ဒ၀တော ကိံ နာမကမ္မံ နာသိဇ္ဈသိ"ဆိုတာရှိပါတယ်၊ "Will makes impossible possible" ဆန္ဒကကြံဆောင်ရင် ဘာမဆိုဖြစ်နိုင်တယ် ဆိုတာလေးပါ၊ ဒါ့ကြောင့် မတ်စောက်တဲ့လှေကားမျိုးနဲ့တူတဲ့ ဘ၀မျိုး ကျနော်တို့တက်လှမ်းရရင် ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ မိမိလိုရာရောက်အောင်အသောနှင်ဖို့က လိုရင်းပါပဲ၊ စိတ်ထောင်းလို့ ကိုယ်ကြေဆိုတာကြားဖူးပါရဲ့၊ ဒါမျိုးမဖြစ်ရအောင် မိမိစိတ်ကိုမိမိဘာသာမြှင့်တင်ထားဖို့ အရေးကြီးတာပါ၊
(၇)
တစ်ခါတစ်ရံမှာတော့ လှုပ်လီလှုပ်လဲ့လှေကားလေးတွေအပေါ် တက်နေရသလို ကိုယ့်ဘ၀လမ်းကြောင်း ဟာလည်း အတည်မကျ၊ ယိုင်နဲ့နဲ့၊ဒယိမ်းဒယိုင်၊ကြိုးတန်းပေါ်က စတန့်မင်းသားလို သတိတစ်ချက်လွတ်တာနဲ့ ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားနိုင်တာမျိုးပါ၊ ဒီမှာ အရေးအကြီးဆုံးက သတိ (mindfulness)ပါပဲ၊ သတိတမံဥာဏ်မြေကတုတ်က ဒီလိုဘ၀မျိုးကြုံတွေ့ရချိန်မှာ အသုံးဝင်တာပါ၊ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ သတိဝီရိယကြီးကြီးထားပြီး ထွက်ပေါက်တစ်ခု ရှာထားသင့်တယ်၊ အကောင်းဆုံး second plan တစ်ခုရေးဆွဲထားသင့်ပါတယ်၊ ကံအကြောင်းမလှလို့ ခရော်ခနဲ့ဘ၀ရဲ့လှေကားကြီး ကျိုးကြသွားခဲ့ ရင်တောင် ခွေးကျဝက်ကျမကျဘဲ ကြောင်ကျကျနိုင်မှာပါ၊ ဒါမှ အထက်ကိုထပ်လှမ်းရာလှေကား အသစ်ကို ရှာဖို့ခွန်အားတွေ မဆုံးရှုံးမှာပါ၊
ဒါလှေကားနဲ့ ဘ၀ဆက်စပ်မူ့တချို့ ချိန်ထိုးလို့နှိုင်းယှဉ်သုံးသပ်မိတဲ့ ကျနော့်ရဲ့အမြင်ဆိုလည်းမမှားပါဘူး၊
(၈)
လောကီလှေကားတွေအပြီး လောကုတ္တရာဘာသာရေးနယ်ကလှေကားတွေဖက်လှည့်မိတယ်၊ တစ်ဆက်တည်း မကြာခဏရောက်မိတဲ့ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့မြောက်ဥက္ကလာအစပ်က ၀ဋ်ကြွေးတော်ပြေစေတီရဲ့ စောင်းတန်းလှေကားထစ်လေးတွေကိုမြင်မိနေပါတယ်၊ အပယ်ကစလို့ဗြဟ္မဘုံမှာ ဆုံးတဲ့ ၃၁ ဘုံကို ပုံဖော်ထားရာလှေကားထစ် တစ်ခုစီတိုင်းက အသိတရား တစ်ခုစီပေးနေသလို ပါ၊ သံသရာမှာအောက်ကနေအပေါ်ကို လှမ်းတက်ဖို့၊ တက်နိုင်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ဒေါက်တိုင်သုံးခု အရင်းပြုပြီးရှေ့ဆက်ကြဖို့ သူတို့ကဆော်သြနေသလိုပါပဲ၊ ကျနော်တို့ပြင်ပလောကမှာလှေကားတွေ တက်နေရတာနဲ့ အတူတူပေါ့၊ အသွားမတော်တစ်လှမ်းမို့၊
အချိန်မရွေးအောက်ပြုတ်ကျနိုင်သလို၊ ဒိဌိနဲ့ ၀ီစိကိစ္ဆာသာ မကင်းသေးရင် ၃၁ ဘုံဆိုတဲ့ သံသရာခရီးဟာဘယ်လောက်ပဲ အမြင့်ရောက်ရောက်အောက်ခြေကို ရုတ်ချည်း ပြုတ်ကျနိုင်တဲ့ potential ကအမြဲရှိနေလေရဲ့၊ ဒါ့ကြောင့် အနှီလှေကားထစ်တွေကနေလွန်လို့ ကိုယ်ရည်မှန်းတဲ့ အထပ်အဆင့်ရောက်ပါမှ စိတ်ချရသလို ၃၁ဘုံဆိုတဲ့ သံသရာလှေကားထစ်များရဲ့အလွန် ပြုပြင်စီရင်မှု့တို့ ကင်းရာ အသင်္ခတတစ်နေရာရောက်မှ စိတ်ချရဖို့ရည်မျှော်ရင်း...။
(မှတ်ချက် -လောကီလောကုတ္တရာဘယ်မှာ ဘက်ကပဲတွေးတွေး လှေကားတွေက ကျနော်တို့ဘ၀အတွက် အရေးပါနေတာ၊ ပါနေမှာပါ)
With Respect
‪#‎Nyi‬ Kyaw (30.1.2016)
Field :General Topic.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...