Wednesday, February 3, 2016

** ကျွန်တော့်အဖေ သို့ မိုးကောင်းကင်ကိုဖွင့်ခဲ့သူ**

Music Crazy Te Te Tar Tar

ကျနော့် အဖေနာမည်က စိုးလွင်လွင် (ခ) ပိုပိုပါ။ဟုတ်ပါတယ်၊ အဆိုတော်စိုးလွင်လွင်ပါ။ facebook ကကျနော် friend list ထဲမှာ ကျနော့်ကိုသိပြီးသား သူငယ်ချင်း တွေလဲ ရှိပါတယ်။ ဒီစာကို မသိသေးသူအစ်ကို၊ အစ်မ၊ ညီ၊ညီမများအတွက် ရည်ညွန်းပါတယ်။ ကျနော့်အဖေက အဆိုတော်မဖြစ်ခင် လေးဘီးကား taxi ဆွဲတယ်ဗျ။ ဒီအကြောင်းကို သိတဲ့လူ နည်းမယ် ထင်တယ်။ မဆလခေတ်ပေါ့ဗျာ။
သူ ကားဆွဲကောင်းတဲ့ နေ့တွေ ဆိုရင် ကျနော့်အတွက် ခေါက်ဆွဲကြော် တထုပ် အမြဲတမ်းဝယ်လာတတ်တယ်။ အဲဒီအချိန်ထဲကသူကသူ့သူငယ်ချင်းတွေနဲ့ အားတဲ့ရက်ဆိုရင်တီးနေ၊ မှုတ်နေပြီဗျ။ အဲဒီလိုနေလာရင်းနဲ့ ဝါသနာပိုးကတားမရတော့ဘူးထင်ပါတယ်။ သူ့အမေကိုသူဆွဲနေတဲ့လေးဘီးကား ရောင်းပြီး စီးရီး ထုတ်မယ် ပူဆာပါလေရော။ အဲဒီအချိန်မှာ ရန်ကင်းရပ်ကွက်ကလဲဂီတသမားတွေရဲ့အောင်မြေကိုး။ဦးကိုင်ဇာတို့ကလဲအောင်မြင်နေပြီလေ။ထူးဆန်းတာတခုကကျနော်အဖေဖက်ကအမျိုးတွေဆီမှာအဲဒီအချိန်တုံးကအနုပညာလိုက်စားသူ တယောက်မှ မရှိဘူးဗျ။ အမျိုးထဲမှာဝန်ထမ်းနဲ့ကုန်သည်တွေချည်းပဲ။ကျနော်အဖိုးကတရားရေးကသူတယောက်ထဲတမိပေါက်၊တယောက်ထွန်းပေါ့ဗျာ။အဲဒီလိုနဲ့ ၁၉၈၃\၈၄ ကြတော့ မင်းထက်သာတဲ့လူ စီးရီး ရန်ကြီးအောင်တေးသံသွင်းကထွက်ပါတယ်။ငွေကြေးအရမအောင်မြင်ပါဘူး။လူတော့နည်းနည်းသိသွားပါတယ်။နိမိတ်သီချင်းကအဲဒီအခွေထဲမှာစပါတာပါ။ စံပါယ်ဦး ဦးသန်းလွင်က သူ့ကိုမျက်စိကျသွားပါပြီ။နောက်စီးရီးကိုသူကပရိုဂျူဆာလုပ်မယ်လို့ကမ်းလှမ်းပါတယ်။နောက်စီးရီးချစ်လူမိုက် ထွက်တော့၁၉၈၅\၈၆ဖြစ်မယ်ထင်ပါတယ်။မှတ်မှတ်ရရကျနော်မှတ်မိတာလေး တခုကတော့ ကျနော်အဖေက စီးရီးကာဗာမှာဂျင်းဘောင်းဘီနဲ့တီရှပ်ဝတ်ပြီးတင်ပါတယ်။ဆင်ဆာမလွတ်ပါဘူး။ဂျင်းဘောင်းဘီကိုဖျက်ခိုင်းပါတယ်။ရပါတယ်ပေါ့၊ ကိုယ်တပိုင်းပုံ ထပ်တင်ပါတယ်။ တီရှပ်ကို ဆင်ဆာ ထပ်မိပါတယ်။ချစ်လူမိုက်အခွေကာဗာမြင်ဘူးတဲ့လူတွေသိကြပါလိမ့်မယ်။ ကျနော်အဖေပုံ ခေါင်းပဲပါတာ မြန်မာနိုင်ငံစိစစ်ရေးကြောင့်ပါခင်ဗျား
ချစ်လူမိုက်အခွေက ထွက်ထွက်ချင်း မပေါက်ပါဘူး၊ထွက်ပြီးနောက်၆လလောက်နေမှပေါက်ပါတယ်။ခိုင်ထူးအပျော့စား၊ကိုင်ဇာအမာစားတဲ့ပရိတ်သတ်တွေကဒီလိုတံဆိပ်ကပ်ကြပါတယ်။ညီမလေးရွှေအိမ်စည်ကိုမွေးတဲ့ အချိန်ပေါ့။ အောင်မြင်ပြီ ဆိုတော့ ရေလဲ စလန်းပါပြီ။ ကျနော်တို့နေတဲ့ ရန်ကင်းအိမ်ကိုအဲဒီအချိန်မှလျှာထိုးကြမ်း စခင်းတာပါ။ ကြမ်းမခင်းခင်က သံမံတလင်းပါ။သံမံတလင်းမှာ ကြမ်းခင်းပြီးသွားတော့ ဆေးရုံမှာ ကလေးသွားမွေးတဲ့ ကျနော့်အမေလဲ ညီမလေးနဲ့အတူအိမ်ပြန်ရောက်လာပါပြီ။ချစ်လူမိုက် အခွေမှာကြည်သာရီ ဆိုတဲ့သီချင်းတပုဒ်ပါပါတယ်အဲဒီသီချင်းရဲ့ မူလနာမည်ကရွှေအိမ်စည်ပါ။ ထုံးစံအတိုင်းဆင်ဆာမိပါတယ်။အဖေကဘာပြောလဲဆိုတော့ငါ့သီချင်းကို ငါပေးချင်တဲ့နာမည်မပေးရရင်ငါ့သမီးကိုအဲဒီနာမည်ပေးမယ်ကွာတဲ့ငါ့သမီးတော့သူတို့ဆင်ဆာဖြတ်လို့မရဘူးတဲ့ဗျား။ဒီလိုနဲ့ညီမလေးနာမည်ရွှေအိမ်စည်ဖြစ်လာခဲ့ပါတယ်။ချစ်လူမိုက်အခွေထွက်ပြီးခါစလောက်ဖြစ်မယ်ထင်တယ်။Bassဂစ်တာသမားဦးဇာလျန်းကကျနော့်အဖေကိုinternationalnotesတွေအိမ်မှာလာသင်ပေးပါတယ်ကွေ့ကွေ့ကောက်ကောက်တွေကိုမြေဖြူနဲ့အခန်းတံခါးမှာရေးပြီးတော့ကျနော် စိတ်ဝင်စားတာက 9v ဘက်ထရီနဲ့တွဲလိုက်ရင်တစ်တောက်၊ တစ်တောက် နဲ့ အသံ ထွက်လာတဲ့ စပီကာ၊ metronome လို့ ခေါ်မှန်း ကြီးလာမှသိရပါတယ်။အောင်မြင်လာပြီဆိုတော့စာနယ်ဇင်းသမားတွေလဲ ဝင်ထွက်လာကြပါတယ်။ အဲဒီထဲက ကျနော် မှတ်မိတာက ဦးဝင်းငြိမ်းနဲ့ ဦးမြတ်ခိုင်ပါပဲ။ ဦးဝင်းငြိမ်း က အဲဒီတုံးကသပြေမဂ္ဂဇင်းအတွက် အင်တာဗျူးလုပ်တာ ထင်ပါတယ်။ ဦးမြတ်ခိုင်ကတော့ ကျနော့်အမေနဲ့ ရန်ကင်း(၂)မှာထဲကငယ်သူငယ်ချင်းဆိုလား မသိဘူး။ ကျနော့် အမေနဲ့ အဖေကိုစုံတွဲအလှဓာတ်ပုံတွေရိုက်ပေးသွားပါတယ်။အောင်မြင်လာတဲ့ အလျောက်သီချင်းတွေလဲရောင်းရပါတယ်။ ဆံပင်တွေကို လေနဲ့မှုတ်မယ် ချစ်လို့ ဆိုတာ သူရေးတဲ့ သီချင်းပါပဲ။ ဒီလိုသီချင်းတွေရောင်းနေရလို့လက်ထဲမှာငွေရှိလားမေးရင်မရှိဘူးလို့ပဲဖြေရမှာပါပဲအနုပညာသမားဆိုတာ ရရစားစားကိုးဗျ။စံပယ်ဦးဦးသန်းလွင်ဆီကရတဲ့ပိုက်ဆံလဲအိမ်ကြမ်းခင်းတာနဲ့ ညီမလေး မွေးတာနဲ့ကုန်ပြီ ထင်ပါတယ်တခါတလေမနက်စတူဒီယိုသွားစရာ ကားခတောင် မရှိလို့ ကျနော့် စုဘူးထဲက ယူရပါတယ် ယူတော့ ကျနော်ကကလေးဆိုတော့ ငြူစူတာပေါ့ဗျာ။ငြူစူတော့ကျနော့်အဖေက ဘာပြောလဲဆိုတော့ သားတဲ့၊ နောင်တချိန်ကျရင်သားလိုသလောက်ပြန်ရစေရမယ်တဲ့။ဟုတ်ကဲ့၊သူပြောတဲ့စကားအတိုင်းနောင်တချိန်ကျတော့ကျနော်မုန့်ဖိုးပမာဏဘယ်လောက် တောင်းတောင်း၊ သူ့ဆီက ဘာပဲ ပူဆာပူဆာ၊သူတခါမှမငြင်းခဲ့ပါခင်ဗျား။ချစ်လူမိုက်အခွေကကဒ်ခြောက်သောင်းလောက် ရောင်းရပါတယ်။ ကျနော်တို့အတွက်အဖတ်တင်တာတော့ ကြမ်းတပြေးပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုနဲ့နေလာရင်း၁၉၈၆/၈၇လောက်ဖြစ်မယ် ထင်ပါတယ်။ ရန်ကင်းထဲက လူတယောက်နဲ့ဆက်စပ်မိပြီးအဲဒီလူကပြောပါတယ်၊အဆိုတော်အသစ်တဲ့ ခင်ဗျား မူပိုင် ဝယ်မလားပေါ့၊ ကျနော့်အဖေကို လာမေးပါတယ်။ အမေက ယူပြီး နားထောင်ကြည့်ပြီး ကောင်းသားပဲနင်ဝယ်လိုက်ပါလားဆိုတော့သူကအမေကိုပြန်ပြောပါတယ်။ငါကအနုပညာသမားတဲ့၊စီးပွါးရေးမလုပ်နိုင်ဘူးတဲ့၊ပြီးတော့ဒီအခွေကိုသူ မူပိုင် ဝယ်လိုက်ရင်အဆိုတော်ကို ခေါင်းပုံဖြတ်သလို ဖြစ်သွားမယ် တဲ့၊ မဝယ်နိုင်ဘူးတဲ့ဗျာ။အဲဒီအခွေနံမည်က နာရီပေါ်မှမျက်ရည်စက်များ တဲ့။ အဆိုတော်ကတော့သိကြတဲ့အတိုင်း ထူးအိမ်သင်ပါဗျား။တတိယစီးရီးစတည်တဲ့အချိန်မှာ၁၉၈၈၊၇၅ကျပ်တန်တွေ စသိမ်းပါတယ်။ အရပ်ထဲမှာလဲ ဗရုတ်ဗရက်၊ငိုတဲ့လူကငိုယိုတဲ့လူကယိုနဲ့၊ဒါနဲ့သူ့ကိုကျနော်မေးကြည့်ပါတယ်၊ဖေကြီးလို့ဖေကြီးမှာ၇၅ကျပ်တန်တွေအသိမ်းခံရတာဘယ်လောက်ရှိလဲဆိုတော့ တပြားမှမရှိဘူးတဲ့ဗျာ။ ပြတ်ကရော။အရေးအခင်းကြီးကလဲ တဖြည်းဖြည်း အရှိန်မြင့်လာပါပြီ။ ရန်ကင်းအ.ထ.က(၁)ရှေ့မှာကျောင်းသားတွေ အစာငတ်ခံဆန္ဒပြပါတယ်။ ကျောင်းသားတွေအတွက်စိတ်ဓာတ်မြှင့်တင်ရေးဖျော်ဖြေရေးအစီအစဉ်တွေလုပ်ပါတယ်ကျနော့်အဖေကဖျော်ဖြေရေးအစီအစဉ်အတွက်ဘဏ္ဍာရေးမှူးထင်ပါတယ်။အန်တီငယ်(မေခလာ)တို့လဲသီချင်းလာဆိုပါတယ်။မောင်မောင်ရေ ဂိုး ဂိုး ဆိုတော့ အောက်က ပရိသတ်ကြီးကသိပ်ကြိုက်ပေါ့။သမ္မတ ဦးမောင်မောင်ကိုးဗျ။နောက် ကျနော်မှတ်မိတာ ရုပ်ရှင်မင်းသမီး တင်နီလာဝင်း၊ သူလဲလာတယ်ဗျ။ အရေးအခင်းကာလတလျှောက်လုံးတော့ နေ့ဘက် ဆိုရင် ကျနော့်အဖေ အိမ်မှာဘယ်တော့မှ မရှိပါဘူး။ ဘာလုပ်လဲတော့ မသိဘူးဗျ၊ ညသန်းခေါင်ကျော်မှ ပြန်ရောက်လာတတ်တယ်။ ကျနော်ကတော့ ကလေးပီပီ ဆန္ဒပြတာတွေ ထွက်ကြည့်လိုက်၊ ဂျင်ကလိ လုပ်တာတွေ သွားကြည့်လိုက် ပေါ့ဗျာ။ ကျောင်းစိမ်းနဲ့ ကျောင်းသားလေးကို ပစ်သတ်လို့ တဲ့၊ ကားနဲ့ လိုက်ပြတာလဲ မြင်လိုက်ရပါတယ်။
အရေးအခင်းကြီးရဲ့ အရှိန်အမြင့်ဆုံး ကာလတွေမှာတော့ ကျနော်အဖေ ဘယ်ကိုမှမသွားတော့ပါဘူး။ စစ်တပ်ကလည်း ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းနေပါပြီ။ ညမထွက်ရအမိန့်လဲ ထုတ်လိုက်ပြီ။
ကာဖြူး ဆိုတာ အဲဒီတော့မှ ကျနော် စကြားဖူးတာပါ။ တောင်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေက စစ်ကားတွေ သူတို့ဘက် ရောက်လာလို့တဲ့၊ ရန်ကင်းက လမ်းမကြီးတွေကို ပိတ်ပေးပါလို့ တောင်းဆိုလာပါတယ်။ အရပ်ထဲက လူကြီးတွေလဲ သစ်ပင်ကြီးတွေ ခုတ်လှဲပြီး၊ လမ်းမကြီးတွေကို ပိတ်ပေးလိုက်ပါတယ်။
ရန်ကုန်မြို့လဲ စစ်တလင်းပြင်လိုပါပဲ။ ညဘက်ဆို ဘာသံမှကို မကြားရအောင် တိတ်ဆိတ် ခြောက်ကပ်လို့နေတယ်။ ရပ်ကွက်ထဲမှာတော့ ညနေခြောက်နာရီကျော်ပြီဆိုတာနဲ့ သံပုံးတွေ ဆူညံနေအောင် တီးကြတယ်။ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် တောခြောက်တာ တဲ့။ ကျနော် ကတော့ တဖက်လှည့်နဲ့ အာဏာ ဖီဆန်တာလို့ မြင်ပါတယ်။
ကောလာဟလတွေ ကလည်းအမျိုးမျိုး၊ ပိုက်လုံးကြီးထဲကို အဆိပ်ခတ်သွားလို့ ဆိုပြီး လမ်းပေါ်က အော်သွားပါတယ်။
အရေးအခင်းကာလမှာ ကျနော့်အဖေ ဝင်ငွေ လုံးဝမရှိ ပါဘူး။ ကျနော်တို့ စားဖို့ ဆိုပြီး အဖွားက ဆန်၂အိတ် လာပို့ပေးသွားတယ်။ အဲဒါနဲ့ပဲ အရေးအခင်းကာလမှာ ဖြစ်သလို လှည့်ပတ်ပြီး နေကြရတာပါ။ ကျနော်တို့ ရန်ကင်း ၄ လုံးတန်း ရပ်ကွက်ကတော့ ချစ်စရာကောင်းပါတယ်။ ကိုယ့် မရှိ သူပေး၊ သူ့မရှိ ကိုယ်ပေးနဲ့။
တဖြည်းဖြည်းနဲ့ အခြေအနေတွေကလဲ ငြိမ်သက်လာပါပြီ။ ကာဖြူးကို နေဝင်မီးငြိမ်းကနေ ညကိုးနာရီအထိ ပေးလိုက်တယ်။ ကျနော့်အဖေလဲ ပုံမှန်ပြန်ပြီးတော့ သွားလာလှုပ်ရှားနေပါပြီ။
ကာဖြူးကို ညကိုးနာရီအထိ ပေးထားတဲ့ တခုသောညရဲ့ သန်းခေါင်ယံမှာ ကျနော် လန့်နိုးလာပါတယ်။ ကျနော် အဖေ့ကို အရင်ဆုံး စတွေ့ရတယ်။ အမေက ညီမလေးကိုချီလို့၊ နှစ်ယောက် အချီအချ စကားများနေကြပါတယ်။ ကျနော် အဖေ့ကို ကြည့်ရတာ ပုံမှန်မဟုတ်ဘူး၊ တခုခု သုံးစွဲထားသလိုပဲ။ အဖေက အမေ့ကို ရိုက်မယ်လုပ်တော့ အမေက အိမ်ပြင်ကို ပြေးထွက်သွားပါတယ်။ ကျနော်လဲ အမေ့နောက်ကို ပြေးလိုက်မယ် လုပ်တော့ အဖေက သတိ ဝင်လာပုံ ရပါတယ်။ ကျနော့်ကို ဆွဲထားတယ်။ ကျနော်က အတင်းရုန်းတော့ လွှတ်ပေးလိုက်တယ်။ ပြေးထွက်သွားတဲ့ အမေ့နောက်ကို ကျနော် ပြေးလိုက်သွားပါတယ်။ တလမ်းလုံး အမေနဲ့ ညီမလေးကို ဘယ်မှာမှ မတွေ့တော့ဘူး။ ကျနော့်အဖေလဲ နောက်ကလိုက်ပြီးတော့ ကျနော့်ကို ပြန်ချီခေါ်သွားပါတယ်။ နောက်မှ သိရတာက အမေက ညီမလေးနဲ့ လမ်းထဲက အိမ်တအိမ်ကို ဝင်သွားတာ တဲ့။
အဖေနဲ့ အမေ အိမ်ခွဲနေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျနော်တို့ လက်ရှိ အခုနေနေတဲ့ ရန်ကင်း ၄ လုံးတန်း အိမ်မှာ အမေ နေပြီးတော့၊ အဖေကတော့ ရန်ကင်း ၁၂ လုံးတန်းက အဖွားအိမ်ပေါ် ပြန်တက်သွားတယ်။ ပြီးတော့ ညီမလေးက ငယ်သေးတော့ အမေနဲ့ပဲ နေပါတယ်၊ ကျနော်ကတော့ အဖွားအိမ်မှာ အဖေနဲ့ လိုက်နေရတယ်။
အဖွားအိမ်မှာ ကျနော် မပျော်ပါဘူး၊ အဖွားက စည်းကမ်း အရမ်းကြီးပါတယ်။ ကျနော့်အဖေလဲ ပျော်ပုံမရဘူး။ မနက်ဆို ကျနော့်အဖေက သူ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ကျနော့်ကို ခေါ်ခေါ်သွားပါတယ်။ ကျနော်က အဲဒီတုံးက မနက်ဆို အစောကြီး နိုးပါတယ်။ ကျနော့်အဖေကတော့ ညဆို သီချင်းရေး၊ စာအုပ်ဖတ်နဲ့ နောက်ကျမှထတယ်။ ကျနော် ထကြည့်လို့ ကျနော့်အဖေ မနိုးသေးရင် ကျနော်ပြန်အိပ်တယ်။ အဲဒီလိုနဲ့ ကျနော်လဲအိပ်ရာထ နောက်ကျတဲ့ အကျင့် စွဲသွားပါလေရော။
၁၂လုံးတန်းထိပ်က ကျနော့်အဖေ ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာပဲ ကျနော့်အဖေရဲ့ လက်တွဲဖော် တေးရေးဆရာတွေ ဖြစ်လာမယ် ဦးညီညီသွင်နဲ့ ဦးညီညီစံကို ကျနော် စမြင်ဖူးတာပါ။ ဦးညီညီစံက တောင်ကြီးက ဆင်းလာတာလို့ ပြောပါတယ်။ တောင်ကြီးကဆင်းလာတဲ့ ဂီတမျိုးဆက်တွေထဲမှာ သူ အစောဆုံးဖြစ်မလား မသိဘူး။ သူက ဆံပင် အရှည်ကြီးနဲ့။
ဦးညီညီသွင် ခဏ၊ ခဏ ပြောဖူးတာလေး သွားသတိရပါတယ်။ သူပြောတာက ငါက မင်းအဖေကို သီချင်းတွေ သွားပြတာကွာ တဲ့။ ပြတော့ မင်းအဖေက ဘာမှ မပြောဘူး တဲ့၊ ငါ တီးတာဆိုတာကို ငြိမ်ပြီး နားထောင်နေတယ် တဲ့။ ငါပြစရာသီချင်း ကုန်သွားပြီ ဆိုတော့မှ မင်းအဖေက ဂစ်တာကို ယူပြီး ခေါင်းငုံ့ချစ်နေမယ် သီချင်းကို တီးပြတယ်တဲ့။ မျက်နှာထားတင်းတင်းနဲ့၊ နောက်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်၊ အဲလိုမျိုး အဲဒီသီချင်းကို အစအဆုံး ဆိုပြပြီးတော့မှ သီချင်းဆိုတာ ဒီလိုရေးရတယ်ကွလို့ ပြောတယ် တဲ့။
သူတို့နှစ်ယောက်နဲ့ ကျနော့်အဖေနဲ့ နောက်စီးရီး ကျွန်တော်မသိတဲ့ကျွန်တော် အတွက် သီချင်းတွေ အတူတူ ရေးကြ၊ ရွေးကြပါတယ်။ ပရိုဂျူဆာ ဦးသန်းလွင်ကလဲ စီးရီး နောက်ကျနေလို့ ပူလှ၊ ဆူလှပါပြီ။ချစ်လူမိုက်စီးရီး မထွက်ခင်က ကျနော့်အဖေနဲ့ ရီရီထွန်း (ပညာရေး) နဲ့ အင်တာဗျူးထားတာ ဖြစ်ပါတယ်။ ချစ်လူမိုက် စီးရီးနဲ့ပတ်သက်တာပဲ တင်ပေးလိုက်ပါတယ်။ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာပါတာ ဖြစ်ပါတယ်။ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...