Thursday, February 18, 2016

သီချင်းတွေဆိုရင်း ပျိုးပင်ပျိုးနေသူ အပိုင်း ( 1 )

Music Crazy Te Te Tar Tar

ဂီတအနုပညာဖြင့် ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် ဂစ်တာတီး၊ သီချင်းဆိုရင်း အလှူငွေ များ ရှာဖွေပေးခဲ့သူ၊ ပျိုးပင်ပေါက်လေးများကို ကိုယ်တိုင်ပျိုး၍ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ရည်ရွယ်ပြီး လူတိုင်းကို ဝေငှပေးနေသူ၊ သူ့ဘဝရဲ့ အချိန်များကို သီချင်းတွေဆိုရင်း ပျိုးပင်များ ပျိုးရင်းဖြင့် နေထိုင်သွားမည်ဟု ဆိုလာသူမှာ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့သူ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂစ်တာသမား ကိုရဲလွင် ဖြစ်သည်။

* ဂီတသံစဉ်တွေကို ချစ်တယ် *
မြန်မာနိုင်ငံ ဂီတလောကတွင် အောင်မြင်သော တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့သည့် မဇ္ဈိမလှိုင်း တီးဝိုင်း၏ Bass ဂစ်တာသမားတစ်ဦး ဖြစ်သည့်သူ့ကို ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးမောင်မောင်မှာ စက်ရှင်တရားသူကြီး တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ကြိုင်မှာ သာမန် အိမ်ရှင်မတစ်ဦး။ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် သူက ရှစ်ယောက်မြောက် သား ဖြစ်သည်။
လူတိုင်းတွင် ငယ်စဉ် ကလေးဘဝကတည်းက မွေ့လျော်ရာ ဝါသနာ ကိုယ်စီရှိရာ သူ့အတွက်ကတော့ ဂီတသံစဉ်တွေကို ခံစားနားဆင်၊ တီးခတ်နေရသော အချိန်တိုင်းသည် ပျော်ရွှင်ခဲ့ရသော အချိန်များ ဖြစ်သည်။ ဂီတသံစဉ်တွေကို ချစ်သည်ဟု သူကဆိုသည်။
ခရစ်ယာန် ဘာသာကို ကိုးကွယ်သော မိဘနှစ်ပါးမှ မွေးဖွားလာသည့်အတွက် ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါ ဘုရားရှိခိုးကျောင်းတွင် သီချင်းများ သီဆိုခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည် သီဆိုခဲ့ခြင်းတို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ်မှာ ထိုစဉ်ကတည်းက သူ့တွင် သန္ဓေတည်ခဲ့သည်။ ပညာရေး ပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး ပညာရေးထက် ဂီတကို ပိုမိုစိတ်ပါဝင်စား ခဲ့သည်ဟု သူကပြောပြသည်။
ကိုယ်ပိုင်ဂစ်တာ မရခဲ့ဘူး
သူအလယ်တန်းကျောင်းသား အရွယ်မှာ အမေရိကန် ရုပ်ရှင်မင်းသား အဲဗစ်ပရက်စလေ ရုပ်ရှင် ဇာတ်ကားများ မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သည်။ ယင်းရုပ်ရှင်ကားများထဲမှ ပရက်စလေ၏ ဂစ်တာတီးပုံကို ကြည့်ပြီး သူဂစ်တာသမား တစ်ယောက် ဖြစ်ချင်လာခဲ့သည်ဟု ဆိုသည်။
ထိုစဉ်က မြန်မာနိုင်ငံတွင် ဂစ်တာ မပေါ်သေးပေ။ ပရက်စလေကို အားကျ၍ ဂစ်တာ တီးချင်လာသောသူက လက်ဖက်ခြောက်ထုပ်များ ထည့်သော တစ်ဖက်ပွင့် ထင်းရှူးပုံးကို ဒေါက်ထောက်ပြီး ကြိုးဖြင့် အတင်းအလျော့လုပ်ကာ ဂစ်တာလို သဘောထား တီးခတ်ခဲ့သည်ဟု သူကပြောပြသည်။
ဂစ်တာများ ပေါ်ပေါက်လာသော အခါတွင်လည်း သားသမီး ၁၀ ယောက်ကို ပညာအမွေသာ အဓိက ပေးလိုသော ဖခင်ဖြစ်သူက အပိုပစ္စည်းများကို သားသမီးတိုင်းအတွက် ဝယ်မပေးနိုင်ခဲ့။ အစ်ကိုဖြစ်သူကို ဂစ်တာတစ်လုံး ဝယ်ပေးခဲ့ပြီး သူ့အတွက်တော့ ကိုယ်ပိုင်ဂစ်တာတစ်လုံး မရခဲ့ပေ။ အစ်ကိုဖြစ်သူကပဲ သူ့ကို အဘိုးကြီးအို ခါးကုန်းကုန်းကဲ့သို့ လွယ်ကူသော Chord လေးများဖြင့် ဂစ်တာတီး သင်ပေးခဲ့ပြီး သူမရှိသည့် အချိန်မှသာ ဂစ်တာကို ခိုးတီးခဲ့ရသည်ဟု သူကပြောပြသည်။
နောင်မှသာ အိမ်နီးချင်း တစ်ယောက်က သူ့ဂစ်တာ အဟောင်းလေးကို ၁၅ ကျပ်ဖြင့် ရောင်းမည်ဟု ပြောသည့်အတွက် မိခင်ဖြစ်သူကို ပူဆာပြီး ဝယ်ခိုင်းခဲ့ရသည်ဟု သူကဆိုသည်။ သူ၏ ကျောင်းမုန့်ဖိုးမှာ တစ်လလျှင် ငါးကျပ်သာ ရခဲ့ပြီး ထိုစဉ်က ဂစ်တာအသစ် တစ်လုံး၏ တန်ဖိုးမှာ ၆၀ ကျပ်ပေးရသည်။
“ဂစ်တာလေး ရလာတော့ ကိုယ်ရသမျှ သီချင်းလေးတွေ၊ ခရစ္စမတ် သီချင်းလေးတွေကို ခဏခဏ တီးတာပေါ့။ ကြာလာတော့ ဂစ်တာက ဆေးတွေ ကွာလာတယ်။ ကျွန်တော်က ဆေးတွေကို ကော်ပတ်နဲ့တိုက်၊ ဆေးအသစ် ပြန်သုတ်မယ်ဆိုပြီး သင်္ဘောဆေးတွေ သုတ်လိုက်တာ ဂစ်တာက အသံမထွက်တော့ဘူး” ဟု သူ့ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေးနှင့် ပတ်သက်သော အမှတ်တရ အဖြစ်အပျက်များကို သူကပြန်ပြောင်း ပြောပြသည်။
RIT မှာ
သူကိုးတန်းနှစ် အရောက်တွင် မိဘများက ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်။ ဆယ်တန်းအောင် သောအခါ ရန်ကုန် RIT တွင် Electronic အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သည်။ RIT တွင် နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊ တေးရေး မောင်မောင်တို့နှင့် သူသိကျွမ်းခဲ့ရသည်။ “သူတို့က ကျွန်တော့်ထက် RIT ရောက်တာ စောတယ်။ ရောက်ရောက်ချင်းတော့ သူတို့နဲ့ မသိသေးဘူး။ သူတို့အုပ်စုက သူငယ်ချင်းတွေနဲ့ အဆောင်တွေမှာ တယောထိုး၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။ ကျွန်တော်ကလည်း အင်းစိန်မှာ သူငယ်ချင်းတွေနဲ့ တီးပေါ့။ သူတို့ အဆောင်တွေမှာ တီးတဲ့အချိန်မှာ ကိုယ်တွေက သွားနားထောင်ပေါ့” ဟု ကျောင်းသားဘဝ အမှတ်တရ များကို ဖွင့်ဟသည်။
တက္ကသိုလ် တက်နေဆဲ အချိန်တွင်ပင် E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် သူပါဝင် တီးခတ်ခဲ့ပြီး တေးသံရှင် စိုးပိုင်၊ မင်းမင်းလတ်တို့နှင့် ခင်မင်ခဲ့ရသလို တေးသံရှင် ခင်မောင်တိုး၊ တေးရေး ကိုမောင်မောင် တို့နှင့်လည်း တက္ကသိုလ် အပြင်ဆောင်တွင် အတွဲမိနေကြပြီ ဖြစ်သည်။ ကျောင်းတွင် သူတို့အဖွဲ့ကို ‘The Problems’ (ပြဿနာအုပ်စု) ဟု အမည်ပေးထားသည်။ ကျောင်းဆောင်တွင် သီချင်းတိုက်ကြ၊ ကော်ပီသီချင်းများ ရေးကြကျင့်ကြရင်းဖြင့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြသည်။
E.Machine တီးဝိုင်းတွင် သူလေးနှစ်ကြာ တီးခတ်ပြီးနောက် ကိုနေဝင်း၊ ခင်မောင်တိုး၊ ကိုမောင်မောင် တို့နှင့်အတူ The Problems တီးဝိုင်းကို ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်။ ယင်းတီးဝိုင်းမှ နေ၍ တေးသံရှင် ခင်မောင်တိုး၏ ပထမဆုံး တေးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ကို တီးခတ်ပေးခဲ့သည်။ ထိုစီးရီးမှာ ပရိသတ်များကြား သိပ်မပျံ့နှံ့ခဲ့ပေ။
***** ဆက်ပါဦးမည် *******

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...