Sunday, January 3, 2016

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကို အရင်ကရေးခဲ့ဖူးသူ ရှိမရှိတော့ မသိပါ။ လောလောဆယ် ကျနော်တော့ ကျနော်ဖတ်ရသမျှ ရေးပေးချင်ပါသည်။ ဒါမှသာလျှင် မသိသေးသူများနှင့် လက်လှမ်း မမှီသေးသူများ လေ့လာဆည်းပူး နိုင်မည်ဟု ယုံကြည်မိသောကြောင့် ကိုယ်သိထားသမျှ ရေးသားပေးလိုပါသည်။ အားလုံး နားလည်ရလွယ်ကူအောင် ကျနော်အပိုင်း လေးပိုင်း ခွဲခြားတင်ပြပါမည်။

ပထမဆုံးအပိုင်းတွင် အမေရိကန်နိုင်ငံ ဖြစ်ပေါ်လာပုံ အခြေခံသမိုင်း အနည်းငယ်ကို သိထားသင့်သည်။ ထိုကြောင့် အနည်းငယ်တင်ပြပါမည်။ သို့မှသာ အဆင့်ဆင့်ကို ချိတ်ဆက်မိကာ နားလည် သဘောပေါက်လွယ်ပေမည်။

ဒုတိအပိုင်းအနေဖြင့် အမေရိကန်နိုင်ငံ လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးကို တင်ပြပါမည်။ လွတ်လပ်ရေးအကြို ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲနေသည့် အထောက်ထားများကို တင်ပြပါမည်။

တတိယအပိုင်းတွင် လွတ်လပ်ရေးရပြီးနောက် ဆက်လက်ရေးဆွဲသွားသော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမေရိကန်ပြည်တွင်းစစ်ကာလ အကြောင်းတင်ပြပါမည်။
နောက်ဆုံးအပိုင်းတွင် ပြည်တွင်းစစ်အပြီးကာလနှင့် လူဖြူ လူမည်းလှုပ်ရှားမှု၊ ပြင်ဆင်ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုတင်ပြပါမည်။ ထိုအပိုင်းတွင် မျက်မှောက်ကာလအပိုင်းများကို ထည့်သွင်းတင်ပြသွားပါမည်။

အဓိကလေ့လာချင်သော ကျနော့်ညီငယ်ညီမငယ်များနှင့် အဝေးကချစ်လှစွာသော မိတ်ဆွေများ အတွက် ကျနော်ကြိုးစား တင်ပြခြင်းတာဖြစ်ပြီး။ ကျနော်ကိုယ်တိုင် အလုံးစုံ ကျွမ်းကျင်သူ မဟုတ်သေးပါ။ သို့သော် အမှားကင်းစင်နိုင်အောင် အထူးကြိုးစားပါမည်။  အမေရိကန်ပြည်ထောင်စု၏  သက္ကသိုလ်သင်ရိုးတန်းများကို သမိုင်းအထောက်ထား အသုံးပြုပြီး တင်ပြမည် ဖြစ်သောကြောင့် အကျိုးရှိမည်လို့ မျော်လင့်စွာဖြင့် ကျနော့်၏ နည်းပါးလှသောအချိန်ထဲမှ ကြိုးစားရေးပါမည်။


အမေရိကတိုက်နဲ့ လူနီများ


အမေရိကတိုက်ကို စွန့်ဦးရှာဖွေသူ ကိုလံဘတ်(Christopher Columbus) ၁၄၉၂ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့သည်။ အခြားအငြင်းပွါးမှုဖြစ်သော တရုတ်လူမျိုး စွန့်ဦးရှာဖွေသူ တွေ့ရှိသည် ဆိုသည့် အချက်ကို တရားဝင်ပြဌာန်းမှု မရှိသေးသည့်အတွက် ထည့်မရေးလိုပါ။ မူလနေထိုင်သူ လူနီများကို Red Indian လို့ ကိုလံဘတ် အမည်ပေးသွားသဖြင့် မူလဌာနေလူမျိုးစုကို Red Indian လို့လူသိများကြသည်။ သမိုင်းပါမောက္ခတွေ ပြောလေ့ရှိတဲ့ ဟာသအတိုင်းဆိုရင် ကိုလံဘတ်က အိန္ဒိယတိုက်ကို ရှာရင်း အမေရိကားတိုက်ကို ရောက်လာတော့ ခပ်တည်တည်နှင့် ရောကြိတ်ပြီး Red Indian လို့ချသွားတာကွ လို့နောက်ပြောင်လေ့ရှိသည်။

တကယ်တာ့ အာရှမျိုးနွယ်စုမှ ဆင်းသက်လာသော Na Dene မျိုးနွယ်စုအပါဝင် မြောက်များစွာသော လူနီမျိုးနွယ်စုသည် အမေရိကတိုက်တွင် နှစ်ပေါင်း ၁၅၀၀ ခန့်က အခြေချသည့်အတွက် ဌာနေလူမျိုးများဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် Native-Americans ဟု တရားဝင်ခေါ်ဝေါ်ကြသည်။ ဒီနေရာမှာ လူနီများ(Native-Americans) အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အခြား အငြင်းပွားမှုများကို ထည့်မပြောတော့ပါ။ နောက်တချိန် သီးသန့် ရေးပါအုန်းမည်။

အဲဒီနောက်မှာတော့ အမေရိကတိုက်၏ ကျယ်ပြန့်သော လွင်ပြင်များနှင့် သယံဇာတများကို မက်မောပြီး စပိန် ဗြိတိသျှ နှင့် ပြင်သစ်တို့က နယ်ချဲ့ပြီး ကိုလိုနီပြု ကြတော့သည်။ နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် အမေရိကတိုက်၏ ဒေသများကို ဗြိတိသျှနှင့် ပြင်သစ်က အများဆုံး ရယူထား နိုင်သည်။ ကိုလိုနီ နယ်မြေကို စောင့်ရှောက် အခြေချရန် ဥရောပမှ လူဖြုများကို တင်သွင်းလာသည်။ ထိုသူများသည် အနာဂတ်တွေ လွတ်လပ်ရေးတောင်းဆိုမည့် အမေရိကန်များ ဖြစ်လာတော့မည်။

အမေရိကတိုက်၏ ကိုလိုနီစစ်မြေပြင်မှာ စစ်မျက်နှာပေါင်း များစွာရှိခဲ့သည်။ အဓိက အင်အားကြီး ဗြိတိသျှနှင့် ပြင်သစ်တို့ အချင်းချင်းကလည်း စစ်မျက်နှာဖွင့်ထားပြီး။ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ စပိန် တို့လည်း တနိုင်တပိုင် ကိုလိုနီပြုထားကြသောကြောင့် ကိုလိုနီစစ်ပွဲများရှိခဲ့သည်။ ပြန်လည်ခုခံ တိုက်ခိုက်နေသော ဌာနေလူနီများ နှင့်လည်း ရင်ဆိုင်နေရသည်။ ဌာနေလူနီများတွင်လည်း လူမျိုးစု တိုက်ပွဲများ ရှိသောကြောင့် ပြင်သစ်နှင့် ဗြိတိသျှ တို့၏ သိမ်းသွင်းခြင်းခံရသော သြဇာခံများ လူနီမျိုးစုများနှင့် အခြား သြဇာမခံသော လူမျိုးစုများ တိုက်ပွဲ စသည်ဖြင့် ရှုပ်ထွေးသော ကိုလိုနီနယ်မြေ ဖြစ်ခဲ့သည်။

အာဖရိကတိုက်မှ လူမည်းများကို ၁၆၀၀ ခုနှစ် ခန့်တွင် စိုက်ပျိုးရေး မွေးမြူရေး လိုအပ်ချက်အရ ဒတ်ခ်ျ (Dutch) တို့က တင်သွင်းလာသဖြင့် အာဖရိက ကျေးကျွန်များ အမေရိကားတိုက်ကို ပထမဆုံး ရောက်ရှိလာရသည်။

ကောင်းကင်နှင့် ၀ိဥာဉ်ကို ကိုးကွယ်ယုံကြည်သော လူနီများသည် အမေရိကမြေတွင် ကိုလိုနီများကို အင်းအားမမျှ လက်နက်မမျှသော်လည်း တချိန်လုံးတိုက်ပွဲဝင်နေပြီး။ အမေရိကန်လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်းတွင်လည်း နှိမ်နင်းရခက်ခဲသော လူမျိုးစုတော်လှန်ရေး တိုက်ပွဲဝင်များဖြစ်သည်။ နောက်ဆုံးတွင် လူနီများကို စည်းရုံးသိမ်းသွင်းပြီး လူနီအချင်းချင်း ပြန်လည်တိုက်ခိုက် နှိမ်နင်းမှသာ အောင်မြင်မှု ရရှိပြီး။ လူနီမျိုးနွယ်စု တော်လှန်ရေးကျဆုံးခဲ့ရသည်။ ဒီမှာစကားမစပ် လူနီတွေသည် ယနေ့အချိန်ထိ တော်လှန်နေဆဲခံယူထားပြီး အမေရိကန်အစိုးရမှလည်း နှိမ်နင်းဖိနှိပ် ထားဆဲ ဖြစ်သည်။ ကောင်းဘွိုင်ရုပ်ရှင်တွေထဲက လူနီတွေ ဆိုးသွမ်းတာကို မယုံလိုက်နှင့်အုန်း။ တကယ်တော့ သူတို့ဟာ အင်အားကြီးကိုလိုနီကို ပြန်တော်လှန်တဲ့ ရဲရဲတောက်တော်လှန်ရေး တိုက်ပွဲဝင်တွေ ဖြစ်သည်။ နောက်ပိုင်းတော့ သမိုင်းလိမ်တာကို လက်မခံလို့ အမေရိကန်ကျောင်းသင်ရိုးတန်းတွေမှာ လူနီတွေအပေါ် လုပ်ခဲ့သမျှကို အမှန်အတိုင်းရေးလို့ နောက်ပိုင်းပညာတက် မျိုးဆက်သစ်နှင့် လူဟောင်းတွေအကြားလဲ သဘောထား ကွာဟနေပြီ။ လူနီတွေအပေါ် အမှန်အတိုင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလဲ အများကြီး ရှိနေပါပြီ။ ဒီအပိုင်းက အမေရိကန်ပြည်ထောင်စုဖြစ်လာမည့် နယ်မြေနှင့် လူနီတွေအကြောင်း၏ အကျဉ်းချုပ်ပါ။ အဓိက ကျနော်တင်ပြချင်တာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပေါ်ပေါက်လာပုံနှင့် ဆက်လက် ကျင့်သုံးပုံဖြစ်သောကြောင့် ယခုအမိုင်း အကြောင်းရာများကို လိုအပ်သလောက် တီးခေါက် မိနိုင်ရန် တင်ပြရခြင်း ဖြစ်သည်။




လွတ်လပ်ရေးကြေငြာရန် ပြင်ဆင်ခြင်း



အမေရိကတိုက်ရှိ ကိုလိုနီနယ်မြေများသည် ဗြိတိသျှအစိုးရ၏ ၁၇၆၄ ခုနှစ်တွင် ထုက်ပြန်သော Sugar Act မှစတင်ပြီး သပိတ်မှောက်ခဲ့ပြီးနောက် ဆက်လက်တိုးတက်လာသော အခြေအနေများအရ ၁၇၇၅ တွင် လွတ်လပ်ရေးနှင့် ပတ်သက်သော ဆွေးနွေးမှုများစတင်သည်။ ထိုနှစ်တွင် ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ပြီး Gorge Washington (ရုပ်ပုံပါ) ကွပ်ကဲခဲ့သည်။ ဧပြီလ ၆ ရက် ၁၇၇၆ တွင် ကွန်ဂရက်မှ လွတ်လပ်စွာ နိုင်ငံတကာနှင့် ကုန်သွယ်ခွင့် မဲပေးပြီး နောက်တလတွင် ကိုလိုနီပြည်နယ်အားလုံး ဗြိတိသျှအစိုးရနှင့် ဆက်သွယ်ခြင်းကို ရပ်ဆိုင်းလိုက်သည်။




၁၇၇၆ ဇွန်လတွင် လွတ်လပ်ရေးကြေငြာစာတမ်း မူကြမ်းကို Thomas Jefferson ကို စတင်ရေးသားစေသည်။ ဇူလိုင်လ ၂ ရက်နေ့တွင် ကွန်ဂရက်မှ လက်ခံဆွေးနွေးပြီး ဗြိတိသျှမှ လိုအပ်ချက်ကြောင့် ခွဲထွက်ခြင်းအပိုင်းကို ပိုမိုထင်ရှားအောင် ပြန်ရေးစေခြင်းကြောင့် နှစ်ရက်ကြာပြီးမှ ဇူလိုင် ၄ ရက်နေ့ ၁၇၇၆ တွင်လွတ်လပ်ရေး ကြေငြာသည်။ အဲဒီအချက်ကြောင့် နောက်ပိုင်းတွင် အချို့က လွတ်လပ်ရေးကြေငြာစာတမ်းကို လက်ခံဆွေးနွေးသော ဇူလိုင်လ၂ ရက်နေ့က လွတ်လပ်ရေးနေ့ ဖြစ်သင့်ကြောင်း အငြင်းပွားမှုများ ရှိသည်။ (၀ါရှင်တန်မြို့ရှိ Thomas Jefferson ရုပ်ထု)


လွတ်လပ်ရေးကြေငြာပြီးနောက် ၅ နှစ်ကြာသည့်တိုင်အောင် ဗြိတိသျှကို ခုခံတော်လှန်နေရပြီး ၁၇၈၁ ခုနှစ်တွင် ဗြိတိသျှဗိုလ်ချုပ် Cornwallis (ရုပ်ပုံပါ)သည် Yorktown တွင် လက်နက်ချလိုက်သည်။ ဗြိတိသျှတို့ က အမေရိကန် လွတ်လပ်ရေးကို အသိမှတ်ပြုပြီးနောက် ၁၇၈၃ တွင် အမေရိကန်ပြည်ထောင်စုမှ သီးခြားရပ်တည်လိုသည့် ပြည်နယ်အချို့ အရေးကို ပြည်ထောင်စုအစိုးရက ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။




ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောခင် လွတ်လပ်ရေးကြေငြာစာတမ်းပါ အရေးကြီး အချက်ကို အရင်သိထားရပါမည်။
Natural Rights လူသားတိုင်းကို တန်းတူ ဖန်တီးထားသည်။ သက်ရှင်နေထိုင်ခွင့် လွတ်လပ်ခွင့် မိမိကံကြံမ္မာကို ဖန်တီးခွင့်ရှိရမည်။ ထိုအခွင့်ရေးတွေကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ချက်များကို ဖန်တီးပေးရန်  အစိုးရတွင် တာဝန်ရှိမည၊် အဲဒီအစိုးရကို အာဏာပေးအပ်နှင်း ရုပ်သိမ်းခွင့်ရှိရမည် ဆိုတဲ့ အချက်ကြောင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်မှာ အခြားနိုင်ငံများနှင့် မတူညီသော လူအဖွဲ့စည်း တရပ်ကို ဖန်တီးနိုင်ခဲ့သည်။ ဒီမှာ နောက်ခံ အကျဉ်းပြီးပါပြီ အဓိကရေးလိုသည့် ဖွဲ့စည်းပုံအကြောင်းကို ဆက်ရေးပေးပါမည်။



ရဲမင်းထွန်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...