Saturday, December 5, 2015

ထီပုံပြင် (၃)

Thanlay Ko

"ထီအကြွေး နဲ့ မအေပေး" .
ငွေကြောင့် လူတွေရဲ့ ကိုယ်ကျင့်တရာတွေ၊ စောင့်စည်းရမယ့် ကျင့်ဝတ်တွေ ပျက်စီးကြရတယ်။
တော်၏ မတော်၏ မစဉ်းစားကြတော့ဘဲ မျက်နှာပြောင်တိုက်တာတွေ၊ အနိုင်ကျင့်တာတွေ လုပ်ကြတယ်။

ဒီ ထီပုံပြင် (၃) လေးကတော့ နည်းနည်းပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။
စစ်ကိုင်းတိုင်းထဲက ရွာလေးတစ်ရွာမှာပါ။
လင်မယားနှစ်ယောက် ရွာပြင်က ယာတောထဲ ပေါင်းရှင်းထွန်ယက်စတဲ့ ယာလုပ်ငန်းလေးတွေ လုပ်နေကြတယ်။
အဲဒီအချိန်မှာပဲ... ...
သူတို့ရွာကို စက်ဘီးနဲ့ထီလှည့်ရောင်းတဲ့ ထီသမားက ယာခင်းဘေးက ဖြတ်သွားတယ်။
ဖြတ်သွားရင်းနဲ့ သူတို့လင်မယားကို ထီထိုးဖို့ လှမ်းအော်တယ်... ...
"ဦးမဲလုံးတို့ ထီဖွင့်တော့မယ်ဗျ၊ ထီထိုးပါအုံး"

"အေး... ထိုးတာပေါ့ကွာ ဘာဂဏန်းတွေ ပါတုံး"
"ဂဏန်းတော့ သိပ်မစုံတော့ဘူး ပါတာပဲ ထိုးပေါ့"
ဦးမဲလုံးက ၁ဝ စောင်တွဲတစ်တွဲ ရွေးယူလိုက်တယ်။
တန်ဖိုးက ဆယ်စောင်တွဲ ၁၂၀ ကျပ် (အဲဒီခေတ်က ထီတစ်စောင် ၁၀ ထင်ရဲ့)
ပိုက်ဆံရှင်းမယ်လုပ်တော့ ၁၂ဝ မပြည့်ဘူး ဖြစ်နေတယ်။
၁ဝဝ ပဲ ပါတယ်၊ ၂ဝ လိုနေတာ။
ထီသည်ကပြောတယ်... ...
"ရတယ်လေ ယူထားပါ၊ ကျနော်လည်း အမြဲရောက်နေတာ၊ နောက်တစ်ခေါက်ကျတော့ ပေးပေါ့"
"အေး... အေး..."... ဆိုပြီး အရောင်းအဝယ်ပြီးသွားတယ်။
နှစ်ဖက်လုံး ကြေကြေနပ်နပ်ပါပဲ။
ဒီလိုနဲ့... ...
တရက်မှာ အဲဒီထီသည်က ဥင်္ီးမဲလုံးတို့ အိမ်ကို ချွေးသံရွှဲရွှဲနဲ့ ရောက်လာပြီး ပြောတယ်... ...
"ခများတို့ ကျုပ်ထီအကြွေး ၂ဝ ကျန်တာ ခုထိမပေးဘူး၊ ကျုပ်ကို ထီတစ်စောင်ပြန်ပေး"
"ဟဲ့.... ၂ဝ ပေးမယ်လေ"
"မလိုချင်ဘူးဗျာ ထီတစ်စောင်ပဲ ပြန်နှုတ်မယ် ဘယ်မလဲ ထီတွေ"
တောသူတောင်သား ရိုးရိုးသားသားဆိုတော့ ထိုးထားတဲ့ ထီဆယ်စောင်တွဲလေး ထုတ်ပေးလိုက်တယ်။
ထီလက်မှတ်တွေထဲက တစ်စောင်ကို ထီသည်က ရွေးယူ (ရွေးယူ) သွားတယ်။
ညနေစောင်းလို့ မြို့ပေါ်ကပြန်လာတဲ့ ရွာသားတစ်ယောက်က အိမ်ရှေ့ကလာအော်တယ်... ...
"ဟေး... ကိုမဲလုံး... ခများတို့ ထီပေါက်တယ်တဲ့၊ မြို့က ခိုင်ရွှေဝါဆိုင်ရှေ့မှာ ဆိုင်းဘုတ်ချိပ်ထားတာ ကျုပ်တွေ့ခဲ့တယ်၊ xxx ရွာမှ ဦးမဲလုံး တဲ့၊ ထီ ဆယ်စောင်တွဲက ပေါက်တာတဲ့"
"ဟေ... ...."
မနက်က ဟို ထီသည် ကမန်းကတန်းလာပြီး ထီလက်မှတ်လာယူသွားတာကို ဘာလဲဆိုတာဒီတော့မှ သူတို့လည်း သဘောပေါက်တော့တယ်။
ဆယ်စောင်ထဲက တစ်စောင်က သိန်း ၅၀ ပေါက်တာ။
ကျန်တဲ့ လက်မှတ် ၉ စောင်က ၆ သိန်းစီ ( ၆ သိန်းစီထင်တယ်၊ သေချာ မမှတ်မိတော့လို့)
ဆိုတော့... ထားပါ ... စုစုပေါင်း ၁၀၄ သိန်းပေါ့။
အများဆုံးပေါက်တဲ့ သိန်း ၅၀ လက်မှတ်ကို ဟိုဆရာက လာရွေးယူသွားပြီလေ။
ဒါနဲ့... ရွာက လူတချို့နဲ့တိုင်ပင်ပြီး မြို့ပေါ်တက်လာတယ်။
ခိုင်ရွှေဝါထီဆိုင်ကို လာတွေ့တာ။
နယ်ဆိုင်ခွဲကလည်း ဘာလုပ်ရမှန်းမသိတော့ မန္တလေးပင်ရင်းဆိုင်ကို လွှတ်လိုက်တယ်။
တကယ်က ထီလက်မှတ် ပိုင်ဆိုင်မှုပြသနာက ရောင်းတဲ့ထီဆိုင်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ သူတို့ မသိဘူး။
ဒီဆိုင်က ရောင်းလိုက်တာ ပိုက်ဆံကိုလည်း ဒီဆိုင်ကပဲ ပေးမှာလို့ ထင်နေကြဟန်ရှိတယ်။
ဒီလိုနဲ့ သူတို့ပြသနာက မန္တလေး ခိုင်ရွှေဝါပင်ရင်းထီဆိုင်ကို ရောက်လာပါလေရော။
လေးစိန်ကလည်း မနေတတ်တဲ့သူဆိုတော့ ပြသနာကို ကြားကဝင်ရှင်းပေးတယ်။
ဟို လူလိမ်စက်ဘီးသမားထီသည်ကို ရအောင် ဆက်သွယ်ပြီး လှမ်းခေါ်တယ်။
ဟိုကောင်ကလည်း ရှင်းချင်နေတာနဲ့ အတော်ပါပဲ ဆိုပြီး ရောက်လာသတဲ့။
သူက ရှင်းချင်မှာပေါ့
သူ လောဘတကြီး ရွေးယူသွားတဲ့ ထီလက်မှတ်က သိန်း ၅၀ ပေါက်တဲ့လက်မှတ်မဟုတ်ဘဲ ၆ သိန်းပေါက်တဲ့ လက်မှတ်ပဲ ဖြစ်နေလို့လေ။
ဒီလောက်လည်တဲ့ကောင်... ထီလက်မှတ်အကြောင်း နောကြေနေတဲ့အကောင်... လောဘနဲ့ မဟုတ်တာ လုပ်တော့ ရွေးယူတဲ့ကြားထဲကကို သိန်း၅၀ တန် နဲ့ ၆ သိန်းတန် မှားဖြစ်အောင် မှားတာ။
သူကလည်း ၆ သိန်းထဲရတာကို မကြေနပ်ဘူးတဲ့။
ဒါနဲ့ အခြေအတင်ဖြစ်နေကြတာကို လေးစိန်ကကြားဝင်ညှိနှိုင်းပေးလိုက်တယ်။
ထီသည်ကို သိန် ၂၀ ပေးလိုက်ပြီး ကျေအေးလိုက်ကြရတယ်။
မဟုတ်လို့... ဟိုတိုင်ဒီတိုင်ဆိုရင် ရဲတွေ တရားရုံတွေ ရှေ့နေတွေ တရားသူကြီးတွေ ပါလာမယ်။
သိတယ်မလား
ရှင်းရတာ အတော်ကြီးခက်သွားမှာ။
အချိန်တွေလည်း ကုန်မယ်၊ ငွေတွေလည်း ကုန်မယ်၊ လူလည်း ပင်ပန်းမယ်။
တကယ်က...
ထီဖိုးအကြွေးကျန်တာက ကျန်တာပါပဲ။
ထီပေါက်တာနဲ့ပဲ အကြွေး ၂၀ အတွက် ထီလက်မှတ်သိမ်းပြီး ပြန်ပေးဆွဲသလိုလုပ်တာကတော့ဖြင့် စက်ဘီးသမားထီသည်ရဲ့ လောဘအမိုက်မှောင်လို့ပဲ ဝေဖန်ချင်တော့တယ်။
ငွေကြောင့်... ... တချို့သော လူတွေရဲ့ ကိုယ်ကျင့်တရားတွေ၊ စာနာမှုတွေ၊ ကျင့်ဝတ်တွေ ပျက်စီးကြရတယ်။
.
ရေးစရာ ထီပုံပြင်တွေ ကျန်ပါသေးတယ်။
.
လေးစားစွာဖြင့် - သန်၎ကို
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...