Monday, November 16, 2015

ဘာတွေဖြစ်ကုန်ကြပြီလဲ

U Hla Win Laythuyetaoo



''နတ်ကရာကျီးမော''ဆိုတဲ့ ကျွန်တော်တို့ မွန်တွေ သုံးလေ့ရှိတဲ့ စကားပုံက တခြားလူတွေအတွက်တော့ ဘယ်လောက်မှန်တယ် … မမှန်တယ် မသိပါဘူး။
ကျွန်တော့်အတွက်တော့ လုံးဝမှန်နေပါတယ်။
ရွေးကောက်ပွဲ ၀င်တဲ့လူမဟုတ်ဘဲ ရွေးကောက်ပွဲဝင်တဲ့လူတွေ… အမတ်လောင်းအတွက် မဲဆွယ်တဲ့လူတွေရဲ့ လုပ်ရပ်တွေကိုကြည့်ပြီးကိုယ်လုပ်ရမဲ့ အလုပ်တွေကို ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။


၇.၁၁.၂၀၁၅ နေ့ …။ ရွေးကောက်ပွဲ အကြိုနေ့ပေါ့ ခင်ဗျား။
အဲ့ဒီနေ့မှာ ဘာတွေဖြစ်လာမှာလည်းလို့ အမျိုးမျိုးတွေးကြောက်ပြီး ဟိုလူ့ကို ဖုန်းဆက်လိုက်… ဒီလူ့ကိုဖုန်းဆက်လိုက်နှင့် တစ်နေ့လုံး ဘယ်လိုကုန်သွားမှန်း တောင် မသိပါဘူး။
၈.၁၁.၂၀၁၅ နေ့။
ရွေးကောက်ပွဲနေ့ပေါ့ ခင်ဗျား။
''ဟဲ့… ဒို့ ဒီနေ့ မဲစောစောသွားပေးကြရအောင်…''
''အို… ဖေဖေကလဲ။ တယ်ခက်ပါလား။ အစောကြီးသွားရင် အရှည်ကြီး တန်းစီ နေရလိမ့်မယ်။ နေ့လည် ထမင်းစားချိန်ရောက်မှ သမီးတို့ မဲသွားပေးမယ်။''
မှန်ပါတယ်။
နေ့လည် ၁၂ နာရီလောက်မှာ ကျွန်တော်တို့ မဲသွားပေးတော့ အလွန် အဆင် ပြေပါတယ် ခင်ဗျား။
လုံးဝ တန်းမစီရပါဘူး။
ပြဿနာလည်း ဘာမှမကြုံတွေ့ရပါဘူး။ ငါးမိနစ် ဆယ်မိနစ်လောက် အချိန် အတွင်းမှာပဲ ကိုယ်ပေးချင်တဲ့ မဲတွေကို ချောချောမောမော မဲပုံးထဲထည့်ပြီး အိမ်ပြန် လာနိုင်ခဲ့ပါတယ်။
နောက်… ည(၇) နာရီလောက် ရောက်လာတော့ ''နတ်ကရာ ကျီးမော့'' တဲ့ အလုပ်က စလာပြန်ရော ခင်ဗျား။
''ဟေ့… ဘယ်သူတွေ နိုင်လဲ။''
''ဘယ်မဲရုံမှာ ဘယ်လိုအခြေအနေရှိလဲ။''
''မဲတွေ ရေတွက်တော့ ဘာပြဿနာတွေ ပေါ်သေးလဲ။''
တယ်လီဖုန်းတစ်လုံးဖြင့် ဟိုဆက် ဒီဆက် လုပ်မိပြန်တယ် ခင်ဗျား။
ည ၁၂ နာရီလောက် အချိန် အထိပါပဲ။
အိပ်တော့လည်း အိပ်လို့မပျော်ဘူး။
ဟော… ဒီနေ့…။
၉.၁၁.၂၀၁၅ နေ့…။
မနက်မိုးလင်းလို့ facebook ကို ဖွင့်လိုက်တာနှင့် အနိုင်အရှုံး မဲစာရင်းတွေက တက်လာနေပြီ။
''ဟဲ့…နိုင်သူတွေ အကုန်လုံးက (အန်အယ်ဒီ) တွေ ကြီးပါပဲလား…''
''ကိုယ့်မျက်စိကို ကိုယ်တောင် မယုံနိုင်ပါဘူး။''
တယ်လီဖုန်းတစ်လုံးနှင့် ဟိုလူ့ဆီဆက်… ဒီလူ့ဆီဆက်။
ဟော… သေချာပါပြီ။
''အန်အယ်ဒီ'' က အပြတ်အသတ်ကို နိုင်သွားပါပြီ။ အနိုင်ရတဲ့ နေရာတွေ များလွန်းလို့ မယုံရခက် ယုံရခက် ဆိုတာမျိုးတောင် ရင်ထဲမှာ ဖြစ်ချင်လာပါတယ်။
မှန်ပါတယ်။
''အန်အယ်ဒီ''ပါတီ နိုင်လိမ့်မယ် ဆိုတာကတော့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ခုလို အပြတ်အသတ်ကြီး နိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ထားမိပါဘူး။
ချက်ချင်း တွေးလိုက်မိတယ်။
ကြံ့ခိုင်ရေးပါတီ ဘာကြောင့် အပြတ်အသတ် ရှုံးရပါသလဲ။
အဖြေကတော့ ရှင်းပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ရပ်တွေ အကုန်မှားနေတဲ့ အတွက်ကြောင့်ပါပဲ။
ယခင်အပတ်က ကျွန်တော် ရေးခဲ့တဲ့ ''ဦးသိန်းစိန် ဒီနေ့ ဘာလုပ်သင့်သလဲ'' ဆောင်းပါးမှာ အကုန် ဖော်ပြခဲ့ပြီးပါပြီ။
သမ္မတကြီးဦးသိန်းစိန်ရဲ့ အစွမ်းသတ္တိက သူ စတက်လာစ ပထမ(၂)နှစ် ကျော် လောက်ပဲ သူ့ရဲ့ ကိုယ်ရောင် ကိုယ်ဝါ ထိန်ထိန်လင်းနေတာကို ပြနိုင်ပြီး တဖြေးဖြေး အရောင် ပြန်မှိန်ကျလာပါတယ်။
ဒီနေ့ ရွေးကောက်ပွဲ အချိန်ရောက်တော့ သူ့ ကိုယ်ရောင် ကိုယ်ဝါက မီးထွန်း ကြည့်မှ မြင်ရမဲ့ဘ၀ ရောက်ကုန်ပါပြီ။
မိမိ ပါတီ နိုင်ငံရေးအကျိုးအတွက် ကြံ့ခိုင်ရေးပါတီအနေနှင့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးပြဿနာ… ကျဉ်းမြောင်းတဲ့ ဘာသာရေး ပြဿနာ… ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဆိုတာတွေကို ချသုံးခဲ့တယ်လို့ ကျွန်တော် မပြောပါဘူး။
မစွပ်စွဲပါဘူး။
ဒါပေမဲ့ ''မပြေးသော် ကန်ရာရှိ'' ဆိုတဲ့ စကားအတိုင်း ဖြစ်ခဲ့ရပါတယ်။
မုဒိန်းမှုက စခဲ့တဲ့ ရခိုင်ပြဿနာ… အဲ… ရခိုင်မီးကို ချက်ချင်း မငြိမ်းသတ်နိုင်ခဲ့ တဲ့အတွက် လူထုကို ထင်ယောင်ထင်မှား အဖြစ်မျိုး ပေါ်လာစေပါတယ်။ မိမိ ပုံရိပ်ကို ထိမှန်းမသိ ထိစေခဲ့ပါတယ်။
တိုင်းပြည်မှာ မဆုံးရှုံးသင့်… မနစ်နာသင့်တာတွေကို ဆုံးရှုံးနစ်နာမှု ပေါ်စေခဲ့ပါ တယ်။
နောက်… ဦးသန်းရွှေခေတ်က အမြစ်တွယ်ခဲ့တဲ့ တောင်သူလယ်သမားတွေ လယ်သိမ်းခံ ယာသိမ်းခံ ပြဿနာဟာ ဦးသိန်းစိန်ခေတ်မှာ နံပါတ်(၁) ဦးစားပေး ဖြေရှင်းရမဲ့ ပြဿနာပါ။
သူ ဖြေရှင်းပါတယ်။
ဒါပေမယ့် ပြေလည်သွားအောင် မဖြေရှင်းပေးနိုင်ပါဘူး။ နောက်ဆုံး အသိမ်းဆီးခံ လယ်ယာမြေတွေအပေါ် အခြေပြုပြီး ပေါ်ပေါက်လာတဲ့ အမှုအခင်းတွေကို သာမန် တရားမမှုမျိုးအဆင့်မှာ မထိန်းထားဘဲ နောက်ဆုံး ရာဇ၀တ်မှုတွေအဖြစ် အသွင်းပြောင်းပြီး ထောင်ချတဲ့ ပြစ်ဒဏ်တွေ ပေးခဲ့တာ ၀မ်းနည်းစရာ အကောင်းဆုံးအမှားတစ်ခုပါဘဲ။
ပြည်သူကို မေတ္တာမဲ့စေတဲ့ လုပ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲမှာ တောင်သူတွေ နာကျည်းပြီး ကြံ့ခိုင်ရေးပါတီကို မဲမပေးခဲ့ကြတာ ဒီပြဿနာက အခြေခံတစ်ခု ဖြစ်နေတာ အလွန်ငြင်းဖို့ ခက်ပါတယ်။
နောက်… လက်ပံတန်းတောင် ကြေးနီစီမံကိန်း ပြဿနာရဲ့ အခြေခံကလည်း ဒီမြေယာ ပြဿနာပါပဲ။
ယခင် (အိုင်ဗင်ဟိုး) ကုမ္ပဏီ ဒီစီမံကိန်းကို လုပ်ကိုင်နေစဉ်က ဒီဒေသခံတွေနှင့် ဘာပြဿနာမှ မရှိခဲ့ပါဘူး။
ဦးသိန်းစိန် ခေတ်ရောက်မှ ဒီဒေသခံတွေနှင့် ဘာကြောင့် ပြဿနာပေါ်ရသလဲ။
ဘာကြောင့် (အိုင်ဗင်ဟိုး) ကုမ္ပဏီခေတ်က အခြေအနေမျိုး ရောက်အောင် ပြုပြင်မှုတွေ မလုပ်တာလဲ။
အကြောင်းတွေ ရှိပါတယ်။
ဒီအကြောင်းတွေကိုဖုံးကွယ်ထားပါတယ်။
ဒီအကြောင်းက လူတစ်စုရဲ့ အကျိုးစီးပွားပါ။ ဒီအကျိုးစီးပွားကို ကာကွယ်နေတာပါ။ ဒီကာကွယ်မှုကြောင့် အစိုးရအပေါ် အဆိုးမြင်ဝါဒတွေ ပေါ်လာပြီး စစ်ကိုင်းတိုင်းဒေသ နေ လူထုအနေဖြင့် ကြံ့ခိုင်ရေးပါတီအပေါ် ဆန့်ကျင်မဲပေးမှုတွေ ပြုခဲ့တာဟုဆိုလျှင် မှားနိုင်သလားခင်ဗျား။
နောက်… လူ့ အခွင့်အရေး…။
လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်နိုင်မှု။
ဒီနေ့ လူတွေ မကြိုက်ဘူးလို့ အပြောများနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပဲ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ပိုင်ခွင့်တွေ ပေးထားပါတယ်။
ကျွန်တော် မှတ်မိသလောက် လွတ်တော်မှလည်း ဒီအခွင့်အရေးကို ပေးဖို့ စနစ်တကျ ဥပဒေပြုစု အတည်ပြုခဲ့ ပြီးပါပြီ။
အာဏာပိုင်ထံ ခွင့်ပြုချက် တောင်းကြရမဲ့ နေရာမှာ ကြိုတင် အသိပေး အကြောင်းကြားရန် ဆိုတာကို ပြင်ဆင်ထားပါတယ်။
ဒါပေမယ့် ဦးသိန်းစိန်က အတည်ပြု လက်မှတ်ထိုးပြီး ဒီနေ့အထိ ဥပဒေအဖြစ် မထုတ်ပြန်သေးပါဘူး။
ဒီတော့ ဘာဖြစ်လဲ။
ဆန္ဒ ထုတ်ဖော်တဲ့ လူတွေကို ရဲကခွင့်ပြုချက်မရဘဲ ပြုလုပ်လို့ဆိုပြီး ဖမ်းတဲ့ ပြဿနာတွေ ပေါ်လာတော့တာပေါ့ ခင်ဗျား။
နောက်… ပိုဆိုးတာက ခွင့်ပြုချက် မယူဘဲ ဆန္ဒပြတဲ့ လုပ်ရပ်က အလွန် သေးငယ်တဲ့ အမှုလေး။ ဒါပေမယ့် အစိုးရကို အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မကြီး ကိုပါ ပူးတွဲတပ်ပြီး တရားစွဲခိုင်းတော့ ကြွက်စုတ်လောက် ရှိရမဲ့ အမှုက ဆင်လောက် ကြီးတဲ့ အမှုကြီး ဖြစ်သွားပါပြီ။
ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ပေးထားတဲ့ ဒီအခြေခံ လူ့အခွင့် အရေးတွေကို သမ္မတဦးသိန်းစိန် အစိုးရ ဘာကြောင့် မြန်မာနိုင်ငံမှာ မပေးရဲတာလဲ။
ဘာကြောင့် ဥပဒေထုတ်ပြန်ဖို့ တုံ့ဆိုင်းနေရတာလဲ။ ဘာကြောင့် မိမိ ပုံရိပ်ကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ ရဟန်းအဖွဲ့တစ်ခုက တင်ပြလာခဲ့တဲ့ ဥပဒေကြမ်းကိုတော့ ချက်ချင်း လွှတ်တော် တင်ပေးပြီး၊ ချက်ချင်း လက်မှတ်ထိုး ထုတ်ပြန် ပေးခဲ့တာလဲ။ ဒါဟာ သိက္ခာပြဿနာ “Moral issue”…။ တရား ဥပဒေပြဿနာ “Legal issue’’ မဟုတ်ပါဘူး။ လွှတ်တော်ကို အရေးပေါ်တင်ပြီး ဥပဒေပြုရမယ့် ပြဿနာ မဟုတ်ဘူး။
ခေတ်ဆိုတာ ခေတ်ဟောင်းထက် ခေတ်သစ်က တိုးတက်ရပါမယ်။
ကျွန်တော် ဦးသိန်းစိန်ဆရာ ဦးသန်းရွှေကို အပြစ်မတင်တော့ပါဘူး။
သူ့ ခေတ်မှာ သူ ကောင်းတယ် ထင်တာတွေ လုပ်သွားခဲ့ပြီးပါပြီ။
သူ့ ခေတ်မှာ သူ မလုပ်သွားနိုင်တာတွေ၊ လုပ်သွားခဲ့ပြီး မမှန်တာတွေ၊ အားနည်းချက် ရှိတာတွေ အများကြီး ရှိနိုင်ပါတယ်။
ဥပမာ… တိုင်းပြည်ဆင်းရဲနေချိန်မှာ နေပြည်တော်ဆိုပြီး မြို့သစ်ကြီး၊ တည်ခဲ့တာမှားသလား၊ မှန်သလား။
ဆည်တွေ၊ တံတားတွေ၊ ကြက်ဆူပင်တွေ စိုက်ခဲ့တာ မှန်သလား။
ဦးသိန်းစိန်က ဦးသန်းရွှေခေတ်က အမှန်တွေကို ချန်ထားပြီး အမှားတွေကို လက်ညိုးထိုးပြီး ပြင်ရဲရပါမယ်။ ဥပမာ… ဦးသန်းရွှေခေတ်က ပြုစုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပိုပြီးကောင်းတဲ့ ဥပဒေသစ်ဖြစ်အောင် ပြင်ဆင်ရဲရပါမယ်။
မပြင်ဆင်ခဲ့ပါဘူး။
အဆိုးဆုံးက ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ် စည်းရုံးပုံတွေပါပဲ။
ရေကြီး၊ ရေလျှံဖြစ်ခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ စားကုန် သောက်ကုန်ဈေးတွေ ခုန်တက်နေပါတယ်။ အခြေခံ လူအများစားတဲ့ ဆန်ဈေးက တစ်ပြည် ၁၂၀၀ ကျပ်မှ ၁၈၀၀ကို ခုန်တက်သွားပါပြီ။ ကြက်သွန် ၁၀ သားက ၁၂၅ ကျပ်မှ ၂၅၀ ကျပ် ဖြစ်သွားပါပြီ။ ဒီအခြေခံ ကုန်ဈေးနှုန်းတွေ ပြန်ကျဖို့ ဘယ်လို လုပ်ကိုင်ပေးမယ်ဆိုတာ သူတို့ မဲဆွယ်စည်းရုံးရေးမှာ တစ်လုံးမှ ပြောဆိုသွားတာ ကျွန်တော် မကြားပါဘူး။
ဘာမှ မဆိုင်တဲ့ သူတို့ ပါတီရဲ့ အစိမ်းရောင်က သိပ်လှတယ်။ မျက်စိကို အေးစေတယ်။ (အန်အယ်ဒီ) ရဲ့ အနီရောင်က ပူတယ်။ သွေးရောင်၊ အာဇာနည် ကုန်းကို ဗုံးဖောက်ခွဲတုန်းက ထွက်လာတဲ့အရောင် အဲ... သူတို့ရဲ့အစိမ်းရောင်လို မလှဘူးပေါ့ခင်ဗျား...။ ဒါတွေပဲ ပြောသွားတယ်။
ဒါတွေက လူထုက စိတ်မှမ၀င်စားဘဲ။
အဆိုးဆုံးက (အိုဘားမား)က မြန်မာနိုင်ငံကို (၂)ကြိမ်လာတော့ (၂)ကြိမ် နမ်းရတာပေါ့ ဆိုတဲ့ စကားမျိုးက ပြောဆိုသူနှင့် သူ့ရဲ့ နိုင်ငံရေးပါတီအဆင့်ကို အလွန် နိမ့်ကျသွားစေတဲ့ စကားတွေ…။
ဒီနေ့ ရေကြီး ရေလျှံဒဏ်ခံရတဲ့ ဒေသက လူတွေက ပြန်လည် ထူထောင်ရေး နှင့် ပတ်သက်ပြီး အလွန် ဒုက္ခရောက်နေပါတယ်။ သူတို့ကို ဘယ်လို ကယ်ဆယ်ဖို့ စီစဉ်ထားပါတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ရှေ့တန်းတင် ပြောသင့်ပါတယ်။
မပြောခဲ့ကြပါဘူး။
ဒီကြားထဲ ရွေးကောက်ပွဲလုပ်ဖို့ တစ်လ နှစ်လအလိုမှာမှ ပါတီအတွင်း အာဏာသိမ်းပွဲလို့ နာမည်ကြီးတဲ့ ပြဿနာမျိုးကို အပေါ်ခံခဲ့တယ်။
ရွေးကောက်ပွဲ မလုပ်ခင် သုံးလေးရက် အလိုမှာမှ လွတ်နေတယ်ဆိုတဲ့ ကျောင်းသားသမဂ္ဂမှ ကလေးတွေကို မရ ရအောင် ရှာဖမ်းပြတယ်။
ဒီကလေးတွေက ရာဇ၀တ်မှု ကြီးကြီးမားမား ပြုလုပ်ထားတဲ့ ကလေးတွေမှ မဟုတ်ဘဲ။ ရွေးကောက်ပွဲ အလွန်ကာလမှ ဖမ်းတော့ရော ဘာဖြစ်သလဲ ခင်ဗျား။ အခုတော့ ခရုခတောင်းကျိုက် ဖမ်းတယ်ဆိုတဲ့ စကားအတိုင်းလိုပါပဲ...။
ကျွန်တော် တင်ပြချင်တဲ့ အချုပ်ကတော့ ကြံ့ခိုင်ရေးပါတီနှင့် သူတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့က လူထုတန်ဖိုးဟာအကြီးဆုံး…။
လူထုကို လက်တွဲမယ်။
လူထုရဲ့ ဆန္ဒကို မိမိတို့ ဆန္ဒဖြစ်အောင် လုပ်မယ်။
အဲ…၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပြီး သူတို့ အစိုးရတက်လာစ၊ အချိန်ကစပြီး မိမိ အကျိုး၊ မိမိ ပါတီအကျိုးထက် ပြည်သူ့အကျိုးကို အမြဲ ရှေ့တန်း တင်ထားမယ်။ လူထုနှင့် တစ်သားထဲ ဖြစ်အောင် အမြဲ နေထိုင်ကြမယ်ဆိုရင် ဒီနေ့လို ဘာမှ ခွက်ခွက်လန် ရှုံးစရာအကြောင်း မရှိဘူးဆိုတာပါဘဲ။
ဦးလှဝင်း (လေသူရဲတစ်ဦး)
၉.၁၁.၂၀၁၅

ဦးလှဝင်း (လေသူရဲတစ်ဦး)  Nov 16 Voice Weekly

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...