Saturday, October 31, 2015

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၃)

Advanced Engineering Myanmar LLC's photo.

အမေရိကန်ပြည်ထောင်စု National Highway System ထဲမှာ ရှိတဲ့ လမ်းတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာ ကတ္တရာလမ်းတွေ ဖြစ်တယ်။ ကတ္တရာဟာ ကွန်ကရစ်ထက် အားသာမှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် တည်ဆောက်တဲ့အခါမှာ ခေတ်မှီ material science တွေ၊ mix design တွေကို သေချာနားလည်ဖို့ လိုတယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာတွေဟာလည်း ဒီနည်းပညာတွေကို သိခြင်းအားဖြင့် ပြည်သူ့ ဘဏ္ဍာတွေကို အကျိုးရှိရှိ အသုံးချနိုင်ရင် လမ်းမိုင်များများ ခင်းနိုင်မယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူ ပြုနိုင်မှာ ဖြစ်တယ်။ ဒီပို့စ်ကတော့ Safety နဲ့ သက်ဆိုင်နေတဲ့ ဘီးချော်မှု ထိန်းချုပ်ပုံဖြစ်တယ်။

ဘီးချော်မှု ထိန်းချုပ်ခြင်း
မြန်မာနိုင်ငံဟာ မိုးများတဲ့ ဒေသဖြစ်တယ်။ အပိုင်း ၂ မှာ ရေးခဲ့သလို ကတ္တရာလမ်းတွေဟာ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေ ဖြစ်ရမယ်။ မိုးများလို့သော်လည်းကောင်း၊ လမ်းတည်ဆောက်တဲ့အခါ Crown ပုံစံ သေချာမကျလို့သော်လည်းကောင်း၊ ရေဆင်းစနစ်မကောင်းလို့သော်လည်းကောင်း၊ လမ်းညီညာပြေပြစ်မှု တပြေးညီမဖြစ်၍သော်လည်းကောင်း လမ်းပေါ်မှာ ရေတင်တာတွေ ဖြစ်မယ်။ ရေတင်ရင် နံပါတ်တစ် - ကားမောင်းသူတွေအတွက် အန္တရာယ်များမယ်။ လမ်းရေရှည်တည်တံ့မှုကို အတားအဆီးဖြစ်စေမယ်။ ဒါကြောင့် အတတ်နိုင်ဆုံး လမ်းဒီဇိုင်းသမားတွေ၊ လမ်းဆောက်သူတွေက တတ်နိုင်သလောက် လမ်းပေါ်မှာ ရေမတင်နိုင်အောင် ကြိုးစားရမယ်။ လမ်းပစ္စည်းရှုထောင့်၊ mix design ရှုထောင့်ကနေဆိုရင် ကတ္တရာလမ်းကို ဘီးချော်မှု နည်းသထက်နည်းအောင် ဘယ်လို တည်ဆောက်ကြမလဲ။
ဘီးချော်မှုကို ထိန်းချုပ်ချင်ရင် surface texture ကို ထိန်းချုပ်ရတယ်။ အပေါ်ဆုံးကတ္တရာအလွှာဟာ အရမ်းကြီး ချောမွေ့လွန်းမနေပဲ ဘရိတ်ကိုက်လိုက်ရင် ဘီးချော်မှု မဖြစ်စေပဲ အန္တရာယ်ကင်းကင်း ရပ်စေရမယ်။ ဒါဆိုရင် surface texture ကို ဘယ်လို ထိန်းချုပ်ကြမလဲ။ လမ်းခင်းပြီးတာနဲ့ အပေါ်က သဲလေး နည်းနည်းဖြန်းလိုက်ရုံနဲ့ ပြီးရောလား။ မိုးမရွာဘူးဆိုရင်တောင် အမြန်နှုန်းနဲ့ မောင်းကြရင် လမ်းအကွေ့တွေမှာ လိုအပ်တဲ့ friction တွေကို ပေးနိုင်ပါ့မလား။ မြစ်ချောင်းသဲနဲ့ ကြိတ်ခွဲရာက ထွက်လာတဲ့ သဲမှုန့်လေးတွေရဲ့ အသုံးဝင်မှုတွေကလည်း မတူပြန်တော့ mix design သမားတွေနဲ့ လမ်းဆောက်သူတွေ surface texture ကို ဘယ်လိုထိန်းကြမလဲ။
ကျောက်တုံးတွေရဲ့ လက္ခဏာရပ်တွေကို ကြည့်ရမယ်။ သူ့ရဲ့ မျက်နှာပြင် ချောမှု ကြမ်းမှု၊ ပုံစံ၊ အရွယ်အစား၊ တိုက်စားခံနိုင်မှုတွေ ကိုကြည့်ရမယ်။ မျက်နှာပြင်ဟာ အရမ်းချောလွန်းလို့ မဖြစ်ဘူးဆိုတာ အပေါ်မှာ ရေးခဲ့တယ်။ အရမ်းကြမ်းလွန်းပြန်ရင်လည်း ကားမောင်းသွားရင်း noise တွေ အထွက်များပြီး rider comfort ကို ထိခိုက်တယ်။ ကတ္တရာလမ်းကို ကွန်ကရစ်လမ်းထက် နိုင်ငံတကာမှာ ပိုကြိုက်ရတဲ့ အကြောင်းရင်းထဲမှာ ကတ္တရာလမ်းတွေက ကားမောင်းရင် ကွန်ကရစ်လမ်းလောက် မဆူပဲ သက်တောင့်သက်သာ ဖြစ်တယ် ဆိုတဲ့ အချက်လည်း ပါတယ်။
ရှည်မျောမျောနဲ့ ပါးပါးကျောက်ပုံစံ အရွယ်အစားတွေဟာ ၀န်အားကို ခံနိုင်ရည်နည်းပြီး ကျောက်အချင်းချင်း အပြန်အလှန် interlocking ဖြစ်မှုလည်း နည်းတယ်။ ဒါကြောင့် ကျောက်ပုံစံကို ရွေးကြပြီဆိုရင် အန်စာတုံးလို အချိုးကျကျ အတုံးလေးတွေကို ရွေးရမယ်။ ကျောက်ကို ထုခွဲတဲ့နည်းစနစ်တွေကို သတိထားရတယ်။ ချောနေတဲ့ ကျောက်တုံးတွေဟာ ၀န်အလေးချိန်အောက်မှာ အပြန်အလှန်ထိကြရင် ချော်ထွက်နိုင်ပြီး interlocking ကို အားမပေးတဲ့အတွက် မျက်နှာပြင်ကြမ်းနေခြင်းဟာ ကျောက်ထည်ခိုင်မာမှုကို အားပေးတယ်။
လမ်းစခင်းတုန်းက ကျောက်မျက်နှာပြင်ဟာ ကြမ်းနေပြီး အချိန်ကာလအနည်းငယ်အတွင်းမှာ မျက်နှာပြင်ချော ဖြစ်သွားရင်လည်း ရေရှည်လမ်းလုံခြုံရေးအတွက် မကောင်းပြန်ဘူး။ ဒါကြောင့် ပွတ်တိုက်မှုမှာ အလွန်အမင်းတိုက်စားပြီး ခံနိုင်ရည်မရှိတဲ့ ကျောက်တွေ၊ ကျောက်ကြောတွေကိုလည်း နည်းစနစ်တွေနဲ့ စမ်းသပ်ပြီးတော့ သုံးကြရတယ်။ နှင်းကျတဲ့ ဒေသတွေမှာ ဆိုရင် နှင်းပျော်အောင် ဆားဖြန်းတဲ့အတွက် ဆားဓာတ်ပေါက်မှုကို ခံနိုင်တဲ့ ကျောက်အမျိုးအစားတွေကိုလည်း ရွေးသုံးကြတယ်။
ဆက်ရန် …

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...