Friday, October 30, 2015

ကားလမ်းတည်ဆောက်ရာဝယ် စဉ်းစားသင့်သည်များ

Advanced Engineering Myanmar LLC
Advanced Engineering Myanmar LLC's photo.

လမ်းတစ်လမ်းဖောက်မယ်ဆိုရင် ဘာတွေကို ထည့်သွင်းစဉ်းစားပြီး ပလန်ချကြမလဲ၊ ဘယ်လို ဒီဇိုင်းဆွဲကြမလဲ။ လမ်းဖောက်တယ်ဆိုတာ မြို့ပြအင်ဂျင်နီယာတွေရဲ့ အလုပ်လို့ ပြောလို့ရပေမယ့် အရည်အသွေးပြည့်မီတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ အင်ဂျင်နီယာဘာသာရပ်လောက်ကိုပဲ သိနေပြီး အင်ဂျင်နီယာရှူထောင့်ကပဲ စဉ်းစားတည်ဆောက်သွားလို့ မဖြစ်တော့ပါဘူး။ ဥပမာ - ယာဉ်ကြပ်လို့ဆိုပြီး ရွှေတိဂုံဘုရားနားမှာ ဂုံးကျော်တံတားအမြှင့်ကြီးတွေ သွားဆောက်လို့ မရဘူး။
သူ့ပတ်ဝန်းကျင်၊ သူ့ context တွေကို ထည့်သွင်းစဉ်းစားကြရတယ်။ လမ်းဆောက်တဲ့အလုပ်ဟာ တကယ်တော့ ဘာသာရပ်များစွာနဲ့ ယှက်နွယ်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုလည်း ဖြစ်တယ်။
လမ်းဒီဇိုင်းတစ်ခုဆွဲရင် အောက်ပါအချက်အလက်တွေကို ထည့်သွင်းစဉ်းစားကြရမယ်။ တစ်ခုချင်းစီကို အောက်မှာ ရှင်းလင်းထားပါတယ်။
၁။ Safety (ဘေးကင်းလုံခြုံမှု)
၂။ Efficiency (ထိရောက်အစွမ်းထက်မှု)
၃။ Economy (ဈေးနှုန်းသင့်တော်မှု)
၎။ Environmental Impact (သဘာဝပတ်ဝန်းကျင် ဆိုးကျိုးနည်းမှု)
၅။ Societal Impact (လူမှုဆိုးကျိုးနည်းမှု)
၆။ Aesthetics (တင့်တယ်လှပမှု)
Safety
လမ်းတစ်ခုကို ဘေးရန်ကင်းကင်းတည်ဆောက်နိုင်ဖို့ ထည့်သွင်းစဉ်းစားစရာတွေ အများကြီးပါ။ ဥပမာ - နေပြည်တော်လမ်းမှာ ယာဉ်မှောက်ကြတယ်။ လူသေကြတယ်။ ဘေးကင်းလုံခြုံမှု မရှိကြဘူး။ သူ့ရဲ့ Alignment, minimum radius, curve, superelevation စတဲ့ geometric design features တွေရဲ့ အားနည်းချက်လားပေါ့။ comprehensive design အားနည်းချက်တွေလားပေါ့။ နောက်တစ်ချက်က traffic engineering ရှုထောင့်ကနေ သုံးသပ်မှု။ driver behavior and characteristics, safety features, လမ်းသတိပေးဆိုင်းဘုတ်တွေ စတဲ့ သုံးသပ်စရာတွေ အများကြီးပေါ့။ (တစ်ခုချင်းစီကို သုံးသပ်ရရင် စာတမ်းကြီး ဖြစ်ကုန်ပါလိမ့်မယ်။) အချုပ်အားဖြင့် ပြောရရင် ဘေးကင်းလုံခြုံတဲ့ လမ်းတစ်ခု၊ အထူးသဖြင့် ဟိုင်းဝေးလမ်းမကြီးတစ်ခုကို တည်ဆောက်တယ်ဆိုတာ ထည့်သွင်းစဉ်းစားစရာတွေ တပုံကြီးပါ။
Efficiency
လမ်းမှာ လမ်းအမျိုးအစားအမျိုးမျိုးရှိတယ်။ သတ်မှတ်အမြန်နှုန်းတွေ ရှိကြတယ်။ ဟိုင်းဝေးလမ်းမကြီးတွေရဲ့ သတ်မှတ်အမြန်နှုန်းဟာ ရပ်ကွက်လမ်းလေးတွေရဲ့ သတ်မှတ်အမြန်နှုန်းထက် များတယ်။ Access and Mobility ကို ချင့်ချိန်ကြရတယ်။ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ access ကို မထိန်းရင် ခွေး၊ ကြောင်က အစ သွားလာနေရင် mobility ကို ထိခိုက်တယ်။ အမှတ် ၁၊ အမှတ် ၂ လမ်းမကြီးဆိုပြီး တစ်နာရီ မိုင် ၂၀ ပဲ မောင်းနိုင်တယ်ဆိုရင် ဒါဟာ efficient မဖြစ်ဘူးပေါ့။
Economy
လမ်းတစ်ခုကို တည်ဆောက်တဲ့အခါ အထက်ပါအချက် ၂ ချက်အပြင် ကုန်ကျစရိတ်ကိုလည်း ကြည့်ရတယ်။ တံတားတွေပါရင် ကုန်ကျစရိတ်များလေတော့ လမ်းအူကြောင်းဆွဲတဲ့အခါ မြစ်ချောင်းတွေကို ရှောင်၊ cut/fill များနိုင်တဲ့ နေရာတွေကို ရှောင်ကြရတယ်။ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေ။ နည်းတွေကို အသုံးပြုရင် မကြာခင်မှာ ပျက်စီးမယ်။ Life Cycle cost များမယ်။ ဒါကြောင့် ရေရှည်ကြည့်ကြရတယ်။ Transparency ကောင်းတဲ့၊ စနစ်ကျတဲ့ နိုင်ငံတွေမှာ လမ်းဆောက်သူတွေကို အစိုးရက နည်းဥပဒေတွေ၊ guidelines တွေ၊ QA တွေနဲ့ ထိန်းတယ်။ ဒါကြောင့် ကန်ထရိုက်တာတွေဟာ ဈေးနှုန်းသက်သာမှာကိုပဲ မကြည့်ပဲ အရည်အသွေးကိုပါ ကြည့်ရတယ်။
Environmental Impact
တောင်တစ်လုံးကို ဖြတ်ဖောက်ခြင်း၊ wetland တွေကို မြေဖို့ခြင်း စတာတွေဟာ သဘာဝပတ်ဝန်းကျင်တွေကို အများကြီး ထိခိုက်နိုင်တယ်။ လမ်းဆိုတာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်သလို ဖောက်လိုက်တဲ့လမ်းရဲ့အနီနားတ၀ိုက်မှာ ကျက်စားနေတဲ့ သတ္တ၀ါတွေကို ဘယ်လို ထိခိုက်လဲ ထည့်သွင်းစဉ်းစားကြရတယ်။ သာမန်သတ္တ၀ါတွေအတွက် အရေးမကြီးနိုင်ပေမယ့် မျိုးတုန်းလုဆဲ သတ္တ၀ါတွေအတွက် ပိုအရေးကြီးတယ်။ တဘက်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဟာ လူတွေအတွက် အရေးမကြီးနိုင်ဘူးလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် အမေရိကန်မှာ နှစ်စဉ် သမင်တွေ ကားလမ်းပေါ်ရောက်ပြီး ဖြစ်ပွားတဲ့ ယာဉ်တိုက်မှု ကိန်းဂဏန်းတွေကို သိရရင် လူတွေအတွက်လည်း ထိခိုက်မှုတွေ အများကြီးပဲ ဆိုတာ သိနိုင်တယ်။ လမ်းမကြီးက သူတို့သွားလာမြဲလမ်းကြောင်းပေါ်ကျရောက်နေရင် သတ္တ၀ါတွေနဲ့ ကားတွေ ထိတွေ့မှု ဖြစ်တတ်ပါတယ်။
Societal Impact
လမ်းဆောက်လိုက်လို့ ကောင်းကျိုးတွေ အများကြီး ရှိသလို လူမှုစီးပွားသက်ရောက်မှုတွေကလည်း ရေတိုရေရှည် ရှိတတ်တယ်။ ဒါတွေက ရှောင်လွှဲလို့မရပေမယ့် နည်းနိုင်အောင် ကြိုးစားကြရတယ်။ လမ်းအူကြောင်းပေါ်က မိသားစုတွေ ထွက်ခွာရခြင်း၊ လမ်းတည်ဆောက်စဉ်ကာလ အနီးအနား ဈေးဆိုင်တွေ အရောင်းကျခြင်း စသဖြင့်ပေါ့။ အမေရိကန်မှာ National Highway System အကောင်အထည် စဖော်တော့ တချို့အိမ်တွေ ဟိုင်းဝေးလမ်းမကြီးနားမှာ ကျလို့ ဆူလို့၊ ဟိုင်းဝေးက မြို့တွေကို ကန့်လန့်ဖြတ်ပိုင်းခြားလိုက်လို့၊ အိမ်တွေ ဂျောင်ပိတ်ကုန်လို့ စသဖြင့် ပြည်သူတွေက ကင်ပလိန်းတက်ခဲ့ကြတယ်။ တချို့က ဘိုးဘွားပိုင်မြေပေါ်က လမ်းမကြီးဖြတ်သွားမှာကို သဘောမတူလို့ အစိုးရနဲ့ တရားရုံးမှာ နှစ်ရှည်လများ တရားဆိုင်ကြမှုတွေလည်း မနည်းဘူး။
ရှေးဟောင်း သမိုင်းအမွေအနှစ်တွေကို ထိခိုက်စေမယ့် လမ်းဆောက်ခြင်းတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမယ်။ အမေရိကန်မှာဆိုရင် National Register of Historic Places ဆိုတာ ရှိတယ်။ သမိုင်းဝင်နေရာတွေကို စုစည်းထားတာပေါ့။ အဲဒီလို database ရှိနေတော့ လမ်းဒီဇိုင်းသမားတွေလည်း planning stage မှာကတည်းက သမိုင်းဝင်နေရာတွေကို ရှောင်နိုင်အောင် ကြိုးစားကြတယ်။ အချိန်ကုန်၊ လူပန်း သက်သာတာပေါ့။
Aesthetics
ဟိုင်းဝေးလမ်းမကြီးနားတစ်ဝိုက်မှာ ဒေသပေါက် အပင်တွေကိုစိုက်ခြင်း၊ လမ်းဘေးဝဲယာမှာ မြက်ပင်စိုက်ခြင်း၊ ညီနေအောင် ပုံမှန်ရိတ်သိမ်းပြုပြင်ခြင်းတို့ပေါ့။ လမ်းဘေးမှာ မြက်ပင်စိုက်တာက အလှအပအတွက်သာမက ရေတိုက်စားမှု၊ မြေသားပျက်စီးမှုတွေကိုပါ ကာကွယ်ပေးတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း လမ်းလယ်ကျွန်းတွေ အ၀ိုင်းတွေမှာ ပန်းခင်းတွေနဲ့ အလှဖော်ကြတာပေါ့။ ဒါ့အပြင် လမ်းတွေကို မြို့ရဲ့သဘာဝအလှအပတွေကို ရှုစားနိုင်အောင် ဆက်စပ်ဖောက်သွားတာတို့ပေါ့။
အထက်ပါ standard တွေဟာ အမေရိကန် standard ဆိုပေမယ့် မိမိတို့နိုင်တဲ့ဘက်က လက်လှမ်းမှီသမျှ အသုံးချနိုင်ရင် မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိနိုင်မှာပါ။ လူ့အသက်ပေါင်းများစွာကိုလည်း ကာကွယ်နိုင်မှာပါ။ Myanmar Road Network ကောင်းမွန်တိုးတက်ပါစေ။
Advanced Engineering Myanmar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...