Wednesday, October 14, 2015

"ဥပဒေတစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း"

U Tun Kyi

ကိုဖြူ ။ ။ “ဥပဒေစကား” တွေကို သာမန်ပြည်သူတွေ ဖတ်ကြည်လို့နားမလည်ဘူးဆရာ၊ ဘယ်လိုလုပ်ရမလဲ။
ယူတီကေ ။ ။ ဘာသာစကား (LANGUAGE) တွေမှာ၊ အရပ်သုံးစကားဟာ၊ ဘာသာရေးဆိုင်ရာစကား ဥပဒေရေးရာ စကား (LEGAL LANGUAGE) တွေနဲ့ မတူဘူးဗျ။ ဥပဒေဆိုင်ရာဘာသာစကားမှာ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ပုံစံ၊ အရေးအသား အသုံးအနှုန်းတွေ ကို သိပ်မပြင်ကြဘူး။
အရပ်သုံးစကားကတော့ (LIVING LANGUAGE)ဖြစ်ပြီး ခေတ်ကာလ အလျောက် ပြင်ဆင်ပြောင်းလဲလာပြီး လူသားတွေ နေ့စဉ်ထိတွေ့အသုံးချလာကြတယ်။ ဥပဒေစကားရပ်တွေဟာ ဖြေးဖြေးချင်းဖတ်ရတယ်။ တစ်လုံးချင်း အဓိပ္ပါယ်ကိုလည်း သိအောင်ဖတ်ရတယ်။ ရှေ့နောက်စကားစဉ်၊ စကားဆက်ကိုလည်း ကြည့်ရတယ်။ အပေါ်ယံရှပ်ပြီး ဖတ်လိုက်လို့မရဘူး။ တစ်လုံးချင်းလည်း ကောက်ယူဖွင့်ဆိုရပါတယ်။
ဥပမာ (၁)။ ထောင်ဒဏ်(၇)နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်နိုင်သည် - လို့ပြဌာန်းထားရင်၊ (ဖြစ်စေ) ဆိုတဲ့ (OR) (သို့မဟုတ်)ရဲ့ အဓိပ္ပါယ်ကိုသိရပါမယ်။ ဖြစ်စေ/သို့မဟုတ် (OR) ဆိုတာဟာ၊ ဒါဖြစ်စေ/ ဒါဖြစ်စေ/ ဒါဖြစ်စေ - တစ်မျိုးမျိုးကို ချမှတ်ရမယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ဒီပြဌာန်းချက်အရ ဆိုရင်၊ ထောင်ဒဏ်(၇) နှစ်ထိချမှတ်နိုင်တယ်။ သို့မဟုတ် ငွေဒဏ်သက်သက်ချမှတ်နိုင်တယ်။ သို့မဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်ရပါတယ်။
ဥပမာ (၂)။ ထောင်ဒဏ်(၇)နှစ်အပြင် (AND) ငွေဒဏ်လည်းချမှတ်နိုင်သည် - လို့ပြဌာန်းထားရင်၊ ထောင်ဒဏ်ဟာ (မချမနေရပြစ်ဒဏ်) ဖြစ်တယ်။ (AND) ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်။ (အပြင်)လို့ ရေးထားတယ်။ ဒါကြောင့် ဒီပြစ်ဒဏ်မျိုးမှာ ဒဏ်ငွေသက်သက် ချမှတ်လို့မရဘူး။ ဥပဒေနဲ့မညီတဲ့ ပြစ်ဒဏ် ဖြစ်သွားနိုင်တယ်။ တရားသူကြီးကို အရေးယူလိမ့်မယ်၊ ထောင်ဒဏ်ဟာမပေးမနေရ ပြစ်ဒဏ်ဖြစ်တယ်။
ဒီလို “ဥပဒေစကားရပ်” တွေကို အများပြည်သူနားလည်စွမ်းရှိမရှိနဲ့ ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ လေး တစ်ခုပြုလုပ်လေ့လာခဲ့ပါတယ်။ မကြာမီက ပြဌာန်းလိုက်တဲ့ “ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ “ မူရင်းပြဌာန်းချက် (ပုဒ်မ-၁-မှ-၂၁)ကို ဆွေးနွေးသူများကို ဝေငှပေးခဲ့ပါတယ်။ (၁၅) မိနစ်ဖတ်ရှုစေပါတယ်။ နောက်ပြီးမှ ဒီဥပဒေရဲ့ ရည်ရွယ်ချက်၊ သက်ဆိုင်သူ တားမြစ်ချက်၊ ပြစ်မှု့နဲ့ပြစ်ဒဏ်၊ အကောင်အထည်ဖော် ဆောင်ရွက်မဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာပြဌာန်းချက်၊ အခြားတည်ဆဲဥပဒေများနဲ့ နှိုင်းယှဉ်ချက်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ကျင့်ထုံး၊ စံ၊ လူ့အခွင့်အရေး စသည်တို့နဲ့ ချိန်ထိုးကြည့်ခြင်း စတာတွေကို မေးမြန်ဆွေးနွေးခဲ့ ပါတယ်။
တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ သာမန်ပြည်သူ(၈)ယောက်၊ ရှေ့နေကြီး(၇)ယောက်နဲ့ ဥပဒေပြုအမတ် (၄)ယောက်တို့ရဲ့ ဆွေးနွေးချက်များဖြစ်ပါတယ်။ စာရေးသူရဲ့ သဘောထားမပါဝင် ကြောင်းပါခင်ဗျာ။
ယူတီကေ ။ ။ ဆရာတို့ ဒီဥပဒေ ဘယ်နေ့ကပြဌာန်း အတည်ဖြစ်ပါသလဲဆရာ။
အားလုံးဖြေ ။ ။ (ထုတ်ပြန် ကြေညာတဲ့နေ့) (၃၁-၈-၂၀၁၅)နေ့။
ယူတီကေ ။ ။ ဒီပြဌာန်းချက်ဟာ ဘယ်လူမျိုး တွေနဲ့သက်ဆိုင်ပါသလဲဆရာတို့။
ဖြေ (၁) ဒီနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုး၊ လူမျိုးစုအားလုံးနဲ့ သက်ဆိုင်ပါတယ်။ (ရှမ်း၊ကချင်၊ဗမာ၊မွန်- စသည်)
(၂) ဒီနိုင်ငံရဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ (နိုင်၊ဧည့်၊ပြု)
(၃) ဒီနိုင်ငံမှာ နေထိုင်စဉ် နိုင်ငံသားနဲ့ ထိမ်းမြားတဲ့ နိုင်ငံခြားသား အားလုံးနဲ့သက်ဆိုင်ပါတယ်။
(၄) နေထိုင်သူဆိုတာ ယာယီနေနေ၊ အမြဲတန်းနေနေ သက်ဆိုင်ပါတယ်။
(၅) ပြည်ပရောက်နေတဲ့ ဒီနိုင်ငံသား (နိုင်၊ဧည့်၊ပြု) အားလုံးနဲ့သက်ဆိုင်ပါတယ်။
(၆) အိမ်ထောင်သည် ယောက်ျားရော၊ မိန်းမပါသက်ဆိုင်ပါတယ်။ (ကျား + မ)
ယူတီကေ ။ ။ ဒီပြဌာန်းချက်ဟာ ဘယ်ဘာသာဝင် တွေနဲ့သက်ဆိုင်သလဲ။
ဖြေ။ (၁) ဘယ်ဘာသာဝင်လို့ ရေးမထားဘူးဗျ။
(၂) မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် အတွက်လို့ရေး မထားဘူးဗျ။
(၃) ဒါဆိုရင် ခရစ်ယာန်၊ ဟိန္ဒူ၊ မဟာမေဒင်၊ ဗုဒ္ဓဘာသာဝင်နဲ့ အခြားဘာသာ၊ ဘာသာမဲ့တွေအားလုံး ဆိုင်တယ်ထင်တယ်။
(၄) ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်ဘာသာဖြစ်ဖြစ်၊ ဘယ်နိုင်ငံကလာလာ၊ ဒီနိုင်ငံကို ယာယီ၊ အမြဲရောက်ရှိ၊ နေထိုင်တဲ့(ကျား/မ) အိမ်ထောင်သည် အားလုံးနဲ့သက်ဆိုင်တယ်။
ယူတီကေ ။ ။ ဥပဒေက ဘာကို အဓိကပြဌာန်းလိုက်တာလဲဗျ။
ဖြေ။ (၁) မိမိကိုးကွယ်ရာဘာသာ၊ ဥပဒေ၊ ဓလေ့ထုံးတမ်းအရ ဒီနိုင်ငံမှာ တရားဝင်ထိမ်းမြားနိုင်တယ်တဲ့။
(၂) ဒီဥပဒေအာဏာတည်တဲ့နေ့ (၃၁-၈-၂၀၁၅) နေ့ကစပြီး ထိမ်းမြားရာမှာ “ တစ်လင်တစ်မယားစနစ် ” သာတရားဝင်တယ်တဲ့။ (တစ်လင်မယားအများ)၊ (တစ်မယားလင်အများ) ထိမ်းမြားလို့မရဘူးတဲ့။
(၃) ဒါဆိုရင် ယောက်ျားတစ်ယောက်ဟာ မယားတစ်ယောက်ကိုဘဲ တရားဝင်ထိမ်းမြားလို့ရတယ်ထင်တာပဲ။
(၄) အိမ်ထောင်ရှိပြီးရင် နောက်ထပ်ထိမ်းမြားလို့မရတော့ဘူး။
(၅) မိမိကိုးကွယ်ရာဘာသာအရ တစ်ယောက်ထက်ပိုယူခွင့်ရှိတယ်ဆိုပေမဲ့ ဒီနိုင်ငံမှာတော့ နောက်ထပ်ယူလို့ မရတော့ဘူး။ (ဥပမာ-မိမိကိုးကွယ်ရာ ဘာသာအရ မယားလေးယောက်ယူခွင့်ရှိသော်လည်း ဒီနိုင်ငံမှာ ယူလို့မရတော့ဘူး)
(၆) ၃၁-၈၂၀၁၅ နေ့မတိုင်မီက (၃-၄)ယောက်ယူပြီးသားဆိုရင်တော့၊ မပျက်ပြယ်ဘူး။ အပြစ်မရှိဘူး။
(၇) အဲ့ဒီနေ့ နောက်ပိုင်းမှာ အိမ်ထောင်သည်ဟာ နောက်ထပ်ထိမ်းမြားခြင်း မလုပ်ရဘူး။ ပြစ်မှု့မြောက် တယ်တဲ့။
(၈) အိမ်ထောင်သည်ဟာ နောက်တစ်ယောက်ကို ထိမ်းမြားခြင်းမပြုရဘူး။ တရားမ၀င်နေထိုင် ပေါင်းသင်းခြင်း လည်းမလုပ်ရဘူးတဲ့။
(၉) တရားမ၀င်ပေါင်းသင်း နေထိုင်ခြင်း အကြောင်းကို အဲဒီဥပဒေမှာ အဓိပ္ပါယ်ဖွင့်မထားဘူးဗျ။
(၁၀) အိမ်ထောင်သည် (ကျား/မ)ဟာ အခြား(ကျား/မ)နဲ့ လင်မယားအဖြစ် မနေထိုင်ရဘူး။ မပေါင်းသင်း ရဘူးတဲ့။
အရပ်သား အသိအရဆိုရင် (ပေါင်းသင်းစပ်ယှက်)မှု မပြုရဘူးလို့ ထင်တာပဲ။ အတူမအိပ်ရဘူး ပြောတာပါ။
(၁၁) ဒါဆိုရင် အိမ်ထောင်သည် ယောက်ျားဟာ အခြားမည်သည့် မိန်းမနဲ့မှ အတူမအိပ်ရဘူးထင်တာပဲ။ အဖော်၊ ရည်းစား၊ လိင်လုပ်သား (ပြည့်တန်ဆာ) စတာတွေနဲ့အတူ မအိပ်ရဘူး၊ အိပ်ခဲ့ရင် ပြစ်မှုမြောက်တယ်တဲ့။ ပုဒ်မ-၁၃ အရ (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်တယ်တဲ့။ ဒါဆို ထောင်မချမနေရ - ချရမဲ့ပြစ်မှုပဲ။
ယူတီကေ ။ ။ အိမ်ထောင်သည် (ကျား/မ)က လူပျိုပါ၊ အပျိုပါပြောပြီး ထိမ်းမြားခဲ့ရင် ဘာဖြစ်နိုင်သလဲ။
(၁) ထောင်ဒဏ်(၁၀)နှစ်တဲ့ဆရာ။
(၂) မိန်းကလေးက အရင်ကလူတစ်ယောက်နဲ့ လိုက်ပြေးပြီး လက်ထပ်စာချုပ် ချုပ်ထားခဲ့ဘူးရင် လူသိရှင်ကြား ထုတ်ပြောရမှာတဲ့။ လိုက်ပြေးဘူးတာ ထိန်ချန်ရင်ဒီမိန်းကလေး (၁၀)နှစ်ပဲ။
(၃) မယားကြီးကို ကွာပြီးပါပြီ ညာပြောတဲ့ အိမ်ထောင်သည် ယောက်ျားလည်း (၁၀)နှစ်ပဲ။
(၄) ကွာပြီးသားပါဆိုတဲ့ စကားကို ထောက်ခံ၊ လိမ်ညာ၊ ပြောဆိုပေးတဲ့ အိမ်ထောင်သည် (ကျား/မ)ရဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ အောင်သွယ်တွေလည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၀၉/၁၁၄ အရ၊ အားပေးကူညီမှု မြောက်တယ်။ အဲဒီလူတွေကိုလည်း ပုဒ်မ-၁၇/၁၀၉ အရ ထောင်ဒဏ်(၁၀)နှစ် ချရမှာပဲ။ အားပေးသူနဲ့ ကျူးလွန်သူဟာ ပြစ်ဒဏ်ထပ်တူကျခံရမယ်။
ယူတီကေ ။ ။ ပုဒ်မ (၁၀) (၁၂) (၁၃)နဲ့ ပုဒ်မ(၁၇) ဘာကွာသလဲ။
ဖြေ (၁) ပုဒ်မ (၁၀)၊ (၁၂)တားမြစ်ချက်က၊ အိမ်ထောင်သည်ဟာနောက် (ကျား/မ)ကို မထိမ်းမြားပေမယ့်၊ အတူအိပ်ရင် ပြစ်မှုမြောက်တယ်။ (၇)နှစ်ကျမယ်။ ဒါကြောင့် အိမ်ထောင်သည်တစ်ဦးဟာ အပြင်မှာ အခြားသူနဲ့ ဖောက်ပြန်ရင်၊ အတူအိပ်ရင် ထောင်ကျနိုင်တယ်။ လူပျိုလူလွတ်ကတော့ အပြစ်မဖြစ်ဘူး။
(၂) ကာယကံရှင်က ကျေနပ်ပေမဲ့ ပြစ်မှုမြောက်တယ်။
(၃) ငွေးပေးပျော်ပါးလို့လည်း မရဘူး။ ကြည်ဖြူပါတယ်ဆိုလည်း မရဘူး။
(၄) အိမ်မှာကျန်ရစ်တဲ့ (ဇနီး/ခင်ပွန်း) ကျေနပ်သဘောတူတယ် ခွင့်ပြုထားတာပါဆိုလည်း မရဘူး။ ဖမ်းမှာပဲ။ ထောင်ကျမှာပဲ။
(၅) ပုဒ်မ (၁၇)က အိမ်ထောင်ရှိလျက် ထိန်ချန်ဖုံးကွယ်ပြီး ထပ်မံထိမ်းမြားတာပါ။ (၁၀)နှစ်ပါ။
ယူတီကေ ။ ။ ဒီဥပဒေကို ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း ကျင့်ထုံးဥပဒေ ပြဌာန်းချက် တွေအကြောင်း ဘာတွေသိလဲခင်ဗျ။
သာမန်ပြည်သူများ။ မသိပါဘူး ဆရာ။ (ဥပဒေပြဋ္ဌာန်းချက်ထဲမှာ ဘာမှမပါဘူးဆရာ)
ရှေ့နေများ။(၁) ၀ရမ်းမှုဖြစ်တယ်။
(၂) ရဲအရေးပိုင်တဲ့ အမှုဖြစ်လို့ရဲက ၀ရမ်းမပါဘဲ ဖမ်းနိုင်တယ်။
(၃) တရားသူကြီးက အာမခံမပေးနိုင်ဘူး။
(၄) ဘယ်သူကမှ ကျေအေးလို့မရဘူး။
(၅) တည်းခိုခန်း၊ အိမ်၊ ဥပစာ၊ ခွင့်ပြုသူ တွေဟာ အားပေးသူအဖြစ် အဖမ်းခံရနိုင်တယ်။
(၆) မည်သူမဆို တိုင်တန်း၊ ဖမ်းဆီး ခိုင်းနိုင်တယ်။ ရဲက တိုင်ချက်ဖွင့်ပေးရတယ်။ သက်ဆိုင်တဲ့ ဇနီး၊ ခင်ပွန်းက တိုင်မှ တိုက်ချက်ဖွင့်ရတာမျိုး မဟုတ်တော့ဘူး။
(၇) တည်းခိုခန်းမှာစောင့်ပြီး သတင်ပေးရင်လည်း ရဲကလာဖမ်းနိုင်တယ်။
(၈) ဖမ်းဆီးခံရတဲ့ အိမ်ထောင်သည်(ကျား/မ)နဲ့ ပါဝင်ပတ်သက်သူ (ကျား/မ)ကို ဆေးစစ်ခိုင်းနိုင်တယ်။ သူတို့နှစ်ဦးပေါင်းသင်း စပ်ယှက်မှု ရှိ/မရှိ သက်သေခံချက်ရဖို့လုပ်နိုင်တယ်။ အိမ်ထောင်သည်နဲ့အတူ (ပြည့်တန်ဆာရော၊ ရည်းစား၊ အဖော်) အားလုံးဆရာဝန်ထံ ဆေးစစ်ခံကြရလိမ့်မယ်။
ယူတီကေ ။ ။ ဘယ်အချိန်မှာ တိုင်တန်း၊အရေးယူ၊တရားစွဲတင်နိုင်သလဲ။
ဖြေ (၁) အခန်းထဲမှာ အတူတွေ့တဲ့အချိန်၊ အပြင်ထွက်လာတဲ့အချိန်။
(၂) ဘယ်အချိန်က ဖြစ်ခဲ့ဖြစ်ခဲ့၊ ပြန်တိုင်ရင် ဖမ်းမှာပဲ။
(၃) ပြစ်မှု့ဆိုတာ ကာလစည်းကမ်း သတ်မရှိဘူး။ ဘယ်အချိန်တိုင်တိုင်၊ ခံရမှာပဲ။ ကနေ့အပြင်မှာ အတူအိပ်ခဲ့စေဦး၊ နောက်(၅)နှစ်ကြာမှ အထောက်အထားနဲ့ တိုင်ရင်၊ ကြာခဲ့ပြီဆိုပြီး လျစ်လျူရှုလို့မရဘူး။ အရေးယူရမှာပဲ။
ဥပမာ (၁) ၁၉၅၇ ခုနှစ်က ပျုစောထီးတပ်ဖွဲ့ဝင်ဖြစ်စဉ်က ကျူးလွန်ခဲ့တဲ့လူသတ်မှုဟာ ကနေ့ပြန်ပေါ်လာရင်၊ ဖမ်းဆီး ထောင်ချရမှာပဲ။
(၂) လွန်ခဲ့တဲ့(၅)နှစ်က လိမ်လည်၊ ထိန်ချန်ပြီး အမတ်ဖြစ်လာခဲ့တယ်ဆိုရင်လည်း ကြာခဲ့ပါပြီဆိုပြီး လျစ်လျူရှု၊ အရေးမယူလို့ မရဘူးဗျ။ ဖြုတ်ပစ်ရမယ်။
ယူတီကေ ။ ။ အမတ်မင်းတို့၊ ဥပဒေပြဌာန်းစဉ်က ဒါတွေ အကြေအလည်ဆွေးနွေးပြီးမှ ပြဌာန်းအတည်ပြုခဲ့တာ မဟုတ်လား ခင်ဗျ။
အမတ်များဖြေ ။ ။ မြန်မာနိုင်ငံမှာ တစ်လင်တစ်မယား စနစ်ကျင့်သုံးတာ ကောင်းတယ်ဆိုတာပဲ အဓိကသိခဲ့တယ်။ ထောက်ခံခဲ့တယ်ဗျ။ ဥပဒေပြဌာန်းလိုက်တော့လည်း၊ ဥပဒေစကားရပ်တွေကို ဖတ်ကြည့်လည်း နားမလည်ဘူးဗျ။ ဆက်စပ်နေတဲ့အခြား ဥပဒေတွေ၊ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကြောင်း တရားတွေကို မသိခဲ့ဘူးဗျ။ ကျွန်တော်တို့လည်း ဥပဒေသာ ပြုနေကြတာ၊ ဥပဒေသမားတွေ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ကိုယ်စားပြုတဲ့အဖွဲ့ရဲ့ သဘောထားအတိုင်း ထောက်ခံလိုက်ကြတာပါ ခင်ဗျာ။
အခြားသူများ ၀င်ဆွေးနွေး
၁။ အဲဒီဥပဒေရဲ့ စကားရပ်တွေကို သာမန်ပြည်သူတွေ ဖတ်ကြည့်လို့ နားမလည်ဘူးဗျာ။
၂။ နားမလည်ရင် လိုက်နာကျင့်သုံးဖို့ (ရှောင်ရန်)ကိစ္စ မဖြစ်နိုင်ကြတော့ဘူး။
၃။ ဒါဆိုရင် ဒီနိုင်ငံက အိမ်ထောင်သည် သန်း(၃၀)တော့ ဒုက္ခနဲ့လှလှ တွေ့တော့မှာပဲ။
၎။ အိမ်ထောင်သည်တွေ မပေါ့ကြပါနဲ့။ အချိန်မရွေး အမှုဖြစ်နိုင်တယ်။
၅။ ဥပဒေကို မသိနားမလည်ခြင်းကြောင့် အပြစ်မှ ကင်းလွတ်ခွင့်မရတဲ့
(Ignorance of Law is no excuse) ဒုက္ခပါပဲ။
(သဗ္ဗေသတ္တာ ကမ္မသကာ)
UTK (မဟာဝိဇ္ဇာ၊သိပ္ပံ၊ဥပဒေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...