Wednesday, October 21, 2015

ထိမ်းမြားတဲ့မင်္ဂလာ ( ၁ )



မင်္ဂလာဆောင်လို့ စကြားမိတာနဲ့ ဘဝမှာ ပထမဆုံးတက်ရောက်ခဲ့ဖူးတဲ့ မင်္ဂလာဆောင် အခမ်းအနားကို ပြန်အမှတ်ရမိသည်။ ထိုနေ့ကကျွန်မတို့မောင်နှမတွေ ဖေဖေ မေမေတို့နဲ့ အတူ ဖေဖေ့တပည့်တစ်ဦး၏ မင်္ဂလာဆောင်သို့ သွားခဲ့သည်။ ယခင် ကျွန်မတို့နေခဲ့ဖူးသည့် မီးရထားစခန်းဝင်းထဲကို ပြန်ရောက်ခဲ့သည်။ ကျွန်မတို့နေခဲ့သည့် အိမ်နှင့် တစ်အိမ်ကျော်တွင် ပြင်ဆင်ထားသည့် မဏ္ဍပ်ကို တွေ့ရပါသည်။ ကျွန်မတို့မိသားစုကိုတွေ့သောအခါ ဗေဒါရောင် ချိတ်နှင့် လိုက်ဖက်သော ဖော့ခရစ် အင်္ကျီလက်ရှည်ကို တွဲဝတ်ကာ ခရမ်းရင့်ရင့် ပုဝါကို ခြုံလွှမ်းထားသည့် ပိန်ပိန်သွယ်သွယ် အဒေါ်ကြီးတစ်ယောက်က မဏ္ဍပ်ထဲက အပြေးထွက်ကာလာကြိုပါသည်။ ပွဲထိုင်မိတ်ကပ်လိမ်းထားသည့် မျက်နှာကို ပထမဆုံးမြင်ဖူးခြင်းလည်း ဖြစ်ပါသည်။ ကျွန်မတို့အိမ်တွင် ပွဲထိုင်မိတ်ကပ် မဆိုထားနှင့်သာမန် လိမ်းချယ်သော မိတ်ကပ်ဗူးကိုတောင် ပွဲထိုင်သွားမှသာ မေမေက လိမ်းချယ်လေ့ရှိရာ ထူးဆန်းစွာ လှပနေသော အဒေါ်ကြီးကို ကျွန်မငေးကြည့်ရင်း မှတ်မိသွားပါသည်။ ဖေဖေက မေရီမြင့်ဟု ခေါ်သေ အဒေါ်ကြီးပဲ ဟု မှတ်မိသွားသည်။ (နောက်ပိုင်း ကာလတွေမှာ မေရီမြင့်ဓာတ်ပုံကို မဂ္ဂဇင်းများထဲတွင် တွေ့သောအခါ ဖေဖေ့တပည့်၏ ဇနီး ထိုအဒေါ်ကြီးနှင့်အမှန်တကယ်တူကြောင်း ကျွန်မ လက်ခံရပါသည်။)
ကျွန်မတို့မိသားစု မဏ္ဍပ်ထဲမှာ ဝင်ထိုင်ချိန်မှာ အခြားဧည့်သည်များရောက်လာသဖြင့် အဒေါ်ကြီးက အပြေးအလွှား ထွက်ကြိုပြန်သည်။ ဖေဖေလည်း ထိုင်နေရာက ထကာ သွားရောက်နှုတ်ဆက်ပါသည်။ေ ဖဖေ့ အထက်က အရာရှိဟုဆိုသော်လည်း အိမ်သို့လာလျှင် မေမေက ဖော်ဖော်ရွေရွေပြောလေ့မရှိသည့်လူကြီးနှင့် သူ့အငယ်ဆိုသောအဒေါ်လှလှတစ်ယောက်ရောက်လာခြင်းပင်။ ထိုအဒေါ် ဝတ်ဆင်သော ပုံစံများကို နောက်တော့ မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးပါသည်။ဟောလိဝုဒ်မင်းသမီး အော်ဒရေးဟက်ဘန်းရဲ့ စတိုင်အတိုင်းဟု ပြောရမည်။ ကျွန်မတို့အိမ်ကို လာလျှင် လင့်ရှိုဗာကားပေါ်က မဆင်းပဲ စတိုင်လေးနဲ့ ထိုင်နေတတ်တဲ့ အဒေါ်ကြီးပေါ့။ ဖေဖေက ဧည့်ခံပွဲပါတီပွဲများကို သူတို့နှင့်အတူ သွားပေမယ့် မေမေကတော့ အငယ်နှင့်အတူ မတွဲနိုင်ဟုဆိုကာမလိုက်တတ်ပေ။
အမှန်စင်စစ် မေမေသည် ဤမင်္ဂလာဆောင်အခမ်းအနားသို့ လာချင်ပုံမရ။ ဖေဖေ့ တီးတိုးစကားသံကို မကြားရသော်လည်း မေမေခေါင်းခါသည်ကို ကျွန်မမြင်ခဲ့သည်။ ထို့နောက် ဖေဖေက မင်္ဂလာဆောင်တစ်ခုသွားမယ် ပြီးရင် တိရစ္ဆာန်ရုံသွားကြမယ်ဟုဆိုပါသည်။ ကျွန်မတို့မောင်နှမတွေအားလုံးပျော်နေကြသော်လည်း မေမေ့မျက်နှာက စိတ်မကောင်းဖြစ်နေသည့်ပုံ ပေါ်လွင်နေပါသည်။ အစားအသောက်များမဖိတ်မစဉ်အောင် စားဖို့မှာကြားနေချိန်မှာပဲပြုံးကာပြောသည်။ ကျွန်မတို့ မုန့်စားနေတုန်း(အုန်းနို့ခေါက်ဆွဲ ထင်သည် ။ သတို့သား သတို့သမီးက မဏ္ဍပ်ထဲသို့ ဝင်လာကာ ဧည့်သည်များကို လိုက်လံနှုတ်ဆက်ပါသည် ။ ကျွန်မလည်း သမင်လည်ပြန်လှည့်ပြီး ကြည့်လိုက်သောအခါ သတို့သားဝတ်စုံဝတ်ထားသည့် ဖေဖေ့တပည့်ဦးလေးကြီးကို နဘေးမှာ သတို့သမီးဝတ်စုံဝတ်ထားသော အစ်မတစ်ယောက်နှင့် အတူတွေ့လိုက်ရပါသည်။ မေရီမြ င့်နှင့် တူသော အဒေါ်ကြီးက သူ့ယောက်ျားနောက်ထပ်မိန်းမတစ်ယောက် ယူတာကို ပြုံးပြီးကြည့်လို့ ။ ကျွန်မအသက် ၇နှစ်အရွယ်မှာပထမဆုံးတက်ရောက်ခွင့်ရသောမင်္ဂလာအခမ်းအနားသည် မယားကြီး ၏ ခွင့်ပြုချက်ဖြင့်နောက်ထပ်မယားယူခဲ့သော မင်္ဂလာပွဲ။ မယားကြီးက သူ့ခင်ပွန်းကို ကိုယ်တိုင်မင်္ဂလာဆောင်ပေးသော အခမ်းအနားပင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...