Sunday, October 11, 2015

အရောင်များဖြင့် အသံသင်ခြင်း

ဒီဆောင်းပါးက အင်္ဂလိပ်ဘာသာစကား သင်ကြားသင်ယူနေသူ၊ အထူးသဖြင့် အင်္ဂလိပ်အသံထွက် သင်ကြားသင်ယူနေသူ ဆရာဆရာမများ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ပါတယ်။
ဘာသာစကားတစ်ခုကို လေ့လာသူတွေအတွက် အသံထွက်မှန်မှန် စနစ်တကျ ထွက်တတ်စေဖို့ဆိုတာ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ အသံထွက်နဲ့စပ်လျဉ်းတဲ့ အစွန်းနှစ်ပါးကို သတိထားကြဖို့တော့ လိုပါမယ်။
(၁) ပထမအစွန်းက အသံထွက်ဆိုတာ ဘာမှ အရေးမကြီးလှ၊ တို့က မြန်မာပြည်ကပဲ ငပိသံနဲ့ထွက်မှာပဲ ဘူးယို (ဘိုရူး) မဖြစ်ချင်ပါဘူး … ဖတ်တတ်ရေးတတ်တာပဲ … ဘာသာစကားရဲ့ ကျေးကျွန် အဖြစ်မခံနိုင်ဘူး ဆိုတဲ့ အစွန်းရယ်။
(၂) အမေရိကန်သံ အင်္ဂလိပ်သံ မပေါက်ပေါက်အောင် ဇွတ်ပြောရင်း လျှာခလုတ်တိုက်နေကြတဲ့ အစွန်းရယ်လို့ မြင်မိပါတယ်။



ကျွန်တော်ရဲ့ တစ်ကိုယ်ရည် အမြင်အရ ပြောရရင်တော့ စာလုံး တစ်လုံးချင်းစီရဲ့အသံကို စနစ်တကျ ထွက်တတ်အောင် အဖိအဖော့ (pronunciation and stress) မှန်မှန် ပြောတတ်အောင် လေ့ကျင့်ဖို့ရာ လိုအပ်ပြီး ဒေသအလိုက် ထွက်တတ်ကြတဲ့ လေယူလေသိမ်း accent ကတော့ ပြင်ဆင်ရန် အတော်ခက်လို့ အဲဒီအပေါ် အလွန်အမင်း အားထုတ်ရင်း အချိန်ကုန်ဖို့ မလိုအပ်တဲ့ကိစ္စရပ်လို့ မြင်မိပါတယ်။
အသံထွက် မှန်မှန်ထွက်တတ်ရေး သင်ယူဖို့ လိုအပ်တဲ့အကြောင်း အနည်းငယ် ရေးပါရစေ။
အင်္ဂလိပ်ဘာသာစကားမှာ ရေးသားဖော်ပြမှုအရဆို vowel သရ ငါးလုံးပဲ ရှိပါတယ် … a, e, i , o, u တို့ပါ။ (y နဲ့ w တို့ကို semi-vowel လို့ သတ်မှတ်ပါတယ်။) ဒါပေမယ့် သရအသံ စုစုပေါင်းကတော့ ၁၅သံလောက် ရှိလေရဲ့။ ဒီတော့ သရစာလုံးတစ်လုံးဟာ သရသံတစ်သံထက် ပိုတာပေါ့၊ အဲဒီအတွက် စာလုံးပေါင်းသက်သက် ကိုကြည့်ပြီး ဘယ်သရအရ ဘယ်အသံထွက်လိမ့်မယ်ရယ်လို့ မှန်းရတာ အင်မတန် ခက်ပါတယ်။
ဥပမာ (to , so , on , of , woman , women , work) ဒီစကားလုံးတွေမှာပါတဲ့ သရ “o” အတွက် အသံထွက်တွေ တစ်ခုနဲ့တစ်ခု မတူတာ တွေ့ရမှာပါ။
အလားတူပဲ ough ပါတဲ့ စကားလုံးတွေရဲ့အသံ တစ်ခုနဲ့တစ်ခု အတော်ကို ကွဲပြားတာလည်း အောက်မှာ တွေ့နိုင်ပါတယ်။
“tough” /tʌf/ /တဖ် - “အပ်” / ခိုင်မာသော
"though" /oʊ/ /သိုး - “အိုးဝ်”/ သော်လည်းပဲ
"through" /uː/ /သရူး -“အူးဝ်”/ ဖြတ်သန်းလျက်
“thorough” /θʌr.ə/ / သပ်ရ- “အ”/ စေ့စေ့စပ်စပ်
"thought" /ɔː/ /သောထ် - “အော”/ ထင်မြင်သည်
"cough" /ɒf/ /ကော့ဖ် - “အော့”/ ချောင်းဆိုးသည်
"bough" /aʊ/ /ဘောင်းဝ် - “အောဝ်”/ သစ်ကိုင်း
(မြန်မာအသံထွက်တွေက အနည်းစပ်ဆုံး ကြိုးစား ရေးပေးထားတာတွေပါ … ထပ်တူ မဟုတ်ပါ။)
နောက်တစ်မျိုးအနေနဲ့ ပြောရရင် dress , friend , bread , any , said စတဲ့ စာလုံးတွေမှာ အရေးအသားအရ သရတွေ ကွဲသွားပေမယ့် အသံထွက်အရ /e/ သံ တစ်ခုထဲပါ။
ဒီ့အတွက် အင်္ဂလိပ်ဘာသာသင်ကြားပေးသော ဆရာဆရာမများက မိမိတို့တပည့်များကို Phonetic Symbol (အထူးသဖြင့် IPA လို့ခေါ်တဲ့ International Phonetic Alphabets) နိုင်ငံတကာသုံး အင်္ဂလိပ်အသံထွက်အက္ခရာတွေ သင်ပေးကြရပါတယ်။
အရင်ကတော့ ဒါတွေမှ မသိထားရင် dictionary ကနေ အသံထွက် မသိနိုင်တဲ့ခေတ်ပေါ့၊ ဆရာလွတ် အသံမှန်မှန် ထွက်တတ်ချင်ရင် IPA မသိမဖြစ်။
ခက်တာက သူ့ကို သီးသီးသန့်သန့် အချိန်တစ်ခုပေး လေ့လာသင်ယူ၊ အက္ခရာအသစ်တွေကိုလည်း ရေးရမှတ်ရတာ အလုပ်တစ်ခု တိုးလာစေပါတယ်။ ကျောင်းသားများ အသံထွက်မှန်စေရေး ဘာသာရပ်တစ်ခု ထပ်တိုး သင်ကြရ … အချိန်ကြာတော့လည်း မေ့သွားကြရော .. အင်္ဂလိပ်စာ စကားနဲ့ ဘွဲ့ရထားသူတွေတောင် phonetics သင်ဖူးတယ် မမှတ်မိဘူး ဆိုတာက ခပ်များများ။ နောက်တစ်ချက်က ခုခေတ်မှာ smart phone များ computer များမှာ သုံးတဲ့ အသံထွက်ပေးတဲ့အဘိဓာန် pronouncing dictionary တွေ ပေါ်လာတော့ Phonetic symbol တွေကို ဖတ်ပြီး အသံထွက်ဖို့သင်ယူရတာ သင်ကြားရတာ အဆင်မပြေချင်လှတော့ … သိပ် စိတ်ဝင်စားစရာ မကောင်းလှတော့။



*******************************************************************
မနှစ်က October နဲ့ November 2014 မှာ ကျွန်တော် အမေရိကန် နိုင်ငံ University of Oregon မှာ ခေတ္တခဏ သင်တန်းတက်ခွင့် ရခဲ့ပါတယ်။ အဲဒီထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အသံထွက်သင်ကြားနည်းစနစ် တစ်ခုကို မျှဝေချင်ပါတယ်။ အဲဒါကတော့ အရောင်များဖြင့် အသံသင်ခြင်းပါ။ အမေရိကန်သံရုံး အင်္ဂလိပ်စာသင်ကြားရေး website မှာလည်း ဒါကို တွေ့နိုင်ပါမယ်။ Color Vowel Chart လို့ ခေါ်ပါတယ်။ Karen Taylor နဲ့ Shirley Thompson ဆိုတဲ့ အမျိုးသမီးနှစ်ယေက် စတင် တီထွင်ခဲ့တဲ့ သင်ကြားနည်း … သင်ရိုးထောက်ကူ တစ်ခုပါ။
ဒီစနစ်အရ IPA သင်္ကေတများကို ကျောင်းသားများ မှတ်ကြရမယ့်အစား သရသံတိုင်းကို အရောင်များရဲ့ အသံနဲ့ မှတ်ခိုင်းတာပါ။
ဥပမာများကို ကြည့်ကြည့်ပါ။
Green Tea မှာ နှစ်ခုလုံးရဲ့ အသံက / iː - အီး/ ဆိုတဲ့အသံ၊
Silver Pin မှာ နှစ်ခုလုံးရဲ့ အသံက /ɪ - အစ်/ ဆိုတဲ့အသံ၊
Grey Day မှာ နှစ်ခုလုံးရဲ့ အသံက / eɪ - အဲအိ (အေး) / ဆိုတဲ့အသံ၊
Red Dress မှာ နှစ်ခုလုံးရဲ့ အသံက /e - အက်/ ဆိုတဲ့အသံ၊
Black Cat မှာ နှစ်ခုလုံးရဲ့ အသံက / æ - အယ့်/ ဆိုတဲ့အသံ၊
White Tie မှာ နှစ်ခုလုံးရဲ့ အသံက /aɪ - အအိ = အိုက်/ ဆိုတဲ့အသံ၊
Purple Shirt မှာ နှစ်ခုလုံးရဲ့ အသံက /ɜː - အား/ ဆိုတဲ့အသံ၊ (နှုတ်ခမ်းစေ့လျက် အသံထွက်ရသည် … မြန်မာသံတွင် မရှိပါ။)
A Cup of Mustard မှာ နှစ်ခုလုံးရဲ့ အသံက / ʌ - အ = အပ်/ ဆိုတဲ့အသံ၊
Olive Sock မှာ နှစ်ခုလုံးရဲ့ အသံက / ɑː သို့မဟုတ် ɒ - အော့/ ဆိုတဲ့အသံ၊ (အမေရိကန်နှင့် ဗြိတိသျှအသံ အနည်းငယ် ကွဲ)
Blue Moon မှာ နှစ်ခုလုံးရဲ့ အသံက /uː - အူး/ ဆိုတဲ့အသံ၊
Wooden Hook မှာ နှစ်ခုလုံးရဲ့ အသံက /ʊ - အွတ်/ ဆိုတဲ့အသံ၊
Rose Coat မှာ နှစ်ခုလုံးရဲ့ အသံက / əʊ သို့မဟုတ် oʊ - အိုးအု = အိုးဝ်/ ဆိုတဲ့အသံ၊
Brown Cow မှာ နှစ်ခုလုံးရဲ့ အသံက / aʊ - အအု = အောက်ဝ်/ ဆိုတဲ့အသံ၊
Auburn Dog မှာ နှစ်ခုလုံးရဲ့ အသံက / ɔː သို့မဟုတ် ɑː - အော/ ဆိုတဲ့အသံ၊
Turquoise Toy မှာ နှစ်ခုလုံးရဲ့ အသံက / ɔɪ - အောအိ/ ဆိုတဲ့အသံ … စတာတွေကို သတိထားမိမှာပါ။



ဒီစနစ်အရ အသံတွေကို အရောင်နဲ့မှတ်ရတာဟာ IPA သင်္ကေတတွေကို မှတ်ရတာထက်စာရင် ပို လွယ်တာ သတိပြုမိပါလိမ့်မယ်။
IELTS ဖြေဆိုမယ့်ကျောင်းသားတွေကို လေ့ကျင့်ပေးရာမှာ ဥပမာ Cambridge Vocabulary for IELTS လို စာအုပ်တွေမှာလည်း IPA ကို အခြေခံကာ စာလုံးတွေကို အသံနဲ့ အုပ်စုခွဲခိုင်းတာမျိုး ပါပါတယ်။ အသံထွက်မှန်မှန် ထွက်တတ်စေဖို့ရယ်၊ နောက်တစ်ချက်က listening skill အကြားစွမ်းရည် တိုးတက်စေဖို့ရယ် ရည်ရွယ်တာပါ။ ဒါပမယ့် အဆင့်မြင့် advanced level ရောက်နေတဲ့ အင်္ဂလိပ်စာလေ့လာသူတွေတောင် IPA တွေ မှတ်ရင်း အချိန်ကုန်တာ တွေ့ရပါတယ်။
Color Vowel Chart အရဆိုရင် အသံထွက်မှန်သမျှကို အရောင်နဲ့ ခွဲလိုက်တာပါ။ ဥပမာ
BLUE MOON ဆိုတဲ့ အသံအောက်မှာ True, soup, cool, newspaper, musical စတဲ့ စာလုံးတွေ ပါပါမယ်။
တစ်ခု သတိထားစေချင်တာက syllable တစ်ခုထက်ပိုတဲ့ (တစ်သံထက်ပိုတဲ့) စာလုံးတွေအတွက်ဆို အဓိက ဖိသံပေးရတဲ့အသံ primary stress အတွက်ကို အရောင်အုပ်စုအလိုက် တူရာစုတာပါ၊
ဒီ ဥပမာကို ကြည့်ရင် ဆိုလိုရင်းကို သဘောပေါက်မယ် ထင်ပါတယ်။
Newspaper ဆိုတဲ့စကားလုံးမှာ အသံ သုံးသံပါပါတယ်။ /njuːz သို့မဟုတ် nuːz - နျူးဇ် - နူးဇ်/ ရယ် /peɪ - ပက်အိ (ပေး)/ ရယ် /pə- ပ/ ရယ်ပါ။ အဲဒီ သုံးသံထဲက ပထမဆုံးအသံကို ဖိ ဆိုရတာပါ။ /ˈnjuːzˌpeɪ.pə/ ရယ်လို့ IPA က ပြပါတယ်။ သူ့ရဲ့ အဓိက ဖိ ဆိုရာ အသံက နျူးဇ် ဖြစ်တော့ သူသည် BLUE MOON ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝင်ပါတယ်။
သင်ခန်းစာတိုင်းမှာပါတဲ့ ဝေါဟာရများရဲ့ အသံထွက်များကို အရောင်များအလိုက် ခွဲခြား မှတ်နိုင်စေဖို့ ဇယားကွက်လေးတွေဖြစ်စေ poster တွေဖြစ်စေ သုံးနိုင်ပါတယ်။


ရှေ့ပိုင်းမှာ မမှတ်မိသေးခင် ခေါင်းစဉ်အလိုက် အရောင်များကိုပါ ထည့်သွင်း ရေးခြယ်ပြီး ဇယားကွက် သတ်မှတ်ပေးဖို့လိုပေမယ့် နောက်ပိုင်း အကျင့်ရသွားရင် ခေါင်းစဉ်သက်သက် အရောင်ထည့်သွင်းရေးခြယ်ခြင်း မလိုတော့ဘဲ အသုံးချနိုင်ပါလိမ့်မယ်။
ဥပမာအနေနဲ့ လက်တွေ့ စာသင်ခန်းထဲမှာ အသုံးချပုံ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။






ဆရာများအတွက် သင်ကြားနည်းလမ်းညွှန် အသေးစိတ်ကိုလည်း အောက်မှာ link အနေနဲ့ ဖော်ပြပေးထားပါတယ်။ pdf စာအုပ်အနေနဲ့ download ရယူနိုင်ပါတယ်။
အခန်းတွင်း poster အနေနဲ့ သုံးစရာအတွက်လည်း pdf link မကြာခင် ထပ် တင်ပေးပါမယ်။
အသေးစိတ် သိချင်သေးရင် webinar အစီအစဉ်တွေကိုလည်း တက်လိုရ … download လုပ်လို့ရပါတယ်။
အင်္ဂလိပ်စာ သင်ကြားသင်ယူနေကြသူများအတွက် တစ်စုံတစ်ရာ အကျိုးရှိမယ် မျှော်လင့်ပါတယ်။
အင်္ဂလိပ်ဘာသာစကား အသံထွက်မှန်မှန် ပီပီသသ ထွက်နိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...