Wednesday, September 16, 2015

တစ်လင်တစ်မယားစနစ် မြန်မာပြည်မှာ ရှိသင့် မရှိသင့် ဘာသာရေးရှုထောင့်မှ လေ့လာသုံးသပ်ခြင်း


ယခု ရက်ပိုင်းအတွင်း ပြည်သူတွေအကြား ဆူညံသံတွေ ကြားနေရ၍ သတင်းများကိုဖတ်၍ အခြေအနေကို လေ့လာကြည့်မိတယ်။ အကျယ်လောင်ဆုံးဗွိုက်စ်က လွန်ခဲ့သော နှစ်နှစ်ကျော်ခံ့က သံဃာတော်များနှင့် အမျိုးသားရေးစိတ်ရှိကြသော ဒကာ၊ ဒကာများ အတူပူးပေါင်းလျှက် တိုင်းပြည်နှင့်လူမျိုးအတွက် မရှိမဖြစ်လိုအပ်သော မျိုးစောင့်ဥပဒေ ၄-ခုကို ပြည်ထောင်စုလွတ်တော်သို့ တင်သွင်းခဲ့ကြတယ်။
ထိုမျိုးစောင့်ဥပဒေ ၄မျိုးထဲက နောက်ဆုံးတစ်ခုဖြစ်တဲ့ "တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ" ကို သြဂုတ် ၃၁ ရက်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး၍ အပြီးသတ် ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့် ထိုဖြစ်ရပ် အပေါ်မှာ ကျေနပ်သံတွေရော၊ မကျေနပ်သံတွေပါ ပဲ့တင်ထပ်လို့ ညံနေတော့တယ်။ ဒီဥပဒေကို ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပရှိ မြန်မာလူမျိုးများရဲ့ အသံတွေကလည်း ပိုပြီးကျယ်လောင်လာပြန်တယ်။ အမျိုးသားရေးစိတ်ကြောင့်လား၊ အမျိုးသမီးရေး စိတ်ကြောင့်လား ဝေခွဲမရနိုင်အောင် ဖြစ်မိတယ်။

လွန်ခဲ့သောတစ်နှစ်ခန့်က "နိုင်ငံတော်မှ ထုတ်ပြန်ထားသော တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို လေ့လာသုံး သပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ်ကို သမဂ္ဂစာစောင်မှာပင် ရေးသားခဲ့ဖူးတယ်။ ယခုလည်း ဒီဥပဒေနှင့်ပင် ပတ်သက်၍ ပြည့်သူ့အသံတွေ ကျယ်လောင်လာတာကြောင့် ̏တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ" ပြဋ္ဌာန်းပေးမှုကို ဘာသာရေး ရှုထောင့်မှနေ၍ လေ့လာသုံးသပ် တင်ပြချင်တယ်။
ပြည်တွင်း၊ ပြည်ပမှာရှိနေကြတဲ့ ပြည်သူ၊ ပြည်သားအချို့ဟာ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ရဟန်းသံဃာတော်များအပေါ်မှာ အတော်ကြီးကို အထင်အမြင်တွေ လွဲမှားနေတာကို တွေ့ရတယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမျိုးဆိုတာ အိမ်ထောင်သားမွေးမှုနှင့် ပတ်သက်သော ဥပဒေမျိုးဖြစ်၍ ရဟန်းသံဃာတွေနှင့် ဘာဆိုင်လို့လဲလို့ အထင်ရှိပြီး အမြင်လွဲမှားစွာဖြင့် အပြစ်တင်လိုကြတယ်။ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားချက်ကို ဖေါ်ပြရလျှင် - ̏မြန်မာဗုဒ္ခဘာသာဝင်တွေရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ သံဃာတွေ ၀င်စွက်ဖက်လို့ မရပါဘူး။ သံဃာတွေဟာ လက်ထပ်ပေးခွင့် မရှိသလို၊ ကွာရှင်းပြတ်စဲ ပေးခွင့်လဲ မရှိပါဘူး" တဲ့။ သူပြောတဲ့အနေအထားက သူ့အတွက်တော့ မှန်ကောင်းမှန်နိုင်တယ်လို့ဆိုနိုင်ပေမယ့် "ကြွက်မနိုင် ကျည်မီးနဲ့ရှို့" နေတဲ့ သဘောမျိုးတော့ သက်ရောက်နေတယ်။
မိမိဘ၀တစ်လျှောက်လုံးမှာ ရွာနိဂုံး မင်းနေပြည်တော်နှင့် ကမ္ဘာ့နိုင်ငံအတော်များများကို ရောက်ခဲ့ဘူး ပါတယ်။ ဖြတ်သန်းခဲ့ဘူးတဲ့ မြို့ ရွာတစ်လျှောက်၊ မြန်မာနိုင်ငံတစ်လျှောက်၊ ကမ္ဘာနိုင်ငံများတစ်လျှောက် သံဃာတော်များကိုယ်တိုင် လက်ထပ်ထိမ်းမြားပေးတဲ့ပွဲမျိုးကို တစ်ခါမှ မတွေ့ဘူးခဲ့သလို၊ ကွာရှင်းပြတ်စဲခြင်းပွဲ မျိုးကိုလည်း တစ်ခါမှ မတွေ့ခဲ့ဘူးသေးပါ။
အမေရိကန်မှာနေစဉ်၊ မလေးရှား မှာနေစဉ် ဘာသာရေးထုံးစံအရ ဘာသာ သာသနာကို သက်ဝင်ယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်များသည် လောကီကိစ္စဆိုင်ရာ လက်ထပ် ထိမ်းမြားခြင်းမင်္ဂလာကို အကြောင်းပြု၍ အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ မင်္ဂလာဆွမ်းများ ဆက်ကပ်လှူဒါန်းမှုကို အကြိမ်ကြိမ်အဖန်ဖန် လက်ခံ၍ မင်္ဂလာဆွမ်းများကို ဘုန်းပေးခဲ့ရဖူးပါတယ်။ သို့သော် မင်္ဂလာအခမ်းအနားနှင့် ပတ်သက်၍ ပြည်သူအများစု သိထားပြီးဖြစ်တဲ့အတိုင်း ရဟန်းသံဃာတော်များ၏ အခန်းကဏ္ဍသည် သံဃာတော်များကိုယ်တိုင်က လက်ထပ်ထိမ်ြး မားပေးခြင်းမျိုးမဟုတ်ဘဲ ကြင်ဦးစ ဇနီးမောင် နှံတို့အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားစကားများကို ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးစီးပွားများကို ရရှိနိုင်စေဖို့အတွက် မေတ္တာဖြင့် ဟောပြောပေးကြတယ်။
ထိုသို့ဟောပြောပေးကြရာမှာလဲ လက်ထပ်ထိမ်းမြားခြင်းကို သံဃာတော်များက ၀င်ရောက်စွက်ဖက်တာမျိုးမဟုတ်ပဲ ကြင်ဦးစ ဇနီးမောင်နှံတို့အား သူတို့လျှောက်လှမ်းရမည်ဖြစ်သော အနာဂတ်ဘ၀များကို အိမ်ထောင်မှုချမ်းသာသုခများနှင့် ပြည့်စုံနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး မထေမဲ့မြင် မပြုမိအောင် (အိမ်ထောင်သည်ဘ၀မျိုးနှင့် ကိုယ်ထင်ရာ ကိုယ်မစိုင်းရအောင်) တရားစကား ပြောကြားပေးကြတယ်။ နောက်ပြီး အကြင်လင်မယားဘ၀ မရောက်ခင်က တစ်ဦးကိုတစ်ဦး ပေးထားတဲ့ကတိက၀တ်နှင့် ကတိသစ္စာများကို မဖေါက်ဖျက်ကြဘဲနဲ့ ငါးပါးသီလ၊ သို့မဟုတ် ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းကြလျှက် ဗြဟ္မစိုရ်ပါသော သံယောဇဉ် အချစ်မျိုးနှင့် နေထိုင်သွားကြဖို့ ဆုံးမစကားကို ပြောကြားပေးကြခြင်းဖြစ်တယ်။ "၀မ်းဘဲဟင်္သာ ချောင်းကိုပြစ်၍ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့" ဆိုတဲ့ ကာမသုခလ္လိက အကျင့်သဘောမျိုးသို့ သက်ရောက်မသွားရအောင်လည်း သတိတရားထားကြဖို့ ဟောရပြောရပြန်တယ်။
ဒီလိုပြုလုပ်ပေးခြင်းဟာ သံဃာတော်များက ကြင်ဦးစ ဇနီးမောင်နှံတို့၏ အကျိုးစီးပွားကို ဖျက်ဆီးနေခြင်းမဟုတ်ဘဲ တရားနှင့်အညီ ကူညီစောင့်ရှောက်ပေးနေခြင်းသာ ဖြစ်တယ်။ သို့သော် သဒ္ဓါဓာတ်ခံ အားနည်းသူများအတွက်တော့ သံဃာတော်များရဲ့ မေတ္တာ စေတနာများကို နားလည်သဘောပေါက်နိုင်ကြမည် မဟုတ်ပါ။
သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားကို လိုလားတော်မူသော သဗ္ဗညုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် သတ္တ၀ါတွေကို တွေ့တဲ့အခါတိုင်း၊ ဝေနေယျတွေကို တရားဟောတဲ့အခါတိုင်း သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်စကားကိုချည်း အမြဲတမ်း ဟောနေသည်မဟုတ်ပါ။ ရဟန်းသံဃာတော်တို့အားလည်း အလားတူပင် နိဗ္ဗာန်စကားကိုချည်း ဟောပြောပေးဖို့ တိုက်တွန်း ခဲ့ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ̏လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏၊̋ ဆိုသော လောကနိယာမသဘောကို မြတ်စွာဘုရားရှင် မသိဘဲ ရှိမည်မဟုတ်ပါ။ ထိုကြောင့် အချို့သောနေရာများ၌ လောကတ္ထစရိယ (လောကအတွက် အကျိုးများရာ များကြောင်း)၊ ဥာတတ္ထစရိယ (အမျိုးသားရေးဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီးများအတွက် အကျိုးများရာ များကြောင်း) တရားများကိုလည်း အလျဉ်းသင့်တဲ့အခါ၊ သင့်တင့်လျှောက်ပတ်တဲ့အခါမျိုးတွေမှာ ဟောကြားပေးကြဖို့ နည်းပေးလမ်းညွှန်ပြုထားခဲ့ပါတယ်။
ဥပမာ၊ အိမ်ထောင်သည်ဘ၀များ၏ ဘ၀ပြဿနာများနှင့်ဆိုင်သော စန္ဒကိန္နရီဇာတ်၊ ဆဒ္ဒန်ဆင်မင်း ဇာတ်၊ မုဒုလက္ခဏဇာတ်၊ အဿကဇာတ်စတဲ့ ဇာတ်တော်များသည် ချစ်ကြိုးသွယ်တန်းထားကြသော အိမ် ထောင်သည်တို့၏ ချစ်ခြင်းမေတ္တာကို ဖေါ်ကျူးထား သည့် ဇာတ်တော်များဖြစ်ကြတယ်။ ဇာတ်တော်များကို ကောက်ချက်ချကြမည်ဆိုလျှင် ၅၅၀ ဇာတ်တော်များထဲမှ သုံးချိုးတစ်ချိုးသော ဇာတ်တော်များသည် အကြင် လင်မယား (တိရစ္ဆာန် ဖိုမများအပါအ၀င်) တို့နှင့် ဆက်စပ်သော တရားတော်များဖြစ်ကြပြီး၊ ကာမဂုဏ် ခံစားမှုမျိုး၌ အစွန်းရောက်သွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆင်းရဲမှုများ၊ စိုးရိမ်ပူပန်မှုများမှ သက်သာရာ ရရှိနိုင်စေရန် ဟော ကြားတော်မူခဲ့သော တရားတော်များဖြစ်တယ်။
သုတ္တန်တရားတော်တွေထဲမှာလည်း သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ်၊ နကုလသုတ်စသော သုတ္တန်များသည်လည်း အိမ်ထောင်မှုဆိုင်ရာ တရားတော်များကို ထည့်သွင်းဟောကြားထားတာကို တွေ့ရတယ်။ ဇနီးမောင်နှံများ လိုက်နာသင့်သော လင်ကျင့်ဝတ် ၅-ပါး၊ မယားကျင့်ဝတ် ၅-ပါး စသော တရားမျိုးတွေကိုလည်း ဟောကြားထားခဲ့တယ်။ လင်ကျင့်ဝတ်ငါးပါးမှာ - "မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား (မိမိမယားမှလွဲ၍ အခြားမိန်းမများနှင့် မဖေါက်ပြားရန်)၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ" လို့ အတိအလင်း ထုတ်ဖေါ် ဟောပြထားခဲ့တာကြောင့် အိမ်ထောင်မှုဆိုင်ရာများအတွက် ဓမ္မ၀ိနယနှင့်အညီ ရဟန်ုးသံဃာတော်များက ဓမ္မစက်ဖြင့်တည်အောင် ဒကာ၊ ဒကာမများအား ဟောကြားပေးရပါတယ်။ ဓမ္မစက်ဖြင့် အကျိုးမသက် ရောက်နိုင်သော အချို့သောကိစ္စမျိုး၊ အချို့သောပုဂ္ဂိုလ်များတွေအတွက် အာဏာစက်ဖြင့် ဟန့်တားနိုင်အောင် ဒကာ၊ ဒကာများ၏ အကျိုးစီးပွားကို စောင့်ရှောက်ပေးသောအားဖြင့် မျိုးစောင့်ဥပဒေ ၄-ရပ်ကို ပြဋ္ဌာန်းပေးနိုင်အောင် ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တယ်လို့ စာရေးသူအနေနှင့် ဒီလိုပဲ ထင်မြင်ယူဆမိတယ်။
သံယောဇဉ်လို့ခေါ်နိုင်တဲ့ နှောင်ကြိုးတမျှင်ကြောင့် နှစ်ကိုယ်ကြား မခွဲနိုင်၊ မခွါနိုင်အောင် ချစ်ခဲ့ကြသော နကုလပိတာဒကာကြီးနှင့် နကုလမာတာဒကာမကြီးတို့ နှစ်ယောက်ကို ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မ နှင့်ပတ်သက်၍ တရားတော်၌ သဒ္ဓါတရား မသက်ရောက်နိုင်သော ပုဂ္ဂိုလ်မျိုးတွေအတွက်ဆိုလျှင် နားလည်မှုများပင် လွဲသွားနိုင်တယ်။ နကုလပိတာ ဒကာကြီးက ဘုရားရှင်ကို လျှောက်ထားခဲ့သည်မှာ -
̏ဘုန်းတော်ကြီးမားတော်မူသော မြတ်စွာဘုရား … တပည့်တော်သည် နကုမာတာကို ထိမ်းမြား လက်ထပ်ပြီး အကြင်လင်မယား အဖြစ် ပေါင်းသင်းလာခဲ့တဲ့အချိန်မှစ၍ သူအပေါ်မှာ သစ္စာစောင့်စည်းလျှက် ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်လာလျှင် အမဲစက်တစ်စက်မျှပင် မထင်ရအောင် နေထိုင်ပြီး ပေါင်းသင်းလာခဲ့ပါတယ်ဘုရား။ တပည့်တော်သည် အခြားမိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ပြစ်မှားကျူးလွန်ဖို့ နေနေသာသာ စိတ်ထဲကပင် မပြစ်မှားခဲ့မိပါဘုရား။ တပည့်တော်သည် နကုလမာတာကို ဒီဘ၀မှာလည်း သေတပန် သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းချင်ပါတယ်။ နောက်ဘ၀သံသရာ အဆက်ဆက်မှာလည်း နိဗ္ဗာန်ရသည့် တိုင်အောင် သူနှင့်ပြန်လည်ရေစက်ဆုံချင်ပါတယ်။ ထိုကြောင့် တပည့်တော်သည် သူနှင့်အတူ ဒီဘ၀၊ နောင် ဘ၀များပါမက နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင် တစ်လင်တစ်မယားအဖြစ်မျိုးနှင့် ရေစက်ဆုံနိုင်ကြောင်း တရားများကို ဟောကြားတော်မူပါဘုရား̋ လို့ လျှောက်ထားတယ်။ နကုလမာတာ ဒကာမကြီးကလည်း အလားတူပင် ဘုရားရှင်ကို လျှောက်ထားပြန်တယ်။
ဒီလိုအိမ်ထောင်ရေးကိစ္စတွေကို ပွင့်ပွင့်လင်းလင်း လျှောက်ထားလာတော့ မြတ်စွာဘုရားက - ဒကာကြီး၊ ဒကာမကြီးတို့နှစ်ယောက် ဒီဘ၀မှာလည်း ရာသက်ပန် ရိုးမြေကျ ပေါင်းနိုင်ဖို့၊ နောင်ဘ၀ သံသရာ အဆက်ဆက်မှာလည်း နိဗ္ဗာန်ရသည့်တိုင်အောင် တစ်လင် တစ်မယားအဖြစ်မျိုးနဲ့ ပေါင်းသင်းလိုကြတယ်ဆိုရင် -
နံပတ် (၁) သဒ္ဓါတရား တူညီရမယ်၊ (ဆိုလိုတာက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးနှင့် ကံ၊ ကံရဲ့ အကျိုးတရားများအပေါ်မှာ သက်ဝင်ယုံကြည်မှုခြင်းတူရမယ်။ နံပတ် (၂) သီလလုံခြုံရမယ်၊ (ဆိုလိုတာက ကိုယ် ကျင့်သိက္ခာ (ကံငါးပါး) နှင့်စပ်လျဉ်းပြီး ဖေါက်လွဲဖေါက်ပြန် ပြုမှုတွေကို မပြုလုပ်မိကြဖို့ တိုက်တွန်းလိုခြင်းဖြစ်တယ်)။ နံပတ်(၃) ပေး ကမ်းချင်စိတ် ရှိတာခြင်း တူရမယ်၊ (အိမ်ထောင်သည်ဘ၀ဆိုတာ စိတ်ဝင်စားမှုတွေက တစ်ယောက်နှင့်တစ်ယောက် တစ်ထပ်တည်း နေရာတိုင်းမှာ မတူညီနိုင်ကြလေတော့ ပေးမှု၊ ကမ်းမှု၊ လှူမှု၊ ဒါန်းမှုတွေအပေါ်မှာ နှစ်ဦးသဘော တူညီမှုကို ဦးစွာရယူပြီးမှ ပေးလှူတာမျိုးကို ပြုလုပ်ဖို့လိုတယ်လို့ ဆိုလိုရင်း ဖြစ်တယ်)။ နံပတ် (၄) အသိဥာဏ်ခြင်းကလည်း ကုသိုလ်ဖြစ်ရေး၊ အပြစ်ကင်းစင်ရေးကိစ္စတို့၌ နားလည်းမှုများ တူညီရမယ်၊ (ဆိုလိုတာက အိမ်ထောင်ရေးမှာ ဘယ်လိုကိစ္စမျိုးမဆို နားလည်မှုလွဲရင် တစ်ပြစ်တောက်တောက်နှင့် ချမ်းသာသုခကို မရနိုင်တော့တာမို့ မီးနီမပြမီ ဥာဏ်နှင့်ယှဉ်နိုင်ဖို့ လိုတယ်လို့ ဟောလိုရင်း ဖြစ်တယ်)။ ဒီတရားလေးပါးနှင့် ပြည့်စုံအောင် ဒကာကြီး၊ ဒကာမကြီးတို့ ကြိုးစားကြပါ။ ဤကဲ့သို့ ကြိုးစား နေထိုင်ခြင်းဖြင့် ဒကာကြီး၊ ဒကာမ ကြီးတို့ဆန္ဒတွေ ပြည့်ဝပါလိမ့်မည်လို့ ဘုရားက ဟောခဲ့တာပါ။
သို့သော် တိုင်းသူ၊ ပြည်သားများ အကျိုးရှိမဲ့အလုပ်ကို ညွှန်ကြားတော်မူတဲ့၊ ဘုရားဟော တရားတော်များကို မဆန့်ကျင်ဘဲ မျိုးစောင့်ဥ ပဒေ ၄မျိုးကို ဆောင်ရွက်ပေးခဲ့ကြတဲ့ ရဟန်းသံဃာတော်များကို ပြည်သူလူထု အချို့က အထင်အမြင် လွဲမှားမှုတွေ ဖြစ်နေကြတာဟာ အမျိုးသားရေးအတွက် အန္တရာယ်တွေ ဖြစ်လာနိုင် တယ်။ သတိတရားများ ထားနိုင်ကြဖို့ပါ။
ပြည်သူတွေမှာ သတိလက်လွတ် ဖြစ်သွားရခြင်း၏ အကြောင်းတရားတွေ များစွာရှိနေနိုင်ခြင်းပါ။ အဲဒီအကြောင်းတွေထဲက အများ ဆုံးဖြစ်နိုင်စရာ အကြောင်းတွေက -
နံပတ်(၁) မမှန်ကန်တဲ့ သတင်းမှားများကို သတင်းမီဒီယာများက ကျယ်ကျယ်လောင်လောင် ပြု လုပ်နိုင်ကြတဲ့အတွက်ကြောင့် ပြည်သူတွေ နားရောင်သွား တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နံပတ်(၂) ဒီမိုကရေစီကို ကိုယ်စားပြုနိုင်တဲ့ အက်သစ်ခ် (Ethics) စွမ်းရည်များ အားနည်းခြင်းကြောင့်လည်း (ပြည်သူ့နီတိကို လေ့လာမှု၌ အားနည်းမှုများ ရှိနေခြင်းကြောင့် လည်း) ဖြစ်နိုင် တယ်။ နံပတ် (၃) နိုင်ငံအတွက် အသက်တမျှ အရေးကြီးသော နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေး ဤသုံးပွင့်ဆိုင် အရေးသုံးပါး၌ ပြည်သူများက သမိုင်းဘာသာရပ်ဆိုင်ရာ အသိတရားများေ၀၀ါးရှုပ်ထွေးနေခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ နံပတ် (၄) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ်၌၊ သို့မဟုတ် နိုင်ငံရေးတစ်သင်း တစ်ဖွဲ့အပေါ်၌ အမြင်မကြည်လင်မှုများ တစ်နေ့တစ်ခြား များပြားလာတာကြောင့် ထိုအမြင် မကြည်လင်မှုကို အကြောင်းပြု၍ ပါးနပ်သူတို့၏လှဲ့ကွက်ဖြင့် သံဃာတော်များအပေါ်၌ အပြစ်များကို စုပုံပစ်တင်ပြီး စွပ်စွဲပြောဆို နေမှုတွေကြောင်းလည်း ဖြစ်နိုင်တယ်။ နံပတ် (၅) သံဃာတော်များ၏ အမျိုးသားရေး ဆောင်ရွက်ချက်များကို သိနိုင်ရန် သမိုင်းမှတ်တမ်းများကို ပြန်လည်သုံးသပ်မှုများ မပြုနိုင်ကြခြင်း၊ လေ့လာအားထုတ်မှုပိုင်း၌လည်း အားနည်းနေနိုင်ခြင်းနှင့် နိုင်ငံနှင့် လူမျိုးအပေါ်၌ စောင့်ထိန်းရမည်၊ စောင့်ရှောက်ရမည်ဖြစ်သော အမျိုးသားရေးဆိုင်ရာ သင်ပုန်းကြီးကို မကျေညက်ခဲ့ခြင်း စသော အကြောင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နံပတ် (၆) မိမိအတွက် ငွေးကြေးဓနများ ရမည်ဆိုလျှင် ဘယ်အရာမျိုးမဆို လုပ်ရဲတဲ့ မြန်မာအချို့ရဲ့ စိတ်ဓာတ်များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဤသို့စသည်ဖြင့် ကောလဟ လသတင်းတွေနှင့် ထင်ရာ၊ မြင်ရာအကြောင်း တွေကို အထောက်အထားမပါဘဲ ပြောနေကြတာမျိုးတွေက များလွန်းနေတာကြောင့် အပြစ်တင်နေသူ တို့ကိုလည်း အပြစ်မတင်ရက်ပါ။
အဘယ်ကြောင့်ဆိုသော် တစ်လင်တစ်မယားစနစ်ကို မကြိုက်နိုင်သောသူများက အကြောင်းအကျိုးကို ဆီလျှော်အောင် မစဉ်းစားနိုင်ကြတော့ဘဲ တစ်လင်တစ်မယားစနစ် မရှိခြင်းကို သဘောကျနေသူများ ဖြစ်နေသောကြောင့် ဖြစ်တယ်။ ဥပမာ၊ မိန်းကလေးများသည် အ၀တ်အစားကို ပေါ့ပေါ့ပါးပါး ၀တ်လိုတဲ့အခါ ဖရီးစတိုင်ဆိုပြီး ခေတ်အမြင်ရှိမှုကို ဗန်းပြ၍ ၀တ်ချင်သလို ၀တ်နေကြတာမျိုးလည်း ရှိနေတတ်သောကြောင့်ပါ။ သို့သော် ထိုဖရီးစတိုင်ကြောင့် အကြမ်းဖက်မှုတွေ၊ မုဒိန်းမှုတွေ အလွန်းအကြူး များလာပြီဆို လျှင်တော့ နိုင်ငံတိုင်းမှာ အန္တရာယ်ကို တားဆီးတဲ့ ဥပဒေမျိုးဆိုတာ ပြည်သူများ၏ဆန္ဒအရ နိုင်ငံတော်မှ ပြဋ္ဌာန်းပေးရ စမြဲဖြစ်တယ်။ အိမ်နီးနားချင်းဖြစ်တဲ့ မလေးရှားနိုင်ငံကို လေ့လာသုံးသပ်နိုင်တယ်။
ယခုလည်း တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရခြင်းဟာ လင်ပြိုင်ထားမှုကို ခွင့်မပြုနိုင်ဘဲ၊ မယားပြိုင်ထားမှုကိုသာ ခွင့်ပြုလိုကြတဲ့ မဟာပုရိသ အမျိုးသားဝါဒီတို့ရဲ့ ကြီးစိုးမှုများ အစွန်းရောက်လာတာကြောင့် ပြည်သူများရဲ့ဆန္ဒအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရခြင်းဖြစ်တယ်။
ဒီဥပဒေမျိုးကို မြန်မာနိုင်ငံ၌သာ ထူးထူးခြားခြား ပြဋ္ဌာန်းပေးထားသော ဥပဒေမျိုးမဟုတ်ပါ။ ဒီဥပဒေကို ကျား၊ မ တန်းတူအခွင့်အရေးကို အထူးလေးစားသော နိုင်ငံတိုင်း၌ (ဥပမာ၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ စသောနိုင်ငံများ၌) ကျင့်သုံးသော ဥပဒေမျိုးဖြစ်တယ်။ ထိုအချက်ကို အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူ ညီမျှရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာသုံးသပ်မှု စာတမ်းမှာ ဖေါ်ပြထားခြင်း ဖြစ်တယ်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ လေ့လာတွေ့ရှိချက်မှာ - မိန်းမ တစ်ဦးထက်ပို၍ တရားဝင် လက်ထပ်ယူခွင့်ပြုထားသော နိုင်ငံများမှာ အာဖရိကနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှရှိ အစ္စလာမ်နိုင်ငံများနှင့် မြန် မာနိုင်ငံတို့တွင်သာ ခွင့်ပြုထားကြောင်း လေ့လာသိရှိရတယ်ဟု ထုတ်ဖေါ်ပြဆိုထားတယ်။ ဒီအတွက် များစွာအံ့သြမိတယ်။
မြန်မာနိုင်ငံသည် တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးသော နိုင်ငံများနှင့် ဘယ်ပုံ၊ ဘယ်နည်းဖြင့် ဆက်စပ်မှုများ ရှိနေပါလိမ့်မလဲလို့ စဉ်းစားမရနိုင်အောင် ဖြစ်မိတယ်။ အနီးစပ်ဆုံး ကောက်ချက်ချကြည့်မိတော့ ဖြစ်နိုင်ချေရှိသည်မှာ -
မြန်မာနိုင်ငံ၌ သက်ဦးဆံပိုင် ရှင်ဘုရင်များ အုပ်ချုပ်ခဲ့ခြင်း၊ စစ်အာဏာရှင်များ အုပ်ချုပ်ခဲ့ခြင်းနှင့် ကမ္ဘာ့အဆင့်ရှိသော တစ်လင်တစ်မယားစနစ် ကျင့်သုံးသော ဥပဒေမျိုးကို ပြဋ္ဌာန်းပေးရန် တိုက်တွန်းပေးနိုင်သူများ မရှိခဲ့ခြင်းကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းမပေးခဲ့နိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။
ယခုအခါ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို နိုင်ငံတော်မှ ပြဋ္ဌာန်းပေးနိုင်ခဲ့သည် ဖြစ်၍ စစ်အာဏာရှင် လက်ကျန်များ၊ ဘာသာရေးအစွန်းရောက်သူများနှင့် ကာမသုခလ္လိကအကျင့်ကို ချမ်းသာသုခဟု အထင်ရောက်နေသူများအတွက် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးမှုအတွက် မကျေမနပ် ဖြစ်နေနိုင်ခြင်းကို နားလည်ပေးကြဖို့ ပြည်သူများအား တိုက်တွန်းလိုခြင်းပါ။
နောက်ပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို တရားဝင်ဖြစ်အောင် စိတ်ရှည်ဇွဲသန် သီးညဉ်းခံ၍ ပြည်ထောင်စုလွတ်တော်သို့ တင်သွင်းပေးခဲ့သော မဘသလို့ အမည်တွင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ကြီးကိုလည်းကောင်း၊ ဥပဒေများကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့သော နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွတ်တော်အမတ်များကိုလည်းကောင်း၊ မျိုးစောင့် ဥပဒေ ၄-မျိုးကို အတည်ပြု ပြဋ္ဌာန်းပေးနိုင်ရန် ထောက်ခံမဲ ပေးခဲ့ကြသော တစ်တိုင်းပြည်လုံးရှိ ပြည်သူ၊ ပြည်သားများကိုလည်းကောင်း ကျေးဇူးတင်မိပါကြောင်း ပြောကြားလိုခြင်းပါ။
ပြည်သူ၊ ပြည်သားများကလည်း တစ်မြေတည်းနေ၊ တစ်လှေတည်းစီးပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ခရီးမှာ ခရီးသွားဖေါ်များဖြစ်ကြသော (မျိုးစောင့်ဥပဒေ ၄မျိုးကို ပြဋ္ဌာန်းပေးနိုင်ရန်) ထောက်ခံမဲ ပေးသူ၊ မပေးသူ အားလုံးကို တန်းတူထား၍ ကျေးဇူးတင်နိုင်ကြဖို့ပါ။ အဘယ့်ကြောင့်ဆိုသော် … ။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
Writer : ဒေါက်တာဓမ္မပိယ (ITBMU)
Via @ဆရာတော် ဦးနရိန္ဒ ( ငြိမ်းချမ်းရေး )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...