Thursday, September 17, 2015

“ ခေတ်ပြောင်းမဲ ”

ခေတ်ပြောင်းမဲ ” http://www.dawnmanhon.com/2015/09/blog-post_177.html

တိုင်းပြည်အနာဂါတ်ကို အဆုံးအဖြတ်ပေးမဲ့ (၂၀၁၅) အထွေထွေရွေးကောင်ပွဲကြီးအတွက် မြန်မာနိုင်ငံမှာ စက်တင်ဘာ (၇) ရက်နေ့ ကစပြီး တရားဝင်မဲဆွယ်လှုပ်ရှားမှု့တွေ အုံးအုံးကြွက်ကြွက်နဲ့  နိုးထရှင်သန်လာပြီ။ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထောက်ခံသူတွေ ကခုန်ပျော်ရွှင်နေတဲ့ ရုပ်သံသတင်းထဲမှာ ဆံဖြူသွားကျိုး၊ ခါးကိုင်းနားထိုင်းနေတဲ့ ပါးကွက်ကျားနဲ့ အမယ်အိုတွေကွေးနေအောင် ကနေတာကို မြင်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ။
အရွယ်သာအိုမင်းပေမဲ့ ဖိနှိပ်မှု့ကလွတ်မြောက်ခြင်တဲ့စိတ်ဆန္ဒတွေ နုပျိုလန်းဆန်းနေတာ အားရစရာသိပ်ကောင်းတယ်။
ကမ္ဘာဦးလူသားတွေ နေရောင်ခြည်ကိုမြင်ရတဲ့အခါ ၀မ်းသာအားရ ပျော်ရွှင်သလိုမျိုးပါဘဲ။ ကလေး လူကြီး ပျိုပျိုအိုအို တောင်ဝှေးထောက်တဲ့ အဖိုးအိုတွေတောင် လက်ပျင်းတွဲရရွှဲနဲ့ လက်ရုံးတွေမြှောက်ချီလို့  ခေတ်ပြောင်းရမည်လို့ အားရပါးရ တခဲနက်ကြွေးကြော်နေကြပြီဘဲ။ စနစ်ဟောင်းကိုဖယ်၊ လူဟောင်းတွေ ပယ်ဖို့ ၊ လူကောင်းမူကောင်း၊ စနစ်ကောင်းဆီကို ချီတက်နေကြပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ရာဇ၀င်သစ်ကိုရေးထိုးဖို့  သမိုင်းတံခါးချပ်ကြီးကို ပြိုင်တူတွန်းဖွင့်ဖို့ ပြင်နေကြပြီ။
နှစ်ပေါင်း (၅၃) နှစ်ကျော်အောင် စစ်ဖိနပ်သံခွာအောက်မှာအမှောင်ချ အကျဉ်းကျခံခဲ့ရတဲ့ဘ၀ကလွတ်မြောက်ဖို့  စိတ်အားထက်သန်နေယုံနဲ့မပြီးသေးဘူး။ စစ်ကျွန်ဘ၀ကအပြီးတိုင်လွတ်မြောက်အောင် ဆောင်ကျဉ်းပေးမဲ့ ပါတီကို မိမိအသဲကြားကမဲတပြားနဲ့ လာမဲ့ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ပြတ်ပြတ်သားသား ရွေးချယ်ပြီး အာဏာအပ်နှင်းနိုင်ဖို့ လိုတယ်။

ဒီတော့ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြောက်များလှစွာသော ပါတီတွေကို အောက်ပါ ပဓာနကျတဲ့ အချက်တွေနဲ့ နိုင်းယှဉ် အကဲဖြတ်ကြည့်ဖို့ အကြံပြုခြင်ပါတယ်။

(က) ပါတီရဲ့သမိုင်းကြောင်းကောင်းသလား၊ ဆိုးသလားကြည့်ပါ။
(ခ) ပါတီရဲ့မူဝါဒနဲ့ ရည်မှန်းချက်တွေကိုကြည့်ပါ။
(ဂ) ပါတီခေါင်းဆောင်ရဲ့ အမျှော်အမြင်၊ အရည်အသွေး၊ နာယကဂုဏ်(၆) ပါးနဲ့ ညီမညီ ကိုကြည့်ပါ။
(ဃ) ပါတီခေါင်းဆောင်နဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ကျင့်သီလ၊ စိတ်ဓါတ်နဲ့ ရိုးဂုဏ်ကိုကြည့်ပါ။
(င) ပါတီဟာ ဘယ်လူတန်းစားကို ကိုယ်စားပြုသလဲ၊အဖိနှိပ်ခံဖက်ကလား၊  ဖိနှိပ်သူလားဆိုတာကြည့်ပါ။
(စ) ပါတီဟာ ပြည်ထောင်စုတခုလုံးအရေးလား လူတမျိုး၊ တဘာသာအရေးအတွက်လားဆိုတာကြည့်ပါ။
(ဆ) ပါတီရဲ့ ကျောထောက်နောက်ခံ ဘဏ္ဍာငွေကြေး သန့် ရှင်းမှု့ကိုကြည့်ပါ။
စာရေးသူကတော့ ပြည်သူတယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုသာ ပုံအောမဲပေးသင့်ကြောင်း ခိုင်မာစေတဲ့ အောက်ပါအကြောင်းတရားများကို ထင်ထင်ရှားရှား တွေ့ မိ၊ မြင်မိပါတယ်။ စာဖတ်သူ မဲဆန္ဒရှင် ပြည်သူများ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားရွေးချယ်ကြည့်ကြပါကုန်။

(၁) ပြည်သူကိုမျက်ရေသုတ်ပေးမဲ့ပါတီဖြစ်ခြင်း
(၂) ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးက သန္ဓေတည် ဖွားမြင်လိုက်တဲ့ ပြည်သူ့ ပါတီဖြစ်ခြင်း
(၃) သမိုင်းကြောင်းဖြူစင်ပြီး လာခြင်းကောင်းတဲ့ပြည်သူ့ ပါတီဖြစ်ခြင်း
(၄) အဖိနှိပ်ခံပြည်သူအများစုဖက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ပါတီဖြစ်ခြင်း
(၅) စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာနှိပ်ကွပ်မှု့တွေ နှစ်ပေါင်း(၂၀) ကျော် ကြံ့ကြံ့ခံပေးဆပ်ခဲ့တဲ့ပါတီဖြစ်ခြင်း
(၆) ကမ္ဘာ့ ဒီမိုကရေစီသင်္ကေတ၊ ဒီမိုကရေစီဘုရင်မ .. ဦးဆောင်တဲ့ပါတီဖြစ်ခြင်း
(၇) ပြည်သူကို စစ်ကျွန်ဘ၀ကလွတ်မြောက်စေမဲ့ပါတီဖြစ်ခြင်း
(၈) တရားဥပဒေစိုးမိုးစေမဲ့ပါတီဖြစ်ခြင်း
(၉) အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ကျဉ်းပေးမဲ့ပါတီဖြစ်ခြင်း
(၁၀) လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့အမျိုးဘာသာသာသနာကို မှန်မှန်ကန်ကန် မျှမျှတတ စောင့်ရှောက်ပေးမဲ့ပါတီဖြစ်ခြင်း
(၁၁) အကျင့်ပျက်ခြစားမှု့ကို ချေမှုန်းမဲ့ပါတီဖြစ်ခြင်း
(၁၂) ပြည်သူသာအမိပြည်သူသာအဖပါတီဖြစ်ခြင်း
(၁၃) ပြည်သူလူထုကို မိဘသဖွယ် စောင့်ရှောက်မဲ့ပါတီဖြစ်ခြင်း
(၁၄) ပြည်သူတွေကို ဘ၀အာမခံချက်နဲ့ ဘ၀လုံခြုံမှု့ပေးမဲ့ပါတီဖြစ်ခြင်း
(၁၅) တပ်မတော်ကို စစ်တန်းလျှားဆီ သိက္ခာရှိစွာပြန်ပို့ နိုင်တဲ့ တခုတည်းသောပါတီဖြစ်ခြင်း
(၁၆) ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံတဲ့ပါတီဖြစ်ခြင်း
(၁၇) ချိုးဖေါက်ခံရတဲ့ ပင်လုံဂတိက၀တ်ကို ပြန်လည်ဖြည့်ဆီးပေးမဲ့ပါတီဖြစ်ခြင်း
(၁၈) စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အရယူပေးနိုင်ယုံမက တည်တံ့အောင် ထိမ်းသိမ်းစောင့်ရှောက်မဲ့ ပါတီဖြစ်ခြင်း
(၁၉) လူတိုင်းအတွက် ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ ဖြစ်စေမဲ့ပါတီဖြစ်ခြင်း
(၂၀) အခြေခံလူ့ အခွင့်အရေးကို အသိအမှတ်ပြုပြီး လူ့ ဂုဏ်သိက္ခာကိုလေးစားတန်ဘိုးထားတဲ့ ပါတီဖြစ်ခြင်း
(၂၁) လယ်သမားအလုပ်သမားတိုင်းရင်းသား စစ်သားများ အပါအ၀င် လူတိုင်းဘ၀ကို မြှင့်တင်ပေးမဲ့ ပါတီဖြစ်ခြင်း
(၂၂) တိုင်းရင်းသားဒေသဖွံ့ ဖြိုးတိုးတက်ရေးကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြမဲ့ပါတီဖြစ်ခြင်း
(၂၃) စီးပွားရေးဖွံ့ ဖြိုးမှု့တွေနဲ့ အတူ မြန်မာကို အာရှကျားတကောင်ဖြစ်စေမဲ့ပါတီဖြစ်ခြင်း
(၂၄) ဒီမိုကရေစီပညာရေးအစစ်နဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကိုထုဆစ်မဲ့ပါတီဖြစ်ခြင်း
(၂၅) မြန်မာကိုကမ္ဘာ့ အလယ် ခေါင်းမော့ထည်ဝါစေမဲ့ ပါတီဖြစ်ခြင်း။

ကဲဒီတော့ ဘာမှတွေဝေနေစရာမလိုဘူး၊ ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကိုယ်ပိုင်ဥာဏ်နဲ့  စဉ်းစားပြီး ကိုယ်နှစ်သက်ရာပါတီနဲ့  ကိုယ်စားလှယ်လောင်းတွေကိုသာ မဲထည့်ဖို့ ပြင်ဆင်ထားပါ။ အားခဲထားပါ။
ကိုယ့်အသဲကြားကမဲပြား အချည်းအနှီးဖြစ်မသွားအောင်၊ အသုံးမ၀င်တဲ့ ပယ်မဲဖြစ်မသွားရအောင် မဲပေးဖို့ သွားတဲ့အခါ သတိထားနိုင်ဖို့ အောက်ပါအချက်တွေသတိပြုစေခြင်ပါတယ်။

(၁) မဲရုံသွားတဲ့အခါ နိုင်ငံသားဖြစ်ကြောင်းသက်သေခံလက်မှတ် ( မှတ်ပုံတင်လက်မှတ်) ယူသွားဖို့ မမေ့ပါနဲ့ ။
(၂) ဆန္ဒပြုရမဲ့ မဲပြားကဒ်ရတဲ့အခါ မဲရုံမှုးလက်မှတ်ပါမပါ အရင်စစ်ပါ။ မပါရင်ပြန်လဲပါ။ မဲပြားကဒ်မှာ စွန်းထင်းနေသလား၊ အမှတ်သားတစ်ခုခုရှိနေလား ဆိုတာကိုလည်းကြည့်ရပါမယ်။ ပုံမှန်မဟုတ်တာ၊ မသကာင်္စရာတွေ့ ရင်ပြန်လဲပါ။
(၃) မဲပေးရမည့် လျှို့ဝှက်မဲပေးခန်းထဲဝင်၍ မဲပြားကဒ်နှင့် တံဆိပ်တုံးကို ထပ်မံစစ်ဆေးပါ။ ဤအခန်းအတွင်းသို့ သင်ရောက်ရှိနေခြင်းဟာ တိုင်းပြည်ကိုယာယီအုပ်ချုပ်မဲ့ အစိုးရတရပ်ကိုရွေးချယ်ဖို့ ရောက်ရှိနေတဲ့ နိုင်ငံတော်အာဏာရဲ့ အရှင်သခင်တပါးအနေနဲ့ ရောက်ရှိနေတာ ဖြစ်လို့ ဘယ်သူ့ ကိုမှ စိုးရွံ့ ကြောက်လန့် နေစရာမလိုပါ။
(၄) မဲပြားကဒ်ပေါ်တွင် မိမိနှစ်သက်ရာ ပါတီနှင့် ကိုယ်စားလှယ်လောင်းအတွက် တံဆိပ်ထုရန် ပေးထားသော အကွက်ထဲတွင် တိတိကျကျ တံဆိပ်နှိပ်၍ မဲပေးပါ။ မဲပြားပေါ်မှာ ကိုယ်ဘာသာ အမှားလုပ်မိပြီး မှားမှန်းသိရင် မဲရုံတာဝန်ခံထံရှင်းပြ၍ မဲပြားကဒ်အသစ်ပြန်တောင်းယူပါ။
(၅) အထက်ပါအတိုင်း မဲပေးရာတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့  အတွက် မဲသုံးကြိမ်ပေးရမည်ကို သတိပြုပါ။
(၆) အကယ်၍ မဲဆန္ဒရှင်တွင် တိုင်းရင်းသားကိုယ်စားလှယ်ရှိပါက တိုင်းရင်းသားကိုယ်စားလှယ်လွှတ်တော်အတွက်အပါအ၀င် မဲလေးကြိမ်ပေးရမည်ကို သတိပြုပါ။
(၇) တံဆိပ်ထုပြီးသားမဲကဒ်ပြားကို မဲပုံးထဲသို့ သေခြာစွာထည့်ပါ။ ပြီးရင် မဲပေးပြီးကြောင်း ဘယ်လက်သန်းတွင် မှင်တို့ ခံခဲ့ပါ။

မဲထည့်ရာတွင် ပယ်မဲများ မဖြစ်ကြစေရန် အတွက်အောက်ပါပယ်မဲဖြစ်စေနိုင်သောအချက်များကိုလည်း သတိပြုထားကြစေချင်ပါတယ်။
(၁)  မည်သူ့ အားဆန္ဒပြုသည်ကို ဆုံးဖြတ်ရခက်ခဲသောမဲ (ပေးထားရာအကွက်နှစ်ကွက်ပေါ်ခွထုထားခြင်း)
(၂) ဆန္ဒပြုရမည့်အကွက်ပြင်ပတွင် ဆန္ဒပြုထားသောမဲ  (တံဆိပ်တုံးထုရာတွင် သတ်မှတ်ပေးထားသည့်နေရာတွင် မထုခြင်း)
(၃) တကြိမ်ထက်ပို၍ဆန္ဒပြုထားတဲ့မဲ (တံဆိပ်တုံးကို တကြိမ်ထက်ပို၍ ထုထားသောမဲ)
(၄) လုံးဝဆန္ဒပြု မထားသောမဲ (တံဆိပ်တုံးထုမထားသောမဲ)
(၅) မဲရုံမှူးလက်မှတ်မပါသောမဲ
(၆) အစွန်းအထင်းပါသော၊ ဖျက်ရာများပါသောမဲ
(၇) တရားဝင်မဲတံဆိပ်တုံးမှအပ အခြားတံဆိပ်၊ အမှတ်အသားပြုထားသောမဲ ။

(၂၀၁၅) အထွေထွေရွေးကောက်ပွဲကြီးကို ပြည်တွင်းပြည်ပနိုင်ငံတကာ အသိုင်းအ၀ိုင်းတွေကနေ သန့် ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုခံရအောင် ဖမ်းဆီးခံကျောင်းသားတွေအားလုံး၊ ထောင်ချခံ နိုင်ငံရေးလှုပ်ရှားတက်ကြွသူအားလုံးကို ခြွင်းချက်မရှိ ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြန်လွှတ်ဖို့ လိုပါ တယ်။
အဲ့ဒီလိုမှမဟုတ်ဘဲ ဦးသိန်းစိန်တို့ ရဲ့ လက်ရှိစစ်တပိုင်းအစိုးရဟာ ရွေးကောက်ပွဲအတွက် လုံးပမ်းနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာရရေးသာကြည့်တယ်၊ ကျောင်းသားတွေ ကိုပစ်ထားတယ်လို့ ဖမ်းဆီးခံကျောင်းသားလူငယ်တွေ နဲ့ ဝန်းရံပြည်သူတွေက အထင်လွဲအောင် ရည်ရွယ်ချက် ရှိရှိနဲ့ မလွှတ်ဖူးဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ်။

ကျောင်းသားထုတွင်းမှာလည်း ဗကသ၊ တကသ မခွဲခြားဘဲ ညီညီညွတ်ညွတ် ပြောင်းလဲရေးအတွက် ဘယ်သူ လုပ်လုပ် ဟန်ချက်ညီညီချိတ်ဆက် လုပ်ဆောင်ကြဖို့ လိုပါတယ်။ တော်လှန်ရေးသတိကြီးကြီးထားပြီး လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ ကုန်သည်ပွဲစား၊ ဈေးသမား၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အများစုကြီးရဲု့ညီညွတ်ရေး ဟာ ဒီမိုကရေစီအောင်ပွဲရဲ့ အဓိကသော့ချက်ဖြစ်တာမမေ့ကြပါနဲ့ ။
ဗကသတင် ညီညွတ်လို လည့်းမဖြစ်ဘူး။ တကသတင်ညီညွတ်နေလို့ မရဘူး။ လူမျိုးတမျိုးတည်းညီညွတ် နေယုံနဲ့ လည်းမပြီးဘူး။ ဘာသာတခုတည်းညီညွတ်နေယုံနဲ့ လည်းမပြည့်စုံဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀င်တွေတင် ညီညွတ်နေတာနဲ့ လည်းဒီမိုကရေစီမရနိုင်ဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ရယူမှသာလျှင် ဒီမိုကရေစီမကိုဋ်ပန်းကို ဆွတ်ခူး ဆင်မြန်းနိုင်မှာဖြစ်တယ်။ အဖွဲ့ တွေကွဲခြင်သလောက်ကွဲနေပါစေ၊ တိုင်းပြည်အကျိုး၊ ပြည်သူ့ အကျိုး ဆောင်ရွက်ရာမှာတော့ တစည်းတလုံးထဲ လက်တွဲလုပ်ဆောင်ကြဖို့ လိုတယ်။ မြန်မာ့မြေမှာ စစ်အာဏာရှင် အဆိပ်ပင်ကြီးကို အပြီးတိုင်အမြစ်လှန်တူးထုတ်ပစ်နိုင်ဖို့ ပထမခြေလှမ်း အနေနဲ့ အများပြည်သူရည်မှန်းတဲ့ ဒီမိုကရေစီပန်းကို မြေချစိုက်ပျိုးဖို့ အချိန်ရောက်နေပါပြီ။

 ဒါကြောင့် အခုလာမဲ့ (၂၀၁၅) အထွေအထွေရွေးကောက်ပွဲကြီးမှာ ခေတ်ပြောင်းမဲနဲ့ စနစ်ကောင်းဆွဲပြီး ပဉ္စမမြန်မာနိုင်ငံတော်ကြီး တည်နိုင်အောင် ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ “ ဒီမိုကရေစီပန်း” ဆိုတဲ့ ဂန္ဓ၀င်ကဗျာကို တိုင်တည်ရင်း စာရေးသူရဲ့ “ခေတ်ပြောင်းမဲ” ကဗျာလေးနဲ့ ဘောင်ကွပ်လို့ ဒီဆောင်းပါးကို နိဂုံးသတ်ပါရစေ။

“ ဒီမိုကရေစီပန်း”
v  စိုက်လိုက်စမ်းမကွဲ.
v  ပန်းရောင်စုံ ၊ သင်းထုံပျံ.မွှေး။
v  " ဒီ " ပန်းတွေဖူးဝေသစ်တဲ့အခါ
v  မြေးမြစ်တွေ နောင်တခေတ်မှာ
v  ပန်ရစ်ကြလေး ။         ။


“ ခေတ်ပြောင်းမဲ ”
v  မတွေဝေမိပေါင်
v  သေထိတောင် နာခံခက်သေး။
v  စနစ်ဟောင်းဖြို ခေတ်ပြောင်းမဲနဲ့
v  စနစ်ကောင်းကြို သွေးတောင်းပွဲ
v  နွှဲကြစို့လေး ။             ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
စက်တင်ဘာ (၁၃) ရက် ၂၀၁၅ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...