Wednesday, August 26, 2015

{အံ့သြလွန်းလို့ သေတော့မယ်} ဘဘကြီး လက်ရာ



“အထုံ” ဆိုတာမျိုးဟာ ဒီဘ၀ မပြောနဲ့ အရင်ဘ၀ဟောင်း တွေကတောင် ဒီဘ၀အထိ လိုက်လာတယ်လို့ ဆိုပါတယ်။ ဘုရားပြီးရင် ဉာဏ်ပညာ အကြီးမြတ်ဆုံး ပုဂိ္ဂုလ်လို့ အားလုံး သိထားတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးတောင် မျောက်ဘ၀က အထုံက ရဟန္တာဖြစ်တဲ့ထိ ပါနေတုန်းပဲ။ တော်ရုံမြောင်းငယ် ကလေးတွေဆိုရင် ဖတ်ခနဲ ခုန်ကျော် လိုက်တာပဲ။
ပင့်လာတဲ့ ဒကာကတောင် အစက သင်္ကန်း သုံးထည် လှူဖို့ စိတ်ကူးရာကနေ နှစ်ကြိမ်လောက် မျောက်ခုန် ခုန်တာ တွေ့တော့ အကြည်ညိုလျော့ပြီး၊ တော်ပြီ တစ်ထည်ပဲ လှူတော့မယ်လို့ စိတ်ကူးလိုက်သတဲ့။ နောက်ထပ် မြောင်းတွေ တွေ့တော့ ကိုယ်တော်ကြီးက မခုန်တော့ဘူး။ အဘိညာဉ် ရတဲ့ ရဟန္တာဆိုတော့ သူတစ်ပါးစိတ်ကူးကို သိနေတယ်လေ။ ဒါနဲ့ ဒကာက ဘာဖြစ်လို့ မခုန်တော့တာလဲ ဘုရားလို့ မေးလျှောက်တော့မှ၊ ဒီတစ်ခါ ခုန်လိုက်ရင် ငါ့ကို သင်္ကန်း တစ်ထည်မှ လှူမှာ မဟုတ်တော့ဘူးလို့ မိန့်တယ်။ ဒီတော့မှ ဒကာက ရဟန္တာ ပုဂိ္ဂုလ်မှန်း သိရပြီး သုံးထည်စလုံး လှူလိုက်တယ်။ ဘ၀ဟောင်းက အထုံတောင် ဒီဘ၀ထိ ရောက်အောင် လိုက်ပါလာနိုင်တယ် ဆိုတော့ ပူပူနွေးနွေး ဘောင်းဘီ ချွတ်ပြီးခါစ “စစ်နိုင်ငံရေးသမား” တွေဆို ပိုဆိုးတော့မပေါ့။ ဘာပြဿနာနဲ့တွေ့တွေ့ နိုင်ငံရေးနည်း ဘေးချိတ်ပြီး စစ်ရေး နည်းတွေပဲ ကျင့်သုံးတော့တာပဲ။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ ဟုတ်လား၊ မဟုတ်လားတော့ မသိဘူး၊ အရေခွံ နွှာပြီး အမှုန့်ကြိတ်ဖို့ ကြိုးစားတာချည်း ပါပဲ။
အချင်းချင်းလည်း မညှာကြဘူး။ အရပ်သားတွေကို ညှာဖို့တော့ အဝေးသားပေါ့။ လတ်တလော အာဏာရ ပါတီမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်ကိုကြည့်။
မျိုးဆက်သစ် လူငယ်တွေ အတုယူစရာ တစ်စက်မှ မကောင်းဘူး။ သူတို့ ပါတီတွင်းကိစ္စ သူတို့ ကြိုက်သလို လုပ်ခွင့်ရှိတယ်ဆိုရင် ဒါက လမ်းဘေးက ပါတီ မဟုတ်ဘူး။ အာဏာရပါတီ ဖြစ်တယ်။ ပြည်သူနဲ့ ဆက်နွှယ်နေတယ်။ ပါတီတွင်း ဆောင်ရွက်နေတာကို ကြည့်ပြီး ပြည်သူတွေကို ထိတ်လန့်စေတယ်။ ကသောင်းကနင်းတွေ ဖြစ်စေတယ်။ တစ်ဆက်တည်း လုပ်ပုံကိုင်ပုံက ချယ်ရီ FM ကို နား လိုက်တယ်။ Air Bagan ကို ရပ်လိုက်တယ်။ (ပြီးမှ အခြေ အနေ မဟန်မှန်းသိလို့ ပြန်ခွင့်ပြုတာ ဖြစ်တယ်) အားလုံး ကို အာဏာရှင်စနစ်တုန်းက ဘဘကြီး ဦးနေ၀င်းတို့၊ ဘဘကြီး ဦးသန်းရွှေတို့ လက်ရာအတိုင်း လုပ်ချင်သလို ဇွတ်လုပ်တယ်၊ ဖြစ်ချင်ရာဖြစ် လုပ်နေကျဆိုတော့ ချယ်ရီ FM နဲ့ Air Bagan ကိုသာ ပြန်ခွင့်မပြုခဲ့ရင် ကောလာဟလ နဲ့တင် မြန်မာ့ဘဏ် လုပ်ငန်းတွေ အကုန်ပြိုလဲ၊ ရွှေဈေးတွေ ဒေါ်လာဈေးတွေ ထိုးတက်ပြီး တစ်နိုင်ငံလုံး ချုံးချုံးကျ ပျက်စီးသွားနိုင်တယ်။ ဆရာဖေမြင့်ရေးတဲ့ ကြွက်ထောင် ချောက် ပုံပြင်လိုပေါ့။ အခုတောင် အရှိန်နဲ့ စိတ်မချရသေးဘူး၊ ရေဘေးက နှိပ်စက်ထားတဲ့ အခံလည်း ရှိထားတယ်လေ။
သူတို့ရဲ့ အထုံတွေထဲမှာ မစဉ်းမစား မချင့်မချိန် ဇွတ်လုပ်တတ်တဲ့ အထုံက တော်တော် ကြောက်ဖို့ ကောင်းတယ်။ ခုထိ မြန်မာပြည် နိမ့်ကျ ဆင်းရဲနေတာလည်း အဲဒီ အထုံတွေကြောင့်ပဲလေ။
သူရဦးရွှေမန်း ဆိုတာလည်း တိုင်းပြည်အတွက် သက်စွန့် ကြိုးပမ်းခဲ့တဲ့သူပဲ။ အသိအမှတ် မပြုတော့ဘူးလား။ ဒီမိုကရေစီလည်း ပြောသေးတယ်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် သူ့မှာ မရှိဘူးလား။ လူထုခေါင်းဆောင် အပေါ်မှာ စစ်အာဏာရှင်ကြီးတွေ ထားခဲ့တဲ့ အမုန်းတရား အမွေကို အခု အာဏာရှင် လူထွက်တွေ ဆက်ပြီး သယ်ဆောင် နေဦးမှာလား။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌတစ်ယောက်ဟာ NLD ခေါင်းဆောင်နဲ့ ရင်းနှီးမှု မရှိရတော့ဘူးလား။ ဒီပဲယင်း လိုမျိုး အတိုက်အခံ လူထုခေါင်းဆောင် တစ်ယောက်ကို ရှင်းပစ်လိုက်ရုံနဲ့ ပြီးရောလား။ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းပစ်လိုက်ရုံနဲ့ ဗိုလ်ချုပ်အပေါ်မှာ ချစ်တဲ့ ပြည်သူတွေရဲ့ မေတ္တာတွေ ပျောက်ပျက်သွားရောလား။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ မြန်မာ ပြည်သူ လူထုနဲ့ ရင်ကြားစေ့တာပဲ ဆိုတာကို သဘောပေါက်တဲ့ ဦးရွှေမန်းက ပါတီချင်း ရင်းနှီးမှု ရယူတာဟာ မှားသလား။
ဖွဲ့စည်းပုံဥပဒေ - ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် လည်း လွှတ်တော်မှာ ဘယ်လောက်ပဲတင်တင် တပ်မတော် သား ကိုယ်စားလှယ်တွေ တင်းခံနေတာနဲ့တင် ပြင်ဆင်ခွင့် ရမှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး က တောင်းဆိုနေတဲ့ ကိစ္စ လွှတ်တော်မှာ ဆွေးနွေးခွင့် လေးတောင် မရဘူးဆိုရင် အဲဒီ လွှတ်တော်ရဲ့ တန်ဖိုး ကျသွားမှာပေါ့။ ရုပ်သေးလွှတ်တော်လို့ ပြောကြမှာပေါ့။ ဘဘကြီးကို ကြောက်နေရတဲ့ လွှတ်တော်လို့ ပြောမှာပေါ့။ ဦးရွှေမန်းနေရာမှာ ဘယ်သူရှိရှိ ၄၃၆ လို ကိစ္စကို ပြည်သူ တွေ ကျေနပ်လောက်ရုံကလေး ဆွေးနွေးရုံဆွေးနွေးခွင့် ပေးမိမှာပါပဲ။ အခုတော့ ပြင်တာ မဟုတ်ဘဲ မဲခွဲရုံလောက်နဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ပြည်ခိုင်ဖြိုး ပါတီက ရှေးရိုးစွဲတွေဟာ သည်းသည်းလှုပ် ဖြစ်နေကြပါတယ်။ သူတို့တစ်တွေဟာ ကျုပ်တို့ အရပ်သားတွေက ဖွဲ့စည်းပုံ စာအုပ်ကြီးကို ကြည့်တာတောင် ကြိုက်ကြရဲ့လားလို့ ကြံကြံဖန်ဖန် တွေးမိပါတယ်။ handicap ခေါ် အကြောပေး ထားတဲ့ အပေါ်စီးက မဲ ရာခိုင်နှုန်းတွေနဲ့ အနိုင်ရပြီးတဲ့နောက် တပ်မတော်သား ကိုယ်စားလှယ်တွေ ၀မ်းသာအားရ လက်ခုပ်လက်ဝါးတွေ တီးနေကြပုံကို ကြည့်ပြီး ပြည်သူတွေ ထိတ်လန့် တုန်လှုပ်ကြရပါတယ်။
အဲဒီအချိန်က တပ်မတော် သားတွေရဲ့ ပုံစံကို ကြည့်ရတာ ဘယ်တော့မှ အာဏာ လက်လွှတ်မယ့်ပုံ မပေါ်ပါဘူး။
လူဆိုတာ ကိုယ့်အပြစ်ကိုယ် ဘယ်တော့မှ မမြင်ဘူး ဗျ။ ပြည်သူကြားထဲမှာ တပ်မတော်သားတွေ မျက်နှာပန်း မလှခဲ့ရတာဟာ ကိုယ်တွေရဲ့ မေတ္တာ စေတနာကြောင့်လို့ မတွက်ဘဲ သူရဦးရွှေမန်းက လွှတ်တော်ထဲကို ဆွေးနွေးခွင့် ပြုခဲ့လို့သာလို့ တွက်ပြီး ဦးရွှေမန်းအပေါ် ဒီမိုကရေစီ မလိုလား သူတွေက ရန်ငြိုးရှိခဲ့တာပေါ့။
သူတို့ လုပ်လိုက်တဲ့အတွက် ဦးရွှေမန်းကို သဘော မကျသူတွေတောင် ဦးရွှေမန်းအပေါ် ကရုဏာ သက်လာ ကြပါတယ်။ ဦးရွှေမန်းကို ထောက်ခံလာကြပါတယ်။ ဦးရွှေမန်းကို ပါတီ ဥက္ကဋ္ဌ အဖြစ်က ဖယ်ရှားရာမှာလည်း ဖယ်ရှားပုံ ဖယ်ရှားနည်းဟာ အရင် ဘဘကြီးတွေရဲ့ လက်ရာ အတိုင်းပဲလို့ ဝေဖန်ကြပါတယ်။ ဘယ်သူမှ ဒီနည်းလမ်းကြီး ကို သဘောမတွေ့ကြပါဘူး။ ပွဲကြည့်ပရိသတ် ဖြစ်တဲ့ ပြည်သူကိုပါ စော်ကားသလို ဖြစ်ခဲ့ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ ဦးရွှေမန်းကို လွှတ်တော် ဥက္ကဋ္ဌ ရာထူးကပါ ဖယ်ရှား လိုတဲ့ သဘောတွေ ပြောင်ပြောင်တင်းတင်း မြင်တွေ့ လာရပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကနေ စတုတ္ထအကြိမ် ကိုယ်စားလှယ် ရုပ်သိမ်းတဲ့ ဥပဒေကြမ်း အမြန်ရေးဆွဲဖို့ ဖိအားပေးလာတာလည်း ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ကပါ ဖယ်ရှားဖို့ ကြံစည်တာပါ။
ဒါပေမဲ့ သြဂုတ် ၂၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အဲဒီ ဥပဒေကို ဆိုင်းငံ့ထားဖို့ မဲခွဲပြီး ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီထဲမှာလည်း ဦးရွှေမန်းကို ထောက်ခံသူတွေ ရှိနေသေးတဲ့သဘော ပြနိုင် ခဲ့ပါတယ်။
ဦးရွှေမန်းက သူ့အပေါ် တိုက်ခိုက်လာတာကို တုံ့ပြန်ပုံ ကလည်း လူကြီး လူကောင်းဆန်ဆန် သိမ်သိမ်မွေ့မွေ့နဲ့မို့ လူထုက သဘောကျကြပါတယ်။
နောက်တစ်ရက် သြဂုတ် ၂၁ ရက်နေ့မှာလည်း ဦးရွှေမန်းဟာ သူ့ရဲ့ မဲဆန္ဒနယ်ကို သွားရောက်ပြီး တွေ့ဆုံပွဲ လုပ်မယ်လို့ သိရလို့ စိတ်အေးသွားပါတယ်။ ကျုပ်လို ပိုက်ဆံ မချမ်းသာတဲ့ လူတောင် ဒီလိုဖြစ်နေတယ်ဆိုတော့ စီးပွားရေး သမားတွေ၊ လုပ်ငန်းကြီး လုပ်နေသူတွေ အနေနဲ့လည်း နိုင်ငံရေး ပဋိပက္ခကို ဘယ်မြင်ချင် တွေ့ချင်မှာလဲ။ နိုင်ငံရေး တည်ငြိမ်မှုရှိမှသာ စီးပွားရေးလည်း တည်ငြိမ်မှု ရှိမယ် ဆိုတာ နိုင်ငံရေး အကြမ်းဖက်လိုသူတွေ သိထားသင့် ပါတယ်။
တကယ်တော့ ဘဘကြီးရဲ့ လက်ရာ ၂၀၀၈ ဖွဲ့စည်းပုံ ဟာ ကျုပ်တို့ လူတန်းစားတွေ အတွက်တော့ ထူးမခြားနား ဖွဲ့စည်းပုံကြီး။ ဘယ်သူတွေအတွက်ပဲ ထူးခြားကောင်းမွန်တဲ့ ဖွဲ့စည်းပုံကြီးလဲဆိုတော မီလျံနာ၊ ဘီလျံနာ ဗိုလ်ချုပ်ကြီး ဟောင်းများအတွက် ငွေမည်းတွေကနေ ငွေဖြူဖြစ်သွားပြီး တရားဝင် ဘဏ်တွေ၊ ကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ကျောက်မျက်လုပ်ငန်းတွေ စသဖြင့် စသဖြင့် ... ပေါ်ပေါ် ထင်ထင် လုပ်နိုင်သွားတဲ့အပြင် သူတို့ရဲ့ လုံခြုံရေးအတွက် မပူရဘဲ ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ အစိုးရက တာဝန်ယူ ထားတာပဲ ထူးခြားပါကြောင်းဗျာ။
__________________________________
ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၄၈ ဆရာကောင်းဆက်နိုင်ဆောင်းပါး ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...