Saturday, August 8, 2015

## ဖွတ် မိကျောင်းဖြစ် … မြစ် မချမ်းသာ ##




သိသလောက် တတ်သလောက်လေး ခါတော်မီ ပွါးပါရစေဗျာ...
ဒီလိုပါခင်ဗျ... ဆည်ဆောက်တယ်ဆိုတာ ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်...
. လျှပ်စစ်ဓာတ်အားထုတ်ဖို့
. စိုက်ပျိုးရေးမှာ အသုံးချဖို့ ၊ သောက်သုံးရေ ဖြန့်ဝေဖို့
. ရုတ်တရက် ရေမကြီးအောင်တားဆီးဖို့
. နုံးနဲ့ ရေညာက အမှိုက်တွေကို ဆယ်ထုတ်ဖို့. .... အစုံပေါ့ဗျာ...


အဲသည့်ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး Hydro-power Dam, Irrigation Dam, Embankment Dams, Flood Protection Dam, Cofferdam, etc. ပေါ့ခင်ဗျာ ။ ဆည်ဆောက်တာ အပြစ်မဟုတ်ပေမည့် ဆည်ကို ဘယ်နေရာမှာဆောက်မယ် ၊ (Crest Height) အမြင့် ဘယ်လောက်ထားမယ် ၊ ဘယ်လိုဒီဇိုင်းဆောက်မယ်ဆိုတာက အရေးပါပါတယ် ။ အဓိက အကျဆုံးကတော့ ဆည်ထဲက ရေတွေကို ထိန်းဖို့ သန့်စင်စေဖို့နဲ့ ဆည်ရေဝပ်ဧရိယာက မြေသားနံရံတွေ တောင်တွေ ပြိုမကျအောင် ထိန်းဖို့ ရေဝေရေလဲ သစ်တော (Reservoir Forest) ပါပဲ ။ ဆည်ဆောက်ပြီး ရေဝေရေလဲ သစ်တောမရှိလို့ကတော့ မနှေးအမြန် နုံးတွေ ပို့ချခံရလို့ အဟောသိကံဖြစ်မှာပါ ။
ဆည်ဆောက်တာ ကောင်းတယ် မကောင်းဘူးလို့ အဆိုတွေ ငြင်းချက်တွေ မထုတ်ချင်ပါဘူး ။ သက်ရှိလူသားတွေက မိမိတို့ အကျိုးစီးပွါးအတွက် သဘာဝကို ပြုပြင်ယူတာမို့ အနည်းနဲ့အများ ပေးဆပ်ရတာတော့ ရှိမှာပါ ။ ဟိုးအရင်ခေတ်က ဆည်တွေတည်ပြီး စိုက်ပျိုးရေးနဲ့ နိုင်ငံစီးပွါးရေးဖွံ့ဖြိုးခဲ့ဖူးတဲ့ ပါကစ္စတန်လည်း အခု တိမ်ကောလာတဲ့ အဲသည့်ဆည်တွေကြောင့် ခေါင်းခဲနေတာလည်း ဖတ်ရသလို ၊ ဆည်မြောင်းပညာနဲ့ပတ်သက်ရင် ပညာရှင်တွေကတောင် လေးစားတိုင်ပင်ရတဲ့ ထိုင်းနိုင်ငံဘုရင်ကြီးကလည်း မတတ်သာတဲ့ အဆုံးမှ ဆည်ဆောက်ဖို့ အကြံပေးပါသတဲ့ ။ ထားပါတော့လေ ဆည်ဆောက်သင့်တယ် မဆောက်သင့်ဘူးဆိုတာမှာ အမြင်အမျိုးမျိုး ရှိကြမှာပါ ။
အခု မြန်မာနိုင်ငံမှာ ဖြစ်သွားတာက မိုးအရမ်းကြီးချိန် ရေဝေရေလဲ သစ်တောမရှိလို့ ရေတွေ တဟုန်ထိုး ဆည်ထဲကိုဝင် ၊ တာဝန်ရှိ ဆည်မြောင်းဝန်ထမ်းတွေက ရပ်ရွာကိုသတိမပေးပဲ ဆည်ကျိုးမှာစိုးလို့ အောင်းရေကို ရေပိုလွှဲ Spillway) ကနေ ဖောက်ထုတ်ပစ်လို့ ရေလွှမ်းရတာပါ ။ ဆည်မြောင်းလက်စွဲ ပရိုစီဂျာအတိုင်း လုပ်သွားပေမည့် တကယ်တမ်းဖြစ်လာတော့ အပျက်အစီး အထိအခိုက်နဲအောင် ရှောင်လွှဲဖို့ ခက်ပါတယ် ။ မိုး/ဇလနဲ့ အချိတ်အဆက်မမိတာ ၊ သတင်းထုတ်ပြန်မှုအားနည်းတာ (ဒါတောင် ဖွဘုတ်နဲ့ မိုဘိုင်းလ်ဖုန်းရှိလို့ တော်သေး) တွေကို ရိုးမယ်ဖွဲ့မယ်ဆို ဖွဲ့လို့ ရပေမည့် အဓိက ဖြစ်သွားတာက ဆည်ဒီဇိုင်းတွေကြောင့်လို့ မြင်ပါတယ် ။
ဆည်မြောင်းက အရပ်သားဝန်ထမ်းများ ဆည်ဆောက်ရင် ဘုံးတာ ဘတ်တာ ငြင်းမရပါဘူး ၊ ရယ်စရာပြောရရင် "ဆည်တော်ကြီး" ဆောက်တော့ သရွတ်မှုတ်တာ (Grouting) မန်းန္တလေးမှာ ဘိလပ်မြေတွေ ပြန်ထွက်သတဲ့ ။ အဟဲ ... မြေကြီးထဲ ကျောက်ထဲ သရွတ်မှုတ်တာမို့ ဘယ်သူမှ ဘယ်လောက်ကုန်မယ်မှန်း မတွက်နိုင်လို့ စာရင်းပိုပြပြီး ခိုးကြတာလေ ။ ဒါပေမည့် သူတို့ခိုးတယ်ဆိုတာ အထက်က မိုးကျရွှေကို အစိမ်းချွတ်တွေရဲ့ အစွန်းထွက်ကို မမီပါဘူး ။ နောက်ပြီး ဘတ်ဂျက်သာပိုတင်ရင်တင်မယ် ဆည်ကြံ့ခိုင်မှုနဲ့ပက်သက်ရင် သူတို့ ဘယ်တော့မှ မခိုတာ ၊ Ethic ရှိတာ ငြင်းမရပါဘူး ။ ဆိုတော့ ... အရင်းအမြစ်ကို ဆန်းစစ်ကြည့်ကြပါစို့...
နဝတ ခေတ်ဦးမှာ တန်ခိုးထွားလှတဲ့ ဧရာဝတီတိုင်း တိုင်းမှူး ၊ နောက်ပိုင်း Viagra တွေ နင်းကန်ချလို့ နှလုံးရပ်ပြီး သေသွားတဲ့ ဒုတိယ ဗိုလ်စုတ်ကြီး လည်/ဆည်ဝံဂျီးဖြစ်လာတဲ့ အချိန်ကပေါ့ ။ " ဖွတ် မိကျောင်းဖြစ်တော့ မြစ် မချမ်းသာ " ဆိုသလိုပါပဲ ၊ ဆည်မြောင်းက အင်/ယာချုပ် ၊ ဘူမိအရာရှိချုပ် ၊ အင်/ယာတွေ ၊ ဘူမိဝန်ထမ်းတွေကိုခေါ်ပြီး ဩဝါဒပေးပါတယ် ။ ဒီနိုင်ငံမှာ သူ့လောက်သိတာမရှိ လျှပ်စစ်တွေပိုလို့ ရောင်းစားရပါတယ်ဆိုတဲ့ ဝံဂျီးရဲ့ ဆရာလို့ မပြောရဘူး ... "ဆည်မြောင်းပညာလက်စွဲ" ဆိုတဲ့ အောက်ခြေဝန်ထမ်းတွေ အလုပ်အကြောင်း သဘောလောက်သိအောင် ထုတ်ထားတဲ့ စာအုပ်ကိုကိုင်ပြီး ဓားကြိမ်း ကြိမ်းပါတော့တယ် ...။
"ငါxမသားတွေ... မင်းတို့ကို လေး ငါး ခြောက်နှစ် နိုင်ငံခြားကို ပို့ပြီး ပညာသင်ခိုင်းခဲ့တာ အလကားပဲ ၊ ... လူလိမ် သူခိုးတွေ ။ ကျုပ် အခု ဒီစာအုပ်ဖတ်ပြီး အကုန်နားလည်သွားပြီ ။ မင်းတို့ ငါ့ကိုလိမ်ဖို့ မကြိုးစားနဲ့ ၊ ငါမှာတဲ့အတိုင်းလုပ်ကြ"... တဲ့
အဲသည့်မှာ ပျက်စီးချင်း ၅-ပါး စ တော့တာပါပဲ ။ မခံနိုင်တဲ့ ဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထွက် (ထွက်တဲ့သူတွေကို ကာလ အတန်ကြာ Passport ပိတ်ထားတယ်) ၊ လွတ်အောင်မပြေးနိုင်တဲ့ ဝန်ထမ်းတွေလည်း လူစင်စစ်ကနေ ပုတ်သင်ညိုဘဝကို ပြောင်းကုန်ပါလေရောဗျာ ။ ဆည် မဆောက်သင့်တဲ့နေရာတွေမှာ ဆည်ဆောက် ၊ ဆည်အမြင့်ကို သူ့ပါးစပ်ထဲရှိတဲ့ နဝင်းကြေနံပါတ်တွေနဲ့ "တစ်ပေတိုးလိုက် နှစ်ပေတိုးလိုက်" ဆိုပြီး စိတ်ထင်တိုင်းကြဲလာတာ အခုစာဖတ်နေပါတယ်ဆိုတဲ့ ဘဘဂျီး တစ်ခေတ်လုံးအထိပါပဲ ။ အောက်ခြေက တင်ပြတာတွေကို လက်မခံ ၊ ငါတကော ကောပြီး ဆည်တွေကို စိတ်ထင်တိုင်းဆောက် ၊ ကမောက်ကမ ဇာတ်လမ်းရဲ့ အကျိုးဆက်တွေကို အခု ခံစားနေရတာပါ ။
အခုရေလွှမ်းနေတဲ့ နေရာတွေကို ဒီလိုဖြစ်မယ်ဆိုတာမသိဘူးလားလို့ မေးရင် ဆည်မြောင်းဝန်ထမ်းတွေ သိပ်သိတာပေါ့ဗျာ ။ ၁၀-နှစ် ၊ နှစ်-၂၀ ကောက်ထားတဲ့ မိုးရေချိန်ရယ် ၊ အန္တရာယ်မိုး (Torrential Rain) ရွာရင် ထည့်တွက်ရမည့် Safety Factor တွေရယ် ထည့်ပြီး GIS Model မှာ Simulate လုပ်လိုက်ရင် (မိုးလေဝသ အချက်အလက်တွေကို ကွန်ပြူတာပရိုဂရမ်နဲ့တွက်ရင်) တည်သင့်တဲ့ ဆည်အမြင့်နဲ့ ရေလွှမ်းခံရဖို့ အန္တရာယ်ရှိတဲ့ ရေဘေးသင့် ဒေသတွေကို မဆောက်ခင်ထဲက သိတာပေါ့ ။ သိလို့ ကန့်ကွက်တဲ့ ပညာရှင်ဝန်ထမ်းတွေကို ချောင်ထိုးပစ်တယ်လေ ။ နောက်လူတွေလည်း ထမင်းအိုးကွဲမှာစိုးတော့ စောဒက မတက်ရဲ ... ခိုင်းတဲ့အတိုင်း လုပ်ရတာပေါ့ဗျာ ။
ဒါပေမည့် ဘာများတတ်နိုင်မှာလဲ...ဗျ...
"ဘူးတောင်း ရေနစ်။ မပေါ်ဖြစ်" တဲ့ခေတ်မှာ နီးရာဓား (သေနတ်) လည်းကြောက်ရ ၊ နယ်လှည့်ပါးရိုက် ဝံဂျီး ဝံကလေး ဘောင်းဘီချွတ်တွေကိုလည်းကြောက်ရတာမို့...
နွားနို့သောက်ခိုင်းတဲ့ နှလုံးသားမရှိသူ ထိပ်ပြောင် သန်းမဒဂျီးပြောသလို...
............. "မိဘ ပြည်သူများ... ခံ... ဗျား"
* ဓတ်ပုံ - ကိုရဲစည်
စာရေးသူ …… ဦးကျောက်ခဲ (myanmar gazette)
myanmar gazette.com ဝဘ်ဆိုဒ် စာမျက်နှာမှ ……

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...