Friday, July 3, 2015

ကဗျာ နဲ့ ကဗျာသမိုင်း ?


ကဗျာ-
ကဗျာ သည် ဘာသာစကား ၏ အလှအပ များကို အသုံးပြုပြီး မှုရင်း အဓိပ္ပါယ်ထက် ပိုမိုသော ခံစားမှု စွမ်းရည်ပေးသော စာပေ အနုပညာ တစ်မျိုးဖြစ်သည်။ ကဗျာကို နည်းမျိုးစုံဖြင့် ရေးသားနိုင်ပြီး အခြား အနုပညာများနှင့်လည်း ပေါင်းစပ်နိုင်ကာ သာမန် ကဗျာများအပြင် သီချင်း၊ ညဉ်းခြင်း ၊စာချိုး စသည်တို့လည်း ရှိကြသည်။

သမိုင်း
▬▬▬
မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးကဗျာကို ပုဂံခေတ်၌စတင်တွေ့ရှိခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ ရှေးအကျဆုံးကဗျာမှာ သေလည်ကြောင်မင်းလက်ထက်၌ ရေးစပ်သီကုံးခဲ့သော ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာ ဖြစ်သည်။ မင်းမဟာဂီရိ နတ်မောင်နှမအကြောင်းကို ရေးစပ်သီကုံးထားသော ကဗျာ ဖြစ်သည်။
ဒုတိယမြောက် ရှေးအကျဆုံးကဗျာမှာ ကျန်စစ်သားမင်းလက်ထက်တွင် ရေးစပ်သီကုံးခဲ့သောမြကန်သာကဗျာ ဖြစ်ပြီး တတိယမြောက် ရှေးအကျဆုံးကဗျာမှာ အနန္တသူရိယ အမတ်ကြီး၏ သူတည်းတစ်ယောက် အစချီသော မျက်ဖြေလင်္ကာ ဖြစ်သည်။
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။)
မြန်မာကဗျာ အဖွင့်
▬▬▬▬▬▬
ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာဟု ဆိုသည်။ စာဆိုက၀ိ ပညာရှိဆိုသည်မှာ ပါဠိစကား က၀ိ ဟု ခေါ်ဆိုသည်။ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ၊ စာရေးဆရာ ပညာရှိဟု အဓိပ္ပါယ်ရသည်။မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ မှ ကာဝေယျ၊ - ကဗ္ဗ၊ -ကာဗျ၊ -ကဗျ ဆို၍ မြန်မာဘာသာနှင့် ကဗျာ ဆိုပြီးဖြစ်လာသည်ဟု ဆိုကြသည်။
စာဆိုက၀ိများသည် သူတို့စိတ်တွင် ထိတွေ့ခံစားရသော ခံစားချက်များကို တခြားသူများဆီ ကဗျာလင်္ကာများနှင့် ကူးစက်ထိတွေ့ ခံစားစေတတ်ပါသည်။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါသည်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမည်။ 'ဂုဏ်' မြောက်ရပါမည်။ ထိုသို့ ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်၍ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ပါသည်။
ကဗျာလင်္ကာဆိုသည် တေးဂီတမှနေ စတင်အခြေတည်ခဲ့သည်ဟု ယူဆကြပါသည်။ ကမ္ဘာကြီးတွင် သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု ဆိုကြပါသည်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက် လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စသော အသံများသည် သဘာဝ၏ ဂီတသံများ ဖြစ်ပါသည်။ ထိုအသံကို လူများသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနှင့် ဂီတဆိုတာ ဖြစ်လာခဲ့သည်။ ထိုဂီတ မှနေ ဂီတသံနှောသည့် စကားလုံးများကို စကားပြောဆိုရာမှာ သုံးစွဲရင်းမှ ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့သည်ဟု မှတ်သားဘူးသည်။ စာပေအက္ခရာ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာများ ရေးသားလာကြပါသည်။
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
▬▬▬▬▬▬
မြန်မာကဗျာ ဆိုသောအရာ အရင်းအမြစ်ကို ကြည့်လျှင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆို၍ စတင်တွေ့ရှိရပါမည်။ ထို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးကို 'အဖွဲ့' ဟု့ ခေါ်ပါသည်။ အကြောင်းအရာများကို သီကုံးဖွဲ့နွဲ့ထားသောကြောင့် ဖြစ်သည်။
အဖွဲ့
▬▬
အဖွဲ့ကို ပါဠိလို 'ဗန္ဓ' လို့ခေါ်ပါသည်။ ရေးသားသီကုံးဖွဲ့နွဲ့ထားသော စာမှန်သမျှ ဗန္ဓ ဖြစ်ပါသည်။ ထိုအဖွဲ့ကမှ 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ'၊ 'ဂဇ္ဇ' ဟုခေါ်သော 'စကားပြေ' နှင့် '၀ိမိဿ' ဟုခေါ်သော 'နှစ်ထွေရော' (ကဗျာနှင့် စကားပြေ ရောပြီးရေးထားသောအဖွဲ့ - ပြဇာတ် ဟုခေါ်လျှင် ခေါ်နိုင်ပါသည်။)ဟု ခွဲထွက်လာပါသည်။ ထို 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ' ပင်မ ကနေမှ 'ဂီတ' နှင့် 'လင်္ကာ'ဟု ထပ်မံခွဲထွက်လာပါသည်။
Ref; ကဗျာကျမ်း
Credit ..ကိုဟယ်ရီ

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...