Thursday, July 30, 2015

"အရှက် & အရှက်"


“အားနာလိုက်တာ ဦးဇင်းရယ်”
“ဘာဖြစ်လို့ လဲ ဒကာတော်”
“ဟို အမျိုးသမီး နှစ်ယောက်လေ.. တစ်ယောက်က အရှင်ဘုရား အနာတွေ ကို မြင်တော့ သူ့ဘေးက အမျိုးသမီးကို မျက်စပြစ်ပြတယ်.. ဟိုအမျိုးသမီးက နှာခေါင်းရှုံ့ပြီး ဟိုဘက် ရွှေ့သွားတာ ကိုပြောတာပါ”
“ဟုတ်လား ဦးဇင်းမသိလိုက်ဘူး.. ဒီလိုပါပဲလေ ဖြစ်တတ်ပါတယ်”
“ဦးဇင်း မရှက်ဘူးလား”
“ဘာကိုလဲ ဒကာတော်”
“အရှင်ဘုရား ခြေထောက်က အနာတွေနဲ့လေ”
“ရှက်တာပေါ့ဗျာ”
“ဆေးမကုဘူးလား”
“လိမ်းဆေးလေးတွေတော့ လိမ်းပါတယ် .. ဒါပေမဲ့ မပျောက်ဘူးလေ”
“ဆေးခန်း လေး ဘာလေး ပြပေါ့ဘုရား .. လူကြားထဲ သွားလာ နေရတာ မြင်မကောင်းပါဘူး”

“ဟုတ်ကဲ့ ပြပါတယ်ဗျာ သာမန် ဆေးခန်းတွေ ပြဖူးပါတယ်.. ဒါပေမဲ့ မပျောက်ဘူးလေ.. ဒီအနာတွေက အရေပြားဆရာဝန်နဲ့ ပြမှ အဆင်ပြေမှာပါ..
အရေပြားဆရာဝန်ကလဲ အထူးကုတွေမှာ ထိုင်တာလေ.. စာသင်သားဆိုတော့ ဆင်းရဲတယ်.. အထူးကုတွေနားတော့ မကပ်ရဲပါဘူး.. ဇီဝိတ ဆေးခန်းတွေ သွားဖို့ကျတော့လဲ တခြား ဒီ့ထက် အရေးကြီးတဲ့ လူနာတွေ ရှိနေတော့ ဒီအနာလေးလောက်နဲ့ မသွားချင်ဘူးဗျ”
“ကုလိုက်ပါဘုရား.. ခုနကပဲ အမျိုးသမီး ၂ယောက် အရှင်ဘုရား ခြေထောက်ကြည့်ပြီး ရွံသလို လုပ်သွားတယ် မကောင်းပါဘူး”
“သြော် .. ဒကာတော်က အနာတွေကို ရှက်ဖို့ ပြောတာလား”
“တင်ပါ့.. အနာတွေနဲ့ ရှက်စရာပေါ့ ဘုရား”
“နည်းနည်းတော့ လွဲနေပြီ .. ဦးဇင်း ရှက်တာ အနာတွေ မဟုတ်ဘူး”
“ဟင် . ဒါဆို အရှင်ဘုရားက ဘာကို ရှက်တာလဲ ဘုရား”
“အနာတွေ ဖြစ်အောင် ပြုခဲ့ဖူးတဲ့ ကံ ကို ရှက်တာ”
“ဘယ်လို .. ဘုရား”
“ဒီလိုဗျ..
ဒကာတော် စဉ်းစားကြည့်လေ.. ဒကာတော် တို့ မှာကျတော့ ဒီလို အနာတွေ မပေါက်ဘူး..
ဦးဇင်းမှာ ကျတော့ ပေါက်တယ်.. တချို့ ပေါက်တဲ့ သူတွေကျတော့လဲ ကုသဖို့ အခွင့် အရေး ရှိတယ်.. ဦးဇင်းကျတော့ ကုသဖို့ အခွင့် အရေး နည်းတယ်လေ.. ဒါ ဘာကြောင့်လို့ ထင်လဲ”
“အရှင်ဘုရား ဆိုလိုချင်တာ အတိတ်ကံ ဝဋ်ကျွေးကြောင့်လို့ ဆိုလို တာလား ဘုရား”
“ဒါပေါ့.. ဦးဇင်းမှာ အရင်က သူတစ်ပါး ရွံရှာစရာ ကံတစ်ခုခု ပြုဖူးလို့သာ အခု အကျိုး ပေးနေတာပေါ့..”
“ဒီ ကံကို ရှက်ရမှာလားဘုရား”
“ဟုတ်တယ်ဗျ.. တကယ်တော့ လောကလူသား အတော်များများဟာ ရှက်သင့်တာကို မရှက်၊ ကြောက်သင့်တာကို မကြောက် ပဲ မရှက်သင့်တာကို ရှက်၊ မကြောက်သင့်တာကို ကြောက်နေတာ”
“တင်ပါ့”
“ရုပ်ဆိုးတာ ရှက်စရာ မဟုတ်ဘူး.. ရုပ်ဆိုးအောင် ပြုခဲ့ဖူးတဲ့ အတိတ်ကံကို ရှက်ရမှာ..
ဒုက္ခဆင်းရဲ ရောက်တာကို ကြောက် ရမှာ မဟုတ်ဘူး.. ဒုက္ခဆင်းရဲ ရောက်အောင် ပြုခဲ့ဖူးတဲ့ ကံကို ကြောက်ရမှာ..
အဲ့လို ကြောက်မှ နောက်ထပ် ဒီလို ရုပ်မဆိုးအောင်၊ ဒုက္ခဆင်းရဲ မဖြစ်ရအောင် ယခု အခါမှာ ကောင်းတဲ့ ကံတွေကို ပြုနိုင်မှာပေါ့..
“တင်ပါ့ ဘုရား”
“တစ်ခုခု ကြုံရတိုင်း ‘ကံပေါ့လေ..’ ဆိုပြီး ကံကို ပုံချတာ ဗုဒ္ဓရဲ့ အယူဝါဒ မဟုတ်ဘူး..
အဲ့လို ကံ ကို ပုံချတာဟာ တခြားဖန်ဆင်းရှင် ဝါဒတွေရဲ့ ‘ဘာပဲဖြစ်ဖြစ် ဘုရားသခင် စီမံတာ’ ဆိုတာနဲ့ မထူးတော့ဘူးလေ..
တကယ်တမ်း ဗုဒ္ဓဝါဒ စစ်စစ်မှာ အကြောင်းနဲ့ အကျိုး ဆိုတာ ရှိတယ်..”
“တင်ပါ့ ဘုရား”
“အတိတ် ကြောင်း မကောင်းခဲ့လို့ ယခု ရုပ်ဆိုးတယ် ဆိုပေမဲ့ နောင်တစ်ချိန် ရုပ်မဆိုးအောင် ယခု ကြိုးစားခွင့် ရှိတယ်..
အနာဂါတ်အတွက် ကြိုးစားခွင့် ရှိတာ ဗုဒ္ဓဝါဒပဲ..
စာသားလေးတစ်ခု စဉ်းစားကြည့်လေ..
‘ရုပ်ချောတဲ့ လူတိုင်းက စိတ်ထား မကောင်းဘူး.. ဒါပေမဲ့ စိတ်ထားကောင်းတဲ့ သူတိုင်းကတော့ ရုပ်ချောတယ်’ ဆိုတာ..
ဒီစာသားလေးက ဘာကို ပြောလဲ ဆိုတော့ ရုပ်လှတယ် မလှဘူး ဆိုတာ သူပြုတဲ့ ကံအပေါ်မှာ မူတယ်လို့ ဆိုလိုတာပေါ့..
ဘယ်လောက်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါစေ သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ထားတွေဟာ သူ့ မျက်နှာနဲ့ အမူအယာတွေ ပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေတာပေါ့..
မျက်နှာကလေး ကြည်လင်နေတော့ လူတွေ ချစ်ခင်ကြတာပေါ့..
ဒါကိုပဲ ရုပ်လှတယ် လို့ ဆိုတာပေါ့..”
“တင်ပါ့ ဘုရား..”
“ဒါဟာ ဘာကို ထောက်ပြသလဲ ဆိုရင်.. အတိတ်ဘဝက မကောင်းမှုတစ်ခုခုကြောင့် ဒီဘဝ ရုပ်မလှသော်လည်း ဒီဘဝ စိတ်ထားကောင်းကောင်း ထားတဲ့ အခါကျတော့ နောက်ဘဝ မကူးခင် ဒီဘဝ မှာတင် လူချစ်လူခင် ပေါတယ်.. ရုပ်လှသွားတယ် ဆိုတာ ထင်ရှားတယ်”
“ဟုတ်ပါတယ် ဘုရား.. တချို့ ရုပ်ဆိုးတယ် ထင်ရသော်လည်း တကယ်တမ်း သေသေချာချာ ကြည့်ရင် မျက်နှာကလေးက အေးမြ ကြည်လင်နေတဲ့ မိန်းကလေးတွေ တွေ့ ဖူးပါတယ်.. ဘုရား..
သူတို့နဲ့ မိတ်ဆွေဖြစ်ရတဲ့ အခါကျတော့လဲ စိတ်ထား အရမ်းကောင်းတာတွေ တွေ့ဖူးပါတယ်.. တပြည့်တော် သူငယ်ချင်းထဲမှာကို တချို့ ရှိပါတယ်..”
“ဒါပေါ့ဗျာ.. ဒီတော့ ရုပ်ဆိုးတာ ရှက်စရာ မဟုတ်ဘူး.. ရုပ်ဆိုးအောင် ပြုခဲ့ဖူးတဲ့ ကံကို သာ ရှက်ရမှာ.. ဒီလို ရှက်ပြီး နောက်တစ်ကြိမ် ရုပ်မဆိုးရအောင် ယခုပဲ စိတ်ကောင်းထားပြီး ကောင်းတဲ့ ကံတွေ ပြုရမှာပေါ့..”
“တင်ပါ့ ဘုရား”
“အခုလဲ ဦးဇင်း ခြေထောက်က အနာတွေကို မရှက်အားပါဘူး.. ဒီအနာတွေ ဖြစ်လာအောင်၊ တစ်ပါးသူက ကိုယ့်ခြေထောက်ကို မြင်ရင် ရွံရှာအောင် ပြုခဲ့ဖူးတဲ့ ဦးဇင်းရဲ့ အတိတ်ကံ ကိုပဲ ဦးဇင်း ရှက်တာပါ..
ဒါကြောင့်လဲ ဒီဘဝမှာ သူများ တကာ ရှက်ရွံ့သွားစေမဲ့ စကားမျိုး၊ အလုပ်မျိုးကို တတ်နိုင်သလောက် ရှောင်နေရတာပေါ့..”
“တင်ပါ့ဘုရား.. အခုလို ကားစီးရင်း အရှင်ဘုရား နဲ့ အတူထိုင်ခွင့် ရပြီး အခုလို စကား ပြောခွင့် ရတာ တကယ်ကို ဝမ်းသာလှပါတယ်ဘုရား..”
“ဟုတ်ကဲ့ ပါ.. ဒကာတော်.. ဦးဇင်း အခု ပြောသွားတာတွေက လောကဓံ ရှစ်ပါးမှာ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ဆိုတဲ့ နှစ်ပါးကို ပဲ ဟိရိ၊ သြတပ္ပ တရားနဲ့ ယှဉ်ပြောသွားတာပါ..
ဒကာတော်ကိုယ်တိုင် နောက်ထပ်လဲ အားတဲ့အချိန် အခြားလောကဓံ တွေ ကြုံရတဲ့အခါ အခြားသော ကိလေသာတွေ နဲ့ တုန့်ပြန်မလား၊ သူတော်ကောင်းတရား ခုနှစ်ပါးနဲ့ တုန့်ပြန်မလား ဆိုတာတွေ ဆက်ပြီး စဉ်းစားကြည့်ဦးပေါ့..
ကဲ.. ဦးဇင်းလဲ ရှေ့မှတ်တိုင် ဆင်းတော့မယ်..”
“တင်ပါ့ ဘုရား”
အရှင်ဝါယာမ(မူဆယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...