Sunday, July 26, 2015

တဏှာ၏ အထင်မှား အမြင်မှားများ။


ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်
နေကြတယ်။ ခန္ဓာ ၅ ပါးကို ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု ရှိကြတယ်။


တို့တစ်တွေလည်း သေချာ စဉ်းစားကြည့်လို့ရှိရင် ခန္ဓာ ၅ ပါးကို ပျော်စရာကြီး လှတယ်
လို့ ထင်ကြတယ်။ ထင်ကြသည့် အတွက်ကြောင့် ခန္ဓာ ၅ ပါးကို တဏှာက တွယ်တယ်၊ တွယ်
တာထားသည့် အတွက်ကြောင့် ခန္ဓာတစ်ခုပြီး နောက်ခန္ဓာတစ်ခု ရကြတယ်။ ဘ၀ဆက်တိုင်း
ဆက်တိုင်းမှာ ခန္ဓာချည်းပဲ ရနေကြတယ်။ ဘာနဲ့တူသလဲဆိုရင် ပိုးဖလံလေးဟာ မီးတောက်ထဲ
ကို တိုးဝင်တဲ့အခါ မီးလောင်ပြီး သေရသလို တို့တစ်တွေလည်း ခန္ဓာရတိုင်း သေသေသွားကြရ
တာပါပဲ။
လူတွေဟာ ဒုက္ခရောက်တဲ့အခါသာ ခန္ဓာကိုယ်ကို မရချင်ကြတာ။ “ခန္ဓာကိုယ် ဘယ်တော့
မှ မရတော့ဘူး” ဆိုလို့ရှိရင် ကြောက်စိတ်တောင် ၀င်လာသေးတယ်၊ နောက်ဆုံးမှာ “ အေး..
နိဗ္ဗာန်ဆိုတာ ရုပ် နာမ်တွေ အကုန်လုံးချုပ်သွားပြီ၊ ဘာမှ မဖြစ်တော့ဘူး” ဆိုရင် လူက ကြောက်
သွားတယ်။ လူတွေမှာ ဖြစ်တာကို ကြိုက်နေတဲ့ “ဘ၀တဏှာ” ဆိုတာ ရှိနေလို့ပါပဲ။
တဏှာရဲ့ အထင်မှားမှုပျောက်မှ ခန္ဓာကိုယ်ကြီးရဲ့ အတင့်တယ်မှုတွေ, ဆင်းရဲမှုတွေကို
ရှုမြင်သုံးသပ်လာပြီးတော့ “ သြော် .. ရုပ်ဆိုတာ သူ့အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့
ရုပ်တရား သက်သက်မျှသာ ဖြစ်တယ်၊ ခံစားမှုဟာလည်း ဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်
ပေါ်လာတဲ့ ခံစားမှုသက်သက်မျှသာ ဖြစ်တယ်၊ သညာဆိုတာလည်း မှတ်သားမှု သက်သက်မျှသာ
ဖြစ်တယ်။ သင်္ခါရ ဆိုတာကလည်း ပြုလုပ်မှု သက်သက်မျှသာ ဖြစ်တယ်၊ ၀ိညာဏ် ဆိုတာ
လည်း သိမှုသက်သက်မျှသာ ဖြစ်တယ်၊ ဒါတွေဟာ (နေတံ မမ) ငါ့ဟာ မဟုတ်ပါလား” လို့
တွေးမိကြလိမ့်မယ်။
“သူ့သဘာဝအတိုင်း သူဖြစ်နေတာတွေ” လို့ ဒီအတွေးမျိုး မတွေးနိုင်သမျှ ကာလပတ်လုံး
“တဏှာ မညနာ” လို့ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီးဟာ မပျောက်ကင်းနိုင်ပါဘူး၊ မပျောက်
ကင်းနိုင်လို့ရှိရင် ပိုးဖလံလေးတစ်ကောင်ဟာ မီးတောက်ထဲကို ၀င်ပြီးတော့ ကစားသလို လူတွေ
လည်း ခန္ဓာကိုယ်ကြီးတွေရအောင် ကြိုးစားနေကြဦးမှာပဲ၊ လူ့ခန္ဓာ မလိုချင်တဲ့အခါမှာ နတ်ခန္ဓာ
ဆိုတဲ့ နတ်သားဖြစ်ရင် ကောင်းမှာပဲ၊ ဗြဟ္မာဖြစ်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေနဲ့ လာနေဦးမှာ
ပဲ၊ တင့်တယ်လှပတဲ့ ဘ၀တွေကို ရအောင် ဆုတောင်းပြီးတော့ နေကြဦးမှာပဲ။
အဲဒီ တဏှာရဲ့ အထင်မှားမှုပျောက်အောင် တို့တစ်တွေ စဉ်းစားရမှာကတော့ “နေတံ မမ”
ရုပ်ဟာ ရုပ်ပဲ၊ နာမ်ဟာ နာမ်ပဲ၊ သူ့အကြောင်းကြောင့် သူဖြစ်နေတာ၊ ငါလို့ ပြောစရာ တစ်ခုမှ မ
ရှိဘူး၊ ထာဝရ ရွေ့လျားနေတဲ့ အရာကြီးသာ ဖြစ်တယ်လို့ ဆိုတဲ့ “သမ္မပ္ပညာယ ဒဌဗ္ဗံ” မှန်ကန်တဲ့
အသိဉာဏ်နဲ့ ရှုရမယ်ဖြစ်ပါတယ်။ အဲဒီလို မရှုနိုင်သမျှ ကာလပတ်လုံး ခန္ဓာ ၅ ပါးနဲ့ ပတ်သက်ပြီး
“တဏှာမညာနာ” လို့ခေါ်တဲ့ တွယ်တာမှု အထင်မှားမှုကြီးဟာလည်း ဆက်လက်ရှိနေဦးမှာပါ။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့အတိုင်း တို့ရဲ့သန္တာန်မှာ ဒီ အထင်မှားမှုကြီးတွေ
ရှိနေသလား၊ ရှိနေလို့ရှိရင် တို့တစ်တွေ ဖယ်ရှားဖို့ ကြိုးစားရမှာဖြစ်ပါတယ်၊ ဖယ်ရှားတဲ့ နည်း
စနစ်တွေကို မှတ်သားပြီးတော့ လုံးဝကင်းစင် မဖယ်နိုင်သေးရင်လည်း အားပျော့သွားအောင်၊
တဖြည်းဖြည်းချင်း ပါးသွားအောင်၊ နည်းနည်းသွားအောင် ဒီ အထင်မှားမှုကြီးတွေကို ဖယ်
ရှားရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး၊ ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌
အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “အထင်မှား အမြင်မှား” တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...