Friday, June 5, 2015

လှုပ်ပြီးမှသောက်ရန်


ကျွန်တော်တို့ ပညာရေးမှာ အရမ်းနောက်ကျနေတော့ ပညာနဲ့ တိုးတက်တဲ့ နိုင်ငံတွေရဲ့ နည်းကိုယူပြီး ဒုန်းစိုင်း လိုက်တာတောင် အတော်လေး လိုက်ယူရမယ်ထင်ပါတယ်။ အာရှမှာ စင်ကာပူနိုင်ငံဟာ ပညာရေးဘက်တော့ တော်တော်လေးကို စွာကျယ်လုပ်နိုင်တဲ့ နိုင်ငံပဲ။ ဒီနှစ် ကမ္ဘာ့အကောင်းဆုံး အဆင့်တစ် ကျောင်းနဲ့ ပညာရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေပါတယ်။ ဒါကြောင့် စင်ကာပူဘာလုပ်နေသလဲဆိုတာ စောင့်ကြည့်ဖို့တော့ လိုမယ်ထင်ပါတယ်။
စင်ကာပူနိုင်ငံက ကျောင်းကိုရောက်လာတဲ့ ကလေးတစ်ယောက်ကို “ဘက်စုံ” တော်အောင် လုပ်ပေးမယ်ဆိုပြီး တော့ အာမခံချက်တွေပေးထားတယ်။ သူတို့ဘက်စုံဆိုတာ မြန်မာနိုင်ငံမှာ ခေါက်ရိုးကျိုးနေတဲ့ အပျက်သောသော (အပြောသက်သက်) ဘက်စုံမျိုးမဟုတ်တာတော့ သေချာတယ်။
ကျောင်းကို ရောက်လာတဲ့ ကလေးတစ်ယောက်ကို (၁) အကျင့်စာရိတ္တကောင်းရမယ် (၂) ကျန်းမာ ကြံ့ခိုင်ရမယ် (၃) လူမှုပေါင်းသင်းဆက်ဆံရေးကောင်းစေရမယ် (၄) အလှအပနဲ့ ရသခံစားတတ်စေရမယ်ဆိုပြီး အာမခံချက်တွေ ပေးထားတယ်။

သူတို့ ကျောင်းကိုရောက်လာတဲ့ ကလေးတစ်ယောက်ကို အချက် (၈) ချက် အဓိကထားပြီး လုပ်ပေးတယ်။
၁။ အကျင့်စာရိတ္တကောင်းမွန်စေရန်
၂။ မိမိကိုယ်မိမိ စီမံထိန်းသိမ်းနိုင်စွမ်းရှိရန်
၃။ လူမှုရေးစိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တတ်သောစိတ်ဓာတ်များ ရှိလာစေရန်
၎။ အရေး အဖတ် အတွက် နားလည်တတ်ကျွမ်းစေရန်
၅။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေရန်
၆။ သတင်းအချက်အလက်များ စုဆောင်းတတ်သည့်အလေ့အထများ ရရှိစေရန်
၇။ Thinking Skill နဲ့ Creative Thinking ပုံစံများဖြင့် တွေးခေါ်တတ်စေရန်
၈။ အသိကို အရှိနဲ့ ပေါင်းစပ်ပြီး လိုက်လျောညီထွေစွာ ကျင့်သုံးဆောင်ရွက်နိုင်စွမ်းရှိလာစေရန်
ကျွန်တော်တို့ နိုင်ငံကလည်း ပညာရေးဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေကို ချမှတ်တဲ့ နေရာမှာ စင်ကာပူ ထက်တောင်တော်ပါတယ်။ နိုင်ငံတော်က ချမှတ်လိုက်တဲ့ ဦးတည်ချက်တွေဆိုတာလည်း စာအုပ်တိုင်း သတင်း စာတိုင်းကို မပါမနေရဆိုပြီးတော့တောင် လုပ်ခဲ့ကြသေးတာပဲ။ ဦးတည်ချက်တွေ ရည်မှန်းချက်တွေကို ချမှတ်တဲ့ သူတွေကလည်း ကိုယ်ဘာပြောလို့ ပြောမှန်းမသိ၊ ဖော်ဆောင်နေတဲ့ သူတွေကလည်း စိတ်မ၀င်စားလို့ ရှိမှန်း တောင်မသိ။ ဘာနဲ့ တူနေသလဲဆိုတော့ ရွာလူကြီးတစ်ယောက် ဆေးညွှန်းကို မဖောက်သလိုဖြစ်နေတယ်။
တစ်နေ့ ရွာလူကြီးက မြို့ကဆေးဝယ်လာတယ်။ ထုံးစံအတိုင်း ဆေးဆိုင်က တစ်နေ့ သုံးခွက်သောက်လို့ ပြော လိုက်တာပဲမှတ်ပြီး အိမ်ရောက်တော့ တစ်ခွက်သောက်ချလိုက်တယ်။ နောက်မှ ဘူးကိုဖွင့်ကြည့်တော့ ဆေးညွှန်းမှာ ဆေးကို လှုပ်ပြီးမှသောက်ပါလို့ ပါနေတာ တွေ့ရတယ်။ ရွာလူကြီးက ဘာလုပ်သလဲဆိုတော့ ခုန်ပေါက်ပြီး ဗိုက်ထဲကဆေးတွေကို လှုပ်အောင် လုပ်ပစ်လိုက်တယ်။ ပြီးတော့ ပြောလိုက်သေးတယ်။ “ငါစာတတ်ပါတယ်ကွ” တဲ့။
ကျွန်တော်တို့ ဆေးလှုပ်မသောက်ခဲ့တာတွေ များနေပါပြီဗျာ။
၆.၆.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...