Sunday, May 31, 2015

မြေဇာပင်ဘဝ


ဒီစာလေးကို Tag လုပ်မိတဲ့သူတွေရော
မလုပ်မိတဲ့သူတွေရော! ဒီ Post ကိုတွေ့ရင် ပြီးဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်!
Tag လုပ်ရတဲ့အဓိက ရည်ရွယ်ချက်က ဒီစာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်မိကြစေချင်လို့ပါ!
ဒီစာကို ဖတ်ပြီး ရှယ်တဲ့သူလဲ ရှိချင်ရှိမှာပါ။မင်းက အိမ်ထောင်သည်ဘဝကို ဘယ်လောက်များ နားလည်လို့လဲလို့ မေးစရာတွေ ရှိချင်ရှိနေကြမှာပါ။


ဟုတ်ပါတယ်။ ကျွန်မ အိမ်ထောင်သည်တစ်ယောက်မဟုတ်ပါဘူး! ဒါပေမယ့် မိခင်စိတ်ရှိပါတယ်!လက်ခံသည် လက်မခံသည်ထက်
ဒီစာကို ဖတ်မိပြီး ကလေးတွေရဲ့ စိတ်ခံစားချက်ကို မိဘတွေ သတိပြုမိ၊ ခံစားမိပြီး
စာနာ နားလည်တတ်စေချင်တာပါ။
ခြေသည်းကျွတ်ထွက်ပြီး သွေးတွေယိုစီးနေတဲ့ ကလေးတစ်ယောက်ရဲ့ ခြေထောက်ကို ဆေးထည့်ပေးပြီး ငိုနေတဲ့ဆရာမတစ်ယောက်ကို မြင်ဖူးကြပါသလား?
မိခင်စိတ်ဆိုတာ ထိရှမိရင်
နာကျင်လွယ်ပါတယ်!
၈-တန်းကလေးတစ်ယောက်!
ပုံစံက အူတူတူ၊အေးတိအေးစက်နဲ့ စကားနည်းတဲ့ကလေး။
စာမေးလိုက်ပြီဆို ဒူးတွေရော လက်တွေရော တဆတ်ဆတ်နဲ့ သိသိသာသာ တုန်နေပြီး ခေါင်းကနေ ချွေးတွေ စီးကျလာတတ်ပါတယ်။
စာတစ်ကြောင်း အလွတ်ဆိုနိုင်ဖို့
မျက်လုံးလန်နေအောင် အကြာကြီးစဉ်းစားပြီးမှ တစ်လုံးချင်းဆိုတတ်တဲ့ကလေး။
" သား!
စိတ်ကို ငြိမ်ငြိမ်ထားစမ်း!
သား စာကျက်ထားတာ ဆရာမသိတယ်!
စာရနေတဲ့ကလေးဟာ ဘာမှ ကြောက်စရာမရှိဘူး!
ယောက်ျားပါဆိုမှ ရဲရင့်နေရမယ်!
ဖြေးဖြေးစဉ်းစားပြီးမှဆို!
နောက်တစ်ခါ စာပြန်ရင် ဒူးတုန်မနေစေနဲ့!
ဟုတ်ပြီနော် "
ဒါ ကျွန်မ ကလေးကို ပြောလိုက်တဲ့စကား!
နောက်တနေ့ ကလေးက တစ်နာရီလောက်ကျူရှင်ကို စောရောက်လာတယ်!ကျွန်မလဲ အံ့သြသွားတယ်!ဒါနဲ့ ၁၅ မိနစ်လောက်နေတော့ စာသင်ခန်းရှိရာ အပေါ်ထပ်ကိုတက်ပြီး လှေကားတစ်ဝက်ကနေ စာသင်ခန်းထဲကို အသာ လှမ်းကြည့်လိုက်တယ်!ကျွန်မ ထိုင်ပြီးစာမေးနေကြဖြစ်တဲ့ ထိုင်ခုံဘက်လှည့်ပြီး ကျွန်မကို စာပြန်တဲ့ပုံစံနဲ့ လေ့ကျင့်နေတဲ့ကလေးကို မြင်လိုက်ရတဲ့အခါ ဘယ်လိုခံစားချက်ပါလို့ ပြောပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခု လှိုက်တက်လာပြီး မျက်ရည်စို့လာမိတယ်။ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီး အသာပြန်ဆင်းလာလိုက်တယ်။
စာမေးတဲ့အချိန်ရောက်တော့ ကလေးက ခါတိုင်းထက် အသံနည်းနည်းပိုကျယ်လာပြီး တုန်ယင်နေတတ်တာတွေလျော့သွားတယ်။စာပြန်ရင် တစ်လုံးချင်း လေးလေးပင်ပင်ဆိုတတ်တဲ့အကျင့်ကတော့ ပျောက်မသွားပါဘူး။ဒါပေမယ့် တစ်ပုဒ်လုံးမှန်အောင်ဆိုနိင်တဲ့အတွက် တော်လိုက်တာလို့ ထုတ်ဖော်ချီးကျူးမိတော့ ဝင်းပတဲ့အပြုံးနဲ့ ခန္ဓာကိုယ်လေးကို ဘယ်ညာယမ်းပြီး ယောင်ရမ်းလက်ခုတ်တီးနေရှာတယ်။
ဥာဏ်ရည်မမှီတဲ့ ကလေးတစ်ယောက်ရဲ့ပုံစံဆိုပေမယ့် မေးလိုက်ရင် စာတွေက ရနေတော့ ဒါဟာ သမားရိုးကျ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထင်လိုက်တယ်။
ဒါနဲ့ တစ်ရက်ကျတော့ ကလေးကို မေးလိုက်တယ်။
" သားမှာ စိတ်ညစ်စရာတွေ ရှိလား?
ကျူရှင်ကိုလဲ အစောကြီးရောက်ရောက်လာတယ်!
အိမ်မှာ စာမကျက်ဘူးလား "
" သား အိမ်မှာ စာကျက်လို့ မရဘူး ဆရာမ!
ဖေဖေနဲ့မေမေက တနေကုန် ရန်ပဲဖြစ်နေကြတာ!
အဒေါ်တွေအိမ် သွားကျက်တော့လဲ
သူတို့က မကြိုက်ဘူး
နားငြီးတယ်တဲ့ "
ကျွန်မရင်ထဲ တော်တော်လေး အခံရခက်သွားတယ်။
ကလေးပြောပုံအရ မိဘတွေဟာ
မနက် နေ့ ည မရှောင် နေ့တိုင်းနီးပါး ရန်ဖြစ်နေကြတဲ့သဘောပါ။ဒါပေမယ့် ကျွန်မ ကလေးရဲ့စကားကို တစ်ဝက်ပဲ ယုံလိုက်ပါတယ်။ကျူရှင်စောစောလာချင်လို့ ဒါမှမဟုတ် စာမေးလိုက်လို့ မပြန်နိုင်ရင် အကြောင်းပြချက်ကောင်း ဖြစ်ချင်လို့ လို့ပဲ ထင်ထားလိုက်ပါတယ်။
ဒီနေ့ အစောကြီး လာနေကျကလေးက
နောက်ကျနေပါတယ်။ရောက်လာတော့လဲ ဆံပင်တွေ ဖရိုဖရဲနဲ့ အိပ်ချင်မူးတူးပုံစံနဲ့ပါ။ကျွန်မအော်ပေးတဲ့
စာတွေကိုလဲ စိတ်မပါတပါနဲ့ လိုက်ရေးနေပြီး
ဆိုခိုင်းတော့လဲ ပါးစပ်လှုပ်ရုံလေး လှုပ်နေတော့ မူမမှန်တော့ဘူးဆိုတာ သတိပြုမိလိုက်တယ်။
" သား အခုမှ အိပ်ယာက ထလာတာလား?
အိပ်ချင် မပြေသေးဘူးလား "
" ဟုတ် ဆရာမ "
နောက်ထပ် မဖြေချင်တဲ့အတွက် မေးခွန်းထပ်ထွက်မလာအောင်
ကျွန်မကိုတောင် မော့မကြည့်ဘဲ နားအေး ပြီးရော ဖြေလိုက်တာမှန်း ကျွန်မ ချက်ချင်းသိလိုက်ပါတယ်!
ဒါနဲ့ လေသံကိုမြင့်ပြီး
" ထစမ်း!
ထွက်ခဲ့စမ်း!
အိပ်ချင်မပြေသေးရင် အိပ်ချင်ပြေအောင် လုပ်ပေးမယ်!
လာခဲ့ !
ဒီရှေ့မှာလာ!
ထိုင်ထလုပ် "
အဲ့ဒီကလေး ခုံအပြင်ဘက် ထွက်ဖို့လုပ်တဲ့အချိန်မှာပဲ ဘေးက ကလေးက
" ဟာ ဆရာမ....
သူ့ခြေထောက်မှာ သွေးတွေ သွေးတွေ " ဆိုတာနဲ့ ကလေးရဲ့ခြေထောက်ကို
ကျွန်မ ကြည့်မိတော့ ခြေသည်းမရှိတော့ဘဲ သွေးတွေ အပြစ်လိုက် စီးကျနေတာကို မြင်လိုက်ရတယ်!ထိတ်ကနဲလန့်သွားပြီး အရက်ပျံနဲ့ဆေးယူထည့်ပေးတော့ အံကို တင်းကနဲကြိတ်ပြီး တစ်ချက်ကလေးမှ မမဲ့ပါဘူး!ဒီဒဏ်ရာထက် သူ့ရင်ထဲက နာကျင်မှုက သိပ်ပြင်းထန်နေတယ်ဆိုတာ မိခင်စိတ်ရှိသူတိုင်း ခံစားမိကြမှာပါ!
" ဘာဖြစ်လာတာလဲသား
ဘာလို့ ဆရာမကို မပြောရတာလဲ "
" ဖေနဲ့မေ ရန်ဖြစ်တာ
အမေ့ကို အဖေက အုတ်ခဲနဲ့ထုမယ်လုပ်လို့ သားကဝင်ဆွဲတာ !
အဲ့ဒါ အဖေက ရုန်းရင်း အုတ်ခဲကို ဆောင့်ချပစ်လိုက်တော့ သားခြေချောင်းပေါ်ကျပြီး ခြေသည်းကျွတ်ထွက်သွားတာ!
ဒီမှာရော ရှိသေးတယ်!
ဒီမှာရော...ဆရာမ "
" ဖြစ်ရလေ သားရယ်...."
သူလက်ညိုးထိုးပြရာ ပေါက်ပြဲနေတဲ့ နေရာလေးတွေကို ဆေးထည့်ပေးရင်း ကျလုဆဲဆဲမျက်ရည်တွေကို မနည်းထိန်းထားနေရတယ်။ဘာစကားမှ ထပ်မပြောနိုင်တော့ဘဲ အောက်ထပ်ကို အမြန်ဆင်းလာခဲ့ပြီး လှေကားရင်းမှာ ထိုင်ငိုနေလိုက်မိတယ်!
ကလေးရင်ထဲက အပူမျိုး ကျွန်မရင်ထဲမှာ ပူလောင်ခဲ့ဖူးပါတယ်!
မိဘတွေရဲ့ ရန်ပွဲကနေ ဘယ်လိုမှ ရှောင်ထွက်မလာနိုင်ဘဲ မိခင်အတွက် စိုးရိမ်ပူပန်မှုနဲ့ အဖေ့လက်ကို ရှိသမျှ အားအကုန်သုံးပြီး ဆွဲထားခဲ့ဖူးတဲ့ သားသမီးတွေ အများကြီး ရှိကြမှာပါ။
ငယ်စဉ်က ကျွန်မ ၈-နှစ်သမီး အရွယ်ကပေါ!့
ကျွန်မ မောင်လေးကတော့ ၆ နှစ်လောက်ပဲရှိဦးမယ်!
မိဘချင်း အဆင်မပြေမှုတွေနဲ့ဖြစ်တဲ့ရန်ပွဲကို ရှိသမျှ အင်အားနဲ့ ဘယ်လိုမှ
တားလို့ ဆွဲလို့ မရတဲ့အဆုံး
ကြိုးတစ်ခုရှာပြီး လက်ကောက်ဝတ်ကို တင်းနေအောင်စီး!
ပြီးတော့ ထက်တဲ့ပုလိတ်ဓားနဲ့ လက်ကောက်ဝတ်ကို ရွယ်ထားပြီး
ဘေးမှာ ကျွန်မကို ကြည့်ပြီး တရွှတ်ရွှတ်ငိုနေတဲ့မောင်လေးကို သေချာမှာတယ်!
" မမ ဒီနေရာကို ဓားနဲ့လှီးလိုက်မယ်!
မငိုနဲ့ ဒီမှာကြိုးနဲ့စီးထားတော့ မနာဘူးရယ်!
လှီးပြီးလို့ ဒီကြိုးကို ဖြည်လိုက်ရင် သွေးတွေပန်းထွက်လာမှာ!
အဲ့ခါကျရင် ဖေနဲ့မေကို ပြေးပြီးသွားပြော!
ရန်ဖြစ်နေတာ ရပ်သွားလိမ့်မယ် "
ဒါမှတ်မှတ်ရရပါပဲ!
မိဘရဲ့ ရန်ပွဲက သားသမီးတွေရဲ့ရင်ကို ဘယ်လောက်ထိ ပူပန် ထိတ်လန့်စေတယ်ဆိုတာ ကျွန်မကိုယ်တွေ့ပါပဲ!အခု မိဘနေရာ ရောက်နေတဲ့သူတိုင်းလည်း ကြုံဖူးခဲ့ကြမယ်ထင်ပါတယ်!ဒါနဲ့များ ဘာလို့ မဆင်ခြင်နိုင်ကြတာလဲ!
လင်နဲ့မယားပဲ ဖြစ်ပြီးရင် ပြီးသွားကြတာပဲ ဆိုပေမယ့် ထိတ်လန့်မှုတွေ စိုးရိမ်မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်နေကြရတဲ့ အရွယ်မရောက်သေးတဲ့ သား သမီးတွေရဲ့ ရင်ထဲက ဒါဏ်ရာဟာ ပျောက်မသွားပါဘူး!ဆိုးကျိုးတွေအရ
ကလေးရဲ့ ဥာဏ်ရည်ကို ထိခိုက်လာတာ၊ နှလုံးရောဂါရလာတာ!စိတ်ဝေဒနာတွေရလာကြတာမျိုးတွေ ရှိပါတယ်။
မိဘတွေ တော်တော်များများဟာ ကိုယ့်စိတ်ကိုယ် ဦးစားပေးလွန်းကြပါတယ်!သား သမီးတွေနေရာကနေ ဝင်ကြည့်တတ်တဲ့သူ သိပ်ကိုရှားပါတယ်။
ကျွန်မပြောချင်တာက...
ကတောက်ကဆဆိုတာမျိုးက လင်နဲ့မယာကြား ဖြစ်လေ့ဖြစ်ထရှိတာမှန်ပါတယ်။ ဒါပေမယ့် သား သမီးတွေ ရှိနေတဲ့အခါ အောင့်အီးသည်းခံပြီး သား သမီးတွေကွယ်ရာမှာ တိုးတိုးတိတ်တိတ် ကြိတ်ဖြေရှင်းကြတာမျိုး ဖြစ်စေချင်တာပါ။ ဒါဟာ မိဘကောင်းတွေရဲ့ အမူအကျင့်၊
ဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ မိဘတွေရဲ့ အမူအကျင့်လို့ ကျွန်မ ယုံကြည်ထားပါတယ်။
စကားများရန်ဖြစ်နေတဲ့အခါ ကိုယ့်သားသမီးလေးတွေရဲ့ မျက်နှာကို သတိထားပြီး ကြည့်ကြည့်ပါ!
သူတို့ရဲ့မျက်ရည်စလေးတွေကို ခံစားကြည့်လိုက်ပါလို့.....

Credit to>> နန်းဦးယဉ် Post
======================
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...