Tuesday, May 12, 2015

" မင်းသဂျီး "

(၁)

" မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မှာပဲ
ဟုတ်တယ် မင်းသားကြီး မလုပ်ရင်တော့လား ပတ်မကြီးတော့ ထိုးဖောက်ရမှာပဲ "
သြော် ခက်လည်း ခက်လိုက်ပါဘိတော့သည်။ ဘယ်လိုမှ ညှိမရ ပြုမရ။ ဇွတ်တရွတ် မင်းသားကြီးသာ လုပ်မည်ဟု ဆိုသည်။ မင်းသားကြီး မလုပ်ရလျှင် တကယ်ပင် ပွဲဖြတ်မည့် ဟန် ရှိသည်။
မင်းသားကြီး လုပ်ချင်သူ ကျွန်တော်တို့ စကားဝိုင်းက ထသွားမှသာလျှင် ကျွန်တော်တို့ စကားဆက်ပြော ဖြစ်ကြတော့သည်။
သို့သော် ကျွန်တော်တို့ စကားဝိုင်းသည် မင်းသားကြီးနှင့် ပတ်သက်သော အကြောင်းအရာကိုသာ ဦးတည်ပါတော့သည်။

(၂)
" ကျွန်တော်နားမလည်လို့ မေးရဦးမယ်ဗျ ကပွဲတစ်ခု ဒါမှမဟုတ် ဇာတ်ပွဲတစ်ခုမှာ မင်းသားက မင်းသားကြီး တစ်လက်ပဲ ရှိတာလားဗျ "
ကျွန်တော်က စကားဝိုင်းကို မေးခွန်းဖြင့် စသည်။
" မဟုတ်ဘူးဗျ၊ ကျန်တဲ့ မင်းသားတွေ ရှိသေးတယ် "
" ပြောပါဦးဗျ မှတ်သားရတာပေါ့ "
မိတ်ဆွေတစ်ဦးမှ ပြောခြင်းဖြစ်သည်။
" ဇာတ်ပွဲ၊ ဇာတ်အဖွဲ့တွေမှာ မင်းသားသုံးမျိုးရှိတယ်ဗျ၊ မင်းသားနု၊ မင်းသားလတ်နဲ့ မင်းသားကြီး တဲ့"
" လင်းစမ်းပါဦးဗျာ တစ်ခုချင်းစီကို "
" မင်းသားနုဆိုတာက ဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသားလဲ ဖြစ်တယ်၊ မင်းသား၊ ဇာတ်မင်းသား၊ ခေါင်းဆောင်မင်းသားလို့လဲ ခေါ်ဝေါ်ကြတယ်။ မင်းသားနုဟာ နှစ်ပါးသွားသစ္စာထား၊ အနုအရွ၊ အလှအပနဲ့ ဆို၊ ငို၊ ပြော စွယ်စုံပိုင်နိုင်ရတယ်။ ဒါ့အပြင် ဇာတ်ရုပ်အသီးသီးကို နေရာချထားနိုင်ရမယ်။ ဇာတ်ညွှန်းနဲ့ ဇာတ်ချင်းတို့ကို ရေးသားသီကုံးနိုင်ရမယ်၊ ပြီးတော့ သဘင်မှုပညာရပ်ဆိုင်ရာ ဗဟုသုတများနဲ့ ပြည့်စုံရမယ်။ အဲ ရှိသေးတယ် အခြေခံအကတွေဖြစ်တဲ့ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ကိုယ်ဟန်တို့ကို စည်းဝါးတွေနဲ့ အချိုးကျကျ ကပြ တတ်ရသေးတယ်ဗျ "
သူရှင်းပြရတာ မောသွားသည်ထင်၏။ ရေနွေးတစ်ခွက် ငှဲ့သောက်သည်။
" ဟ မလွယ်ပါလားဗျ။ ဒါတောင် မင်းသားနုရှိသေးတယ်နော် "
ကျွန်တော့်ဘေးမှ မိတ်ဆွေတစ်ဦးကလည်း
" အေးဗျနော် ဒီမင်းသားနုအဆင့်တောင် မလွယ်တာ မင်းသားကြီးတွေက လုပ်ချင်ကြသေးရဲ့ဗျာ "
" ဟုတ်ပ ပြီးတော့ ဘာတဲ့ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးပဲ ထိုးဖောက်မယ်ဆိုလားပဲ "
ကျွန်တော်က စကားဝင်ထောက်သည်။
သူက ပြုံးတုံ့တုံ့လုပ်ရင်း စကားဆိုသည်။
" အဲဒါပဲဗျ ကျွန်တော်နိုင်ငံရဲ့ အားနည်းချက်က အဲဒါပဲ "
" ဆိုစမ်းပါဦးဗျာ ဘယ်လို ဆက်စပ်နေလို့လဲ "
ကျွန်တော်ကတော့ စကားဝိုင်းထဲ ၀င်မပါသေးပဲ နားထောင်နေလိုက်သည်။
" ကျွန်တော်နိုင်ငံမှာ တော်တဲ့သူ၊ တတ်တဲ့သူ၊ ထူးချွန်သူတွေ အများကြီးရှိတယ်ဗျ။ ဒါပေမဲ့ အဲဒီလူတွေဟာ စင်ပေါ်ကို ရောက်မလာကြရှာဘူး။ ဘာလို့လဲဆိုရင် မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက် ကြတဲ့လူတချို့ကြောင့်ပဲ။ ငါသာ တော်တယ်၊ ငါသာ တတ်တယ်ဆိုတဲ့ အတ္တကြီးမှုတွေ ကြောင့် သူတစ်ပါးကို နေရာမပေးချင်ကြဘူး။ ခေါင်းဆောင်က ငါသာဖြစ်ထိုင်တယ်၊ ငါနဲ့ပဲ တန်တယ်ဆိုတဲ့ အစွဲ တွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းတွေ၊ သူတော်သူကောင်းတွေ ဆုံးရှုံးကြရတယ်၊ တိမ်မြုပ် ကြရတယ်ဗျ "
" ဟုတ်တယ်ဗျ သူတို့ရဲ့ မနာလို မရှုစိတ်၊ အမုန်းတွေကြောင့် ရိုးသားပြီး စေတနာကောင်းတဲ့ ခေါင်းဆောင်ကောင်းတွေ ထိခိုက်နစ်နာကြရတာပါ။ ကိုယ်တိုင်က တော်သလားဆိုတော့လဲ မတော်ဘူး၊ တော်တဲ့ တတ်တဲ့ သူတွေကိုလဲ နေရာမပေးချင်ကြဘူးလေ "
သူက လက်ဖက်တစ်ဇွန်းစားရင်း ရေနွေးတစ်ငုံသောက်သည်။ စကားဝိုင်းက ခဏတာ တိတ်ဆိတ်သွား သည်။
" ကဲပါဗျာ မင်းသားတွေအကြောင်းပဲ ဆက်ကြရအောင်ဗျာ "
ကျွန်တော့်ဘေးမှ မိတ်ဆွေက စကားစသည်။
" မင်းသားနုကို ကျွန်တော်တို့ အရပ်အသံထွက်နဲ့ မင်းသနု လို့လဲ အသံထွက်တယ်ဗျ။ မင်းသားလတ် အကြောင်းမဆက်ခင် " ဆီးသီးကောက် မင်းသား" အကြောင်း ပြောချင်သေးတယ်ဗျ "
" ဆီးသီးကောက်မင်းသား ဟုတ်လား "
စိတ်ဝင်စားစွာဖြင့် အားတက်သရော ကျွန်တော်ပြောမိသည်။
" ဟုတ်တယ်ဗျ။ ဆီးသီးကောက်မင်းသားတဲ့။ သူကတော့ ဇာတ်အဖွဲ့ရဲ့ ပညာသင်စ မင်းသားငယ်ပေါ့။ ပွဲတစ်ခုမှာ ညဥ့်ဦးပိုင်း သစ္စာထားတို့ နှစ်ပါးသွားတို့ မကမီ ငယ်ရွယ်တဲ့ ဒီဆီးသီးကောက် မင်းသားငယ်တို့ကို အရင် ကပြစေတယ်။ လက်တွေ့လေ့ကျင့်ခန်းဆင်းခိုင်းတဲ့ သဘောပေါ့။ မင်းသားတွေဆိုတာကလဲ ဒီလို ပညာ တော်သင် ဆီးသီးကောက် မင်းသားဘ၀ကနေ တက်သွားကြတာ များပါတယ် "
" အင်းပေါ့ဗျာ ဘယ်အရာဖြစ်ဖြစ် အခြေခံကိုမှ မတတ်ကျွမ်းရင် ဘယ်ဖြစ်ပါ့မလဲ "
" ဒါပေမဲ့ လူ့သဘာဝအတိုင်း တချို့က အဆင့်ကျော်တက်ချင်ကြသလို၊ တချို့က တစ်ခါတည်း မိုးပေါ်ကကျလာသလို ခေါင်းဆောင်နေရာ ၀င်ယူချင်ကြတယ် မဟုတ်လား "
" ဟုတ်တယ် ဒါကတော့ အလွှာအသီးသီးမှာ ရှိတတ်ကြပါတယ်။ အဲဒီလူတွေထဲက တချို့ကတော့ အောက်ခြေမခိုင်ခဲ့လို့ ကိုယ်မတတ်ခဲ့တာ ဖုံးကွယ်ချင်တော့ " ဟန်ကိုယ်ဖို့ " လုပ်တတ်ကြတယ်။ တချို့ကတော့ ငါတတ်လို့ ငါတော်လို့ ဒီနေရာ ရောက်တယ်ဆိုတဲ့ အလကား " မာန်" ၀ံ့တတ်ကြတယ်ဗျ၊ အဲ တချို့ကတော့ တကယ့်ကို ရိုရိုကျိုးကျိုးနဲ့ မသိမနားလည်တာတွေ ပြန်လည် သင်ယူတတ်ကြပါတယ်။ စိတ်သဘောထား ပြည့်ဝ သူတွေပေါ့ဗျာ "
စကားလမ်းကြောင်းကတော့ ဆက်ရာ စပ်ရာကို ရောက်ရောက်သွားသည်။ သူကပဲ ဆက်၍ ပြောသည်။
" မင်းသားလတ်အကြောင်း ဆက်မယ်ဗျာ "
" ဆက်မှ ဗျို့ ဆက်မှ နို့မဟုတ်ရင် ကျွန်တော်တို့ မိုးလင်းသွားလိမ့်မယ် "
" မိုးလင်းလဲ လင်းစေဗျာ၊ ကျွန်တော်ကတော့ နားထောင်ရတာ သဘောကျလှတယ်။ ကိုယ့်အတွက် မသိတာတွေ မှတ်သားစရာ ဗဟုသုတတွေ ရတာကိုးဗျ " ဟု ကျွန်တော်က ပြောတော့
" ယူပါဗျာ ယူပါ ဗဟုသုတလဲ ယူ။ ပြီးတော့ ဒီလက်ဖက်သုတ်လေးလဲ စား " မိတ်ဆွေက ပြောပြောဆိုဆို လက်ဖက်ပန်းကန်ကို ကျွန်တော့်ထံ ကမ်းပေးသည်။
လက်ဖက်လေးစားလိုက်၊ ရေနွေးလေးသောက်လိုက်၊ စကားလေးတွေ နားထောင်လိုက်နှင့် ဒီညအဖို့ အဆင်ပြေလို့ နေသည်။
" မင်းသားလတ်ကို အသံထွက် မင်းသလတ်လို့လဲ ခေါ်တယ်။ မင်းသားလတ်ဟာ ခေါင်းဆောင် မင်းသားကြီးရဲ့လက်ထောက်မင်းသားလဲ ဖြစ်တယ်။ ခေါင်းဆောင်မင်းသားကို တစ်ဖက်တစ်လမ်းက အကူအညီ ပေးရဲသူပေါ့။ သဘင်မှုဆိုင်ရာ ပညာဗဟုသုတတွေအပြင် ဓားခင်း၊ လေးခင်းစတဲ့ အခုန်အပျံတွေကို တတ်ကျွမ်း ရတယ်။ ကပြဖျော်ဖြေရမှာလဲ အတွင်းခံ ကတ္တီပါ ဘောင်းဘီမြင်အောင် ခါးတောင်းကျိုက် ကပြရလို့ " ခါးတောင်းကျိုက် မင်းသား" လို့လဲ ခေါ်ဆိုကြသေးတယ်။ အဲဒီ ခါးတောင်းကျိုက် မင်းသားတွေဟာ အသက် အရွယ်အားဖြင့် ကြီးတတ်သူတွေ၊ အသံပျက်ပြီး တစ်ခုခုချို့ယွင်းနေတဲ့ မင်းသားတွေကို မင်းသားနုလဲမက၊ မင်းသားကြီးလဲ မကျတဲ့ သူမျိုးကို ထားတတ်ကြတယ် "
မိတ်ဆွေက အလိုက်သိသိဖြင့် ရေနွေးပန်းကန် ကမ်းပေးသည်။ သူက ထုံးစံအတိုင်း ရေနွေးတစ်ခွက် သောက်သည်။ ကျွန်တော်ကတော့ စကားစမိသည်။
" ဒီ မင်းသားလတ်လိုအနေအထားမျိုး နေရာ၊ ဌာန၊ အသင်းအဖွဲ့အသီးသီးတိုင်းမှာ လိုမယ်ထင်တယ်ဗျ နော် "
" ဟာ လိုတာပေါ့၊ လိုတာပေါ့၊ ခေါင်းဆောင်ဆိုတာလဲ တစ်ယောက်တည်းနဲ့တော့ မဖြစ်ဘူးလေဗျာ။ သူလဲ မှားတတ်မှာပဲ။ ဒါပေမယ့် အမှားအကင်းနည်းအောင် ဘေးက အကြံအဥာဏ်ဖြစ်ဖြစ်၊ အကူအညီဖြစ်ဖြစ် ထောက်ပံ့ကူညီပေးတတ်တဲ့ သူတွေ လိုအပ်တာပေါ့ "
မိတ်ဆွေက ပြောသည်။ သူကတော့ သူအကြောင်းအရာကို သူဆက်ပြောသည်။
" မင်းသားကြီးကို " မင်းသဂျီး " လို့လဲ ခေါ်တယ်။ မင်းသားကြီးတွေဟာ ဇာတ်စာ၊ ဇာတ်စကား၊ ဇာတ်ချင်းတွေကို ကျွမ်းကျင်တဲ့ ၀ါရင့်ဇာတ်သဘင် အမျိုးသားတွေဖြစ်တယ်။ ဒီနေရာမှာ သတိချပ်ဖို့က ခေါင်း ဆောင်မင်းသားတွေ အသက်ကြီးသွားလို့ မင်းသားကြီး ဖြစ်တာမဟုတ်ဘူး။ အတွေ့အကြုံ ပညာကြီးမြင့်သွားခြင်းကြောင့် မင်းသားကြီးလို့ ခေါ်တာဖြစ်တယ်။
မင်းသားကြီးတွေဟာ ဇာတ်အဖွဲ့ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အပြင် သိကြားခန်း၊ ဘုရင်းခန်း၊ နတ်ဝင်ခန်းမှစလို့ ထဘီဝတ်ပြီး မိန်းမကြမ်း၊ သူဌေးကတော်၊ သူကြီးကတော်ဆိုတဲ့ ဇာတ်ရုပ်တွေကိုလဲ ပိုင်နိုင် ကျွမ်းကျင်စွာ ကတတ်ရတယ်။ ဒါ့အပြင် ဥစ္စာရူး၊ စုန်းတိုက်၊ နတ်တိုက်ရူး၊ နောက်ပိုးရူး၊ ဘုရင်ရူး၊ ရာဂရူးစတဲ့ ဇာတ်ရုပ်တွေကိုလဲ ပီပြင်စွာ သရုပ်ဆောင်တတ်ရတယ်။
မင်းသားကြီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပညာတွေက ကျယ်ဝန်းလှပါပေတယ်ဗျာ "
" အဟီး .." သူစကားဆုံးသည်နှင့် ကျွန်တော်က ရယ်ချင်စိတ်နှင့် အသံထွက်သွားသည်။
" ဘာလဲဗျ ခင်ဗျားကလဲ။ ဘာသဘောကျလို့တုန်း "
" အော် ဒီလိုပါ။ ဒီလိုပါ မင်းသားကြီး လုပ်ချင်ကြတာက ခင်ဗျားပြောခဲ့တဲ့ ဥစ္စာရူး၊ ဘုရင်ရူး၊ ရာဂရူး၊ ထပ်ဖြည့် အာဏာရူးဇာတ်ရုပ်တွေကို ကချင်ကြလို့နဲ့တူတယ် "
" ခင်ဗျားကတော့ လုပ်ပြီ "
သူတို့နှစ်ဦးလုံး ပြုံးထေ့ထေ့နှင့် ပြောသည်။
" ဘယ်မင်းသားမဆို မင်းသားတို့တတ်အပ်သော ပညာရပ် ၁၂ ရပ် ကိုလဲ တတ်ကျွမ်းရတယ်ဗျ "
ထိုအခါ မိတ်ဆွေတစ်ဦးက ကြားဖြတ်ပြောလိုက်သည်။
" နိုင်ငံရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက် စုစုပေါင်း ၁၂ ရပ်လား ခင်ဗျ "
" ခင်ဗျားတို့ကလဲ ဘယ်လို ပြောပြော ဒီပုတ်ကြီးပဲ ဆွဲဆွဲထည့်နေတယ် "
" အဟဲ "
" မင်းသားတို့တတ်အပ်တဲ့ ပညာ ၁၂ ရပ်က " ရူး၊ အ၊ မွဲ၊ သေ၊ ချမ်း၊ စေ၊ ကြမ်း၊ နု၊ ကိုယ်မူ၊ စိတ်၊ သံ၊ မျက်နှာ " တဲ့။ မထူးတော့ပါဘူး၊ သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး၊ ဆက်ပြီး တစ်ခုချင်းစီ ရှင်းမယ်ဗျာ"
" ရှင်းပါ ရှင်းပါ၊ ရှင်းစေချင်နေတာ "
" ဟုတ်ပါပြီ။ အဲဒီ ၁၂ ရပ်က ရူးတတ်ရခြင်း၊ အတတ်ရခြင်း၊ မွဲတတ်ရခြင်း၊ သေတတ်ရခြင်း၊ ချမ်းသာ တတ်ရခြင်း၊ အမိန့်ပေးစေတတ်ရခြင်း၊ ခက်မာကြမ်းတမ်းတတ်ရခြင်း၊ အနန္တော အနန္တ ငါးပါးကို သိတတ်ရပြီး ယဉ်ကျေးသိမ်မွေ့တတ်ရခြင်း၊ ယဉ်ကျေးတတ်ခြင်းနဲ့ လိုက်ဖက်တဲ့ ကိုယ်အမူအရာ ရှိရခြင်း၊ ဇာတ်ကောင် စရိုက် အတိုင်း စိတ်စွဲမြဲစွာ ထားတတ်ရခြင်း၊ ဇာတ်ရုပ်အတိုင်း အသံထွက် မှန်ထားတတ်ရခြင်း၊ ဇာတ်ရုပ်ရဲ့ အသွင်အပြင် အမူအယာနဲ့လိုက်ဖက်တဲ့ မျက်နှာပြောင်းလွှဲတတ်ရခြင်းတို့ပဲ ဖြစ်ပါတယ် ခင်ဗျာ "
" ဟူး မင်းသဂျီးက စတဲ့ ဇာတ် ရှင်းလိုက်ရတာ ခုမှပဲ ပြီးတော့တယ် "
ကျွန်တော်က မနေနိုင် ၀င်ပြောဖြစ်ပြန်သည်။
" ပြီးသွားပြီလားဗျ နားထောင်လို့ ကောင်းနေပါတယ်ဆို "
မိတ်ဆွေတစ်ဦးက ကျွန်တော့် ပေါင်ကို ပုတ်ပြီး..
" နိဋ္ဌိတံ ပါတယ်။ နိဋ္ဌိတံ ပါတယ် " ဟု ပြောလိုက်တော့သည်။
(၃)
ကျွန်တော်တို့ စကားဝိုင်းအား လင်းအရုဏ်မတက်မီအချိန်တွင် သိမ်းလိုက်ကြသည်။ ပြီးတော့ မင်းသားကြီးသာ လုပ်ချင်သော မိတ်ဆွေတစ်ဦး တစ်ရေးမနိုးခင် သိမ်းလိုက်ကြခြင်းဖြစ်သည်။
သို့မဟုတ်က သူနိုးလာပြီး
" မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်
မင်းသားကြီး မလုပ်ရလို့ကတော့ ပတ်မကြီးကို ထိုးဖောက်မှာပဲ "
ဟူသော ကြွေးကြော်သံတို့ ထပ်မံကြားနေရပါက ကျွန်တော်တို့လည်း မင်းသဂျီးနေရာကို အိပ်မက်ပင် မက်ဝံ့မည် မဟုတ်တော့ဟု ထင်မိပါသည်။
ထို့ကြောင့် ကျွန်တော်တို့လည်း မင်းသဂျီးနေရာ အိပ်မက် မက်ခွင့်ရအောင် စကားဝိုင်းသိမ်းပါသည်။ အိပ်မက် မက်ပါ လိမ့်ဦးမည်။
ပညာရပ်တွေ တတ်ကျွမ်းပြည့်ဝတဲ့
စိတ်သဘောထားတွေ ပြည့်ဝတဲ့
မင်းသဂျီးများ ဖြစ်နိုင်ကြပါစေ။
-----------------
×××××××××
စာကိုး - (၁) မအေးချမ်း(မြန်မာစာ)၊ " မြန်မာ့သဘင်မှုအနုပညာနှင့် အသုံးတွင်စကားများ "
(၂) ခင်မျိုးချစ်၊ ချစ်ဦးညို၊ " လောကဇာတ်ခုံ၊ ဇာတ်ခုံလောက "
Credit to >မောင်ပိုင်
၈-၅-၂၀၁၅။
Maung Paing's photo.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...