Thursday, May 14, 2015

ယာဉ်ကြောပိတ်ဆို့မှုပြဿနာရဲ့ အဖြေဟာ ဘာလဲ

ရန်ကုန်၊ မန္တလေးနဲ့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့က ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဟာ တစတစ ကြီးထွားလာနေခဲ့ပါပြီ။ ဒီပြဿနာ ပြေလည်ဖို့ရာမှာ ရေတိုရေရှည် မူဝါဒတွေကို မှန်မှန်ကန်ကန် ချမှတ်ဖို့၊ ကောင်းမွန်တဲ့ မူဝါဒတွေအတိုင်း စီမံခန့်ခွဲမှုအပိုင်းက တိတိကျကျ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ လူထုအပါအ၀င် ဆိုင်သူ အားလုံးက စည်းကမ်းလိုက်နာပြီး လိုက်နာ ပူးပေါင်း ဆောင်ရွက်ကြဖို့ဟာ အလွန်အရေးကြီးပါတယ်။
DVB ဒီဘိတ်က ``ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ အဖြေရှာ`` ဒီဘိတ်ကို တင်ဆက်ခဲ့ပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်၊ သယ်ယူပို့ဆောင်ရေး လုပ်သားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်ဦးနဲ့ ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်၊ မြို့ပြရေးရာ သုတေသနနှင့် ဖွံ့ဖြိုးရေး အင်စတီကျူ့ ပရိုဂရမ် အရာရှိ ဒေါက်တာကျော်သူတို့က ပါဝင် ဆွေးနွေးကြပြီး ပရိသတ်ထဲကလည်း တက်တက်ကြွကြွ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

မူဝါဒ ချတာတစ်ဖွဲ့၊ လုပ်တာတစ်ဖွဲ့

ရန်ကုန်မြို့မှာ လမ်းတွေပိတ်တယ်၊ ယာဉ်ကြောကျပ်တယ်၊ ကားတွေ များတယ်၊ ကားတွေ စည်းကမ်းမဲ့ မောင်းတယ်၊ တုံးတွေ ချတယ်၊ ခုံးကျော်တံတားတွေ ထိုးတယ် စသဖြင့် စိတ်ညစ်စရာ ပြဿနာတွေ များနေတာဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ချမှတ်တဲ့ မူဝါဒတွေ လွဲနေ/ မှားနေတာကြောင့်လားလို့ မေးတာကိုတော့ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က မူဝါဒ လွဲတယ်လို့ မဆိုသာဘဲ မူဝါဒမှန်ကန်ပါတယ်လို့ ဖြေပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ကညနမှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး၊ နောင်ဆို ကားတွေကျပ်လာနိုင်တာမို့ အဆောက်အဦတွေ တည်ဆောက်ကြတဲ့အခါ ကားပါကင်တွေပါ ထည့်သွင်း တည်ဆောက်ဖို့ အစည်းအဝေးတွေတိုင်းမှာ အစဉ်အဆက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တင်ပြခဲ့ကြပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့ကြဘူးလို့ ဖြည့်စွက် ပြောပါတယ်။

လက်ရှိမှာတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အစိုးရဌာနအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေက အားနည်းသလို မူဝါဒချမှတ်တာက တစ်ဌာနဖြစ်ပြီး၊ အဲဒီမူဝါဒကို အကောင်အထည် ဖော်ရတာက တခြားတစ်ဌာန ဖြစ်နေပါတယ်လို့ ပွင့်ပွင့်လင်းလင်း သုံးသပ်ပြပါတယ်။

အစိုးရမူဝါဒတွေ ချမှတ်တာဟာ ပြည်သူတွေ အဆင်ပြေအောင် အကျိုးရှိအောင် ဆောင်ရွက်ခဲ့ကြတာချည်း ဖြစ်ပေမယ့် လုပ်နည်းလုပ်ဟန်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်လို့ ဦးအောင်မြင့်က သုံးသပ်ပါတယ်။ လမ်းပေါ်မှာ ကားတွေ များနေတယ်လို့ လူတွေက သုံးသပ်ကြပေမယ့် တကယ့်တကယ်တမ်းမှာတော့ မများသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
အာဆီယံအသိုက်အ၀န်းမှာ လူတစ်ထောင်ရဲ့ ကားပိုင်ဆိုင်မှုနှုန်းကို ကြည့်မယ်ဆိုရင် မြန်မာဟာ အနိမ့်ဆုံးစာရင်းထဲ ပါနေတုန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကားစီးရေ ခုနစ်သိန်းကျော်ရှိပြီး၊ ရန်ကုန်မြို့မှာ ကားစီးရေ လေးသိန်းကျော် ရှိနေတာမို့ စီမံခန့်ခွဲမှု အားနည်းတာကြောင့်သာ ကားတွေ များလွန်းနေတယ်လို့ ထင်မှတ်ကြတာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်သားများသမဂ္ဂဟာလည်း ဒဏ်ခံနေရပြီး၊ ဒီပြဿနာတွေ ပြေလည်အောင် သမဂ္ဂအနေနဲ့ ဆောင်ရွက်တာတွေကတော့ အားနည်းနေပါသေးတယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာပြေလည်အောင် ကျောက်တုံးချတာတွေ၊ ခုံးကျော်တံတားထိုးတာတွေကို ဆောင်ရွက်တာ တွေ့ရပေမယ့် ဒါတွေဟာ အမြန်ဖြေရှင်းနည်းသာ ဖြစ်ပြီး ရေရှည်မှာ မထိရောက်ပါဘူးလို့ ဒေါက်တာကျော်သူက ပြောပါတယ်။။
ရန်ကုန်မြို့ပြစီမံကိန်းကို တစ်စုံလုံးကြည့်ဖို့လိုပြီး မြို့ပြအဆောက်အဦတွေ၊ စက်မှုလုပ်ငန်းတွေ၊ နယ်က မြို့ကို တက်လာသူတွေနဲ့ ရန်ကုန်ဟာ ကြီးထွားလာနေတာမို့ သီလ၀ါအပါအ၀င် စီးပွားရေးအထူးဇုန်တွေ၊ စက်မှုဇုန်တွေ လုပ်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ဒေါက်တာကျော်သူက ထောက်ပြပါတယ်။

ရန်ကုန်မြို့မှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို အသုံးပြုနေသူတွေဟာ လူဦးရေရဲ့ ထက်ဝက်လောက် ရှိနေတော့ ကားချည်းအသုံးပြုတာမျိုး မဟုတ်ဘဲ ရထားလမ်းနဲ့ ရေလမ်းကြောင်းတွေကိုပါ ထည့်သွင်းသုံးနိုင်ဖို့ကို စဉ်းစားသင့်တယ်လို့ သူက ဆိုပါတယ်။
ဒီလိုလုပ်ငန်းတွေ လုပ်ဖို့ရာမှာ ဘတ်ဂျက်လိုအပ်ပြီး ဘတ်ဂျက်ကို နိုင်ငံရပ်ခြားကနေ အထောက်အပံ့ယူတာ၊ အစိုးရက စိုက်ထုတ်သုံးစွဲတာ၊ အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်တာမျိုးတွေနဲ့ လုပ်ကိုင်နိုင်တယ်လို့ ဒေါက်တာကျော်သူက ထောက်ပြပြီး၊ အဲဒီဆောင်ရွက်ရာမှာ လုပ်နိုင်စွမ်း ရှိဖို့ကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။

ခုံးကျော်တံတားတွေ ထိုးတာမှာလည်း အရှေ့-အနောက်၊ တောင်-မြောက် ထိုးနေတာမျိုးထက် လမ်းအားလုံးကို ချိတ်ဆက်နိုင်မယ့် ပုံစံမျိုး (လေးညှင်းပွင့်ပုံစံ) ထိုးတာမျိုးတွေကို လုပ်သင့်တယ်လို့ ဦးအောင်မြင့်က ထောက်ပြပါတယ်။

လမ်းပေါ်မှာ ကျောက်တုံးတွေ ချထားတာဟာ တကယ်လို့များ ယာဉ်မတော်တဆမှုတွေ ဖြစ်ရင် ယာဉ်မောင်းတွေကို သေဒဏ်ပေးလိုက်သလိုပဲ၊ ပိုဆိုးသွားစေတယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ ဒုတိယသမ္မတ ဦးဆောင်တဲ့ အမျိုးသား လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီကို ဖွဲ့စည်းထားတဲ့အကြောင်းကိုလည်း ဦးလျန်ကျင့်မန်က သတင်းပေးပါတယ်။

ဘတ်စ်ကားတွေ စည်းကမ်းဖောက်တာ

ရန်ကုန်မြို့တွင်း ပြေးဆွဲသွားလာနေတဲ့ ဘတ်စ်ကားတွေဟာ နေ့စဉ် ခရီးသွား နှစ် ဒသမ နှစ်သန်းကို  ၀န်ဆောင်မှု ပေးနေတာပါ။ ဒါပေမဲ့ ပြဿနာက ၀င်ငွေကောင်းဖို့အတွက် ကားတွေကို မောင်းချင်သလို မောင်းနေတာ ဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အများစုဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုလည်း မလိုက်နာကြပါဘူး။

ယာဉ်ပိုင်ရှင်တွေက လိုချင်တဲ့ ပိုက်ဆံကို ရအောင် ရှာပေးဖို့နဲ့ သူတို့အတွက် အပိုဝင်ငွေရအောင် ဖန်တီးနိုင်ဖို့ ယာဉ်စီးခတွေကို ပိုတောင်းတာ ရှိသလို ခရီးသည်တွေကို မချေမငံ ဆက်ဆံတာတွေကိုလည်း အခါအားလျော်စွာကနေ အမြဲတမ်းဆိုသလို လုပ်ဆောင်ကြပါတယ်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) ဥက္ကဋ္ဌ ဦးလှအောင်ကတော့ ယာဉ်မောင်း/ ယာဉ်နောက်လိုက်တွေက ခရီးသည်တွေကို ယာဉ်စီးခ ပိုကောက်ခံတာ၊ မချေမငံ ဆက်ဆံတာတွေ လုပ်လို့ တိုင်ကြားခဲ့ရင် စစ်ဆေးပြီး ဒဏ်ငွေ သုံးသောင်းကျပ် ဒဏ်တပ်ပစ်တာ၊ အလုပ် လုပ်ခွင့် သုံးလပိတ်ပစ်ပြီး အရေးယူတာမျိုးတွေ လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

ဒီလိုတွေ အရေးယူပေမယ့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်တွေရဲ့ နောက်မှာ မှီခိုစားသောက်နေတဲ့ မိသားစုဝင်တွေ ရှိနေသေးတာကြောင့်မို့ ဆင်းရဲမှုလျော့ချရေး ကိစ္စတွေမှာပါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်လို့ ဦးလှအောင်က ထောက်ပြ ဆွေးနွေးပါတယ်။

ယာဉ်ကြောပိတ်ဆို့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ဘ၀ဟာ ဒုက္ခဆင်းရဲတွေနဲ့ ကြုံနေရတယ်၊ ဒါတွေကို ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) နဲ့ ရန်ကုန်တိုင်းအစိုးရက ပြေလည်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ မူဝါဒတွေ မချမှတ်ခင်မှာလည်း ပြည်သူတွေကို ချပြဆွေးနွေးဖို့ လိုအပ်တယ်လို့ ပရိသတ်ထဲက နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးသန်းဦးက ပါဝင် ဆွေးနွေးပါတယ်။
တခြားပရိသတ်တစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေကလည်း ရန်ကုန်၊ မန္တလေးအပါအ၀င် မြန်မာပြည်က မြို့ကြီးတွေမှာ ယာဉ်ကြပ်ရောဂါ ဖြစ်နေတယ်၊ ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို ယာဉ်ထိန်းရဲတွေကပဲ လုပ်ပေးရသလား၊ လူထုလည်း ပါဝင်ရမယ်၊ လူထုကို ပညာပေးရမယ်၊ ယာဉ်မောင်းတွေကို ပညာပေးရမယ်လို့ ပါဝင်ဆွေးနွေးပါတယ်။

ဆွေးနွေးချက်တွေထဲမှာ မထသကို ဖြုတ်ပစ်လိုက်ဖို့ ပါဝင်ခဲ့ပါတယ်။ ဦးလှအောင်ကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ မထသမှာ ယာဉ်မောင်း ၆၉၀၀ ကျော် ရှိနေတယ်၊ နေ့စဉ်ခရီးသည် နှစ် ဒသမ နှစ်သန်းကို ဘယ်သူတွေက ပို့ဆောင်ပေးမလဲ၊ မထသကို ဖျက်သိမ်းစရာ မလိုပါဘူးလို့ ဖြေရှင်းပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကနေ ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေပြဋ္ဌာန်းထားတယ်၊ အခုနောက်ပိုင်း ယာဉ်မောင်း/ ယာဉ်နောက်လိုက်တွေပါ အစုရှယ်ယာဝယ်ယူခွင့် ရှိမယ့် အများပိုင် အများပြည်သူခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ပေါ်ထွက်လာရင် အဆင်ပြေသွားနိုင်တယ်၊ စီမံခန့်ခွဲမှုတွေ ပြောင်းပြီး ရေတိုရေရှည် စီမံကိန်းချလုပ်ရင် ဖြစ်တယ်၊ ဒါပေမဲ့ အစိုးရချည်း လုပ်လို့တော့ မဖြစ်ဘူး၊ ပြည်သူပါ ပါဖို့လိုပါတယ်လို့ ဦးလှအောင်က ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရင် လေးနာရီလောက်ကြာတယ်၊ ဒီလို ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှင်းလင်းဖို့ သူတို့ချည်း မလုပ်နိုင်ဘူး၊ အစိုးရလည်း ပါဖို့လိုတယ်လို့ ဘုရင့်နောက်ကုန်စည်ဒိုင် သယ်ယူပို့ဆောင်ရေးဘက်က တာဝန်ရှိသူတစ်ဦးကလည်း ပရိသတ်အနေနဲ့ ပါဝင်ဆွေးနွေးပါတယ်။ အစိုးရနဲ့ လူထု အပြန်အလှန်ပါကြဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

နည်းလမ်းတွေ ရှိနေတယ်

ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းဖို့က ရေတိုရေရှည် နည်းလမ်းတွေနဲ့ သွားရမယ်၊ မီးရထားကို သုံးလို့ရတယ်။ စင်ကာပူနဲ့ ဘန်ကောက်မြို့တော်တွေမှာ မြို့တွင်းပြေး ရထားလမ်းစနစ်ကို ကောင်းကောင်း လုပ်ဆောင်ထားတယ်၊ ရန်ကုန်မှာက အများပြည်သူ သွားလာဖို့က ဘတ်စ်ကားမှ မစီးရင် တခြားနည်းလမ်း မရှိသလို ဖြစ်နေတယ်လို့ ဒေါက်တာကျော်သူက ဆွေးနွေးပါတယ်။

နှစ်ထပ်လမ်းတွေ၊ အပေါ်ထပ်အမြန်လမ်းတွေ လုပ်နိုင်တယ်၊ ပြည်တွင်းရေကြောင်းကနေ လှိုင်သာယာ-အင်းစိန်ကနေ ဆူးလေအထိ သင်္ဘောတွေ ပြေးနိုင်တယ်၊ မြို့နယ်တချို့မှာ စက်ဘီးသုံးပြီး သွားလာနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

မထသက ယာဉ်ပိုင်ရှင်တွေအပေါ် အခြေပြု လုပ်ကိုင်နေတော့ ပိုင်ရှင်တွေ လိုအပ်တဲ့ ပိုက်ဆံကို ယာဉ်မောင်း/ ယာဉ်နောက်လိုက်တွေက အလုအယက် ရှာကြတယ်၊ တကယ်တော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုမှာ အစိုးရက စိုက်ထုတ်ပေးသင့်တယ်လို့ ဒေါက်တာကျော်သူက ပြောပါတယ်။ လက်ရှိမှာတော့ စီမံခန့်ခွဲရေးစနစ်ဟာ အထက်အမိန့်အတိုင်း လုပ်ကိုင်နေကြတုန်းပဲလို့ သူက ပြောပါတယ်။

လမ်းတွေပေါ်မှာ ကားတွေများနေလို့ လူတိုင်းကားစီးနိုင်အောင် ကားတွေကို ပေါပေါများများ တင်သွင်းခွင့်ပြုနေတဲ့ အစိုးရမူဝါဒကို ယာယီရပ်ဆိုင်းထားသင့်တယ်လို့ ဦးမောင်မောင်ဦးက ဆွေးနွေးပါတယ်။ ဒါကို အားလုံး လွှမ်းခြုံတဲ့ သယ်ယူပို့ဆောင်ရေးမူဝါဒတစ်ရပ် မရှိသေးလို့  ဖြစ်နေတာပါလို့ ဦးအောင်မြင့်က ထောက်ပြပါတယ်။

ကားတင်သွင်းတဲ့ မူဝါဒကို ရပ်ဆိုင်းစရာ မလိုဘဲ ကားတင်သွင်းတဲ့ မူကိုသာ ပြုပြင်ဖို့ လိုတယ်၊ ဥပမာအားဖြင့် ဘတ်စ်ကားတွေနဲ့ ကုန်တင်ကားတွေကို ပိုမိုတင်သွင်းခွင့်ပြုတဲ့ မူဝါဒမျိုးကို အကောင်အထည် ဖော်သင့်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

အခု ကားသွင်းရင် ကားတင်သွင်းခွင့် ပါမစ်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို လျှောက်နေရတာမျိုးဟာ မဖြစ်သင့်ဘူး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဘက်နဲ့သာ ဆိုင်သင့်တယ်လို့ သူက ဆိုပါတယ်။

ဦးမောင်မောင်ဦးကတော့ အစိုးရက ကားပါကင်ရှိမှ ကားဝယ်ဖို့ ပြောပေမယ့် တခြားနယ်က သန်းခေါင်စာရင်းနဲ့ ၀ယ်တာမျိုး၊ ဥပဒေကို လက်တစ်လုံးခြား လုပ်တာမျိုးလည်း ရှိနေတယ်၊ တကယ်တော့ အစိုးရမူဝါဒနဲ့သာ ဆိုင်တယ်၊ မူဝါဒမှားနေတာကို ၀န်ခံပါ၊ နိုင်ငံတော်က တာဝန်ရှိသူတွေ ၀န်ခံပါလို့ ဦးမောင်မောင်ဦးက ထပ်လောင်း တောင်းဆိုပါတယ်။

ကားတင်သွင်းလို့ ကားဝယ်စီးလို့ ကညနအခွန်အပါအ၀င် အစိုးရဟာ အခွန်အမျိုးမျိုးကို ကောက်ခံနေတယ်၊ ဒီအခွန်တွေကို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုအတွက် ပြန်လည် အသုံးချသင့်တယ်လို့ ဒေါက်တာကျော်သူက ထောက်ပြပါတယ်။

ပြည်သူတွေဟာ အစိုးရက ကားနဲ့ပတ်သက်ပြီး အခွန်ဘယ်လောက်ရလို့ ဘယ်လို ပြန်သုံးနေတယ်ဆိုတာကို ဘာမှ မသိရဘူး၊ ပွင့်လင်း မြင်သာမှုလည်း မရှိဘူးလို့ ထောက်ပြ ဝေဖန်ပါတယ်။

ဦးမောင်မောင်ဦးကတော့ သူတို့ဟာ တက္ကစီမောင်းသူတွေဖြစ်ပြီး အရင်က ၁၀ မိနစ်လောက် မောင်းရင် ၁၀၀၀ ကျပ်လောက် ရတာကို အခုဆို နာရီဝက်လောက်ကြာအောင်မောင်းမှ အဲဒီပိုက်ဆံကို ရတယ်၊ အုံနာကြေး (အငှားယာဉ်မောင်းက ယာဉ်ပိုင်ရှင်ကို ပေးရသော နေ့တွက်ကြေး) နဲ့ ဆီဖိုးနုတ်ပြီးရင် တစ်နေ့ဝင်ငွေဟာ အလွန်နည်းသွားတယ်လို့ ယာဉ်ကြောကျပ်တည်းမှုအပေါ် လူမှုစီးပွားဘ၀ ထိခိုက်တာကို ပြောပြပါတယ်။

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက မြို့လယ်ခေါင် လဟာပြင်ဈေး (ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ ကွက်လပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) နေရာမှာ ၁၀ ထပ် ကားပါကင်ဆောက်ဖို့နဲ့ အဲဒီလိုနေရာမှာ ကားတွေထားပြီး မြို့ထဲကို လမ်းလျှောက်ကြဖို့ကို ရေးသား ဆော်သြခဲ့သူ ဖြစ်ပါတယ်လို့ စာနယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ ဦးအောင်ကျည်စိုးမြင့်က ပါဝင်ဆွေးနွေးပါတယ်။

ကား၊ ရထားနဲ့ ရေလမ်းခရီး ပြေးဆွဲမှုတွေဟာ ချိတ်ဆက်မှု ရှိရမယ်၊ ကားဂိတ်၊ ဘူတာရုံနဲ့ သင်္ဘောဆိပ်တွေဟာ ချိတ်ဆက်ထားလိုက်ရင် ပြည်သူတွေ သွားလာရေးမှာ အဆင်ပြေမယ်။ အခုဆို ရန်ကုန်ဘူတာကြီးဟာ ဘယ်လိုမှ ချိတ်ဆက်မထားဘူး၊ ကားမှတ်တိုင်တွေကို မီးပွိုင့်နဲ့ ကပ်နေတယ်ဆိုရင် မီးပွိုင့်ကနေ ခွာထားလိုက်တာမျိုးလည်း ဆောင်ရွက်နိုင်တယ်လို့ ဒေါက်တာကျော်သူက ပြောပါတယ်။

ဦးအောင်မြင့်ကတော့ မြို့ပြသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့ပြီး ဌာနဆိုင်ရာ အားလုံးပါဝင် လုပ်ဆောင်ဖို့ကို အကြံပြုပါတယ်။ မူဝါဒကို အားလုံး တိုင်ပင်ပြီး ချထားလိုက်ရင် တကွဲတပြားဖြစ်စရာ မလိုဘဲ အဆင်ပြေနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲနဲ့ စည်ပင်သာယာကတော့ ထိထိရောက်ရောက်နဲ့ စနစ်တကျ ဆောင်ရွက်ရမယ်၊ စည်းကမ်းနဲ့အညီ လုပ်ရမယ်လို့ သူက ဆိုပါတယ်။ အခုတော့ ရှင်းလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ မရှင်းဘဲထားတာမျိုး ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။

အဖြေက ဘာလဲ

ဦးမောင်မောင်ဦးကတော့ အစိုးရအနေနဲ့ ဘယ်လို မူဝါဒတွေပဲ ချမှတ်မှတ်၊ မချမှတ်ခင်မှာ ပြည်သူကို ချပြဖို့ လိုတယ်၊ မချပြဘဲ လုပ်နေလို့ အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာလို့ သုံးသပ် ကောက်ချက်ဆွဲပါတယ်။

မူဝါဒကို ချမှတ်ပြီး အပေါ်က ခိုင်းတာကို အောက်က လုပ်နေရုံနဲ့ မဖြစ်နိုင်ဘူးလို့ ဒေါက်တာကျော်သူကလည်း သုံးသပ်ပါတယ်။ ဘတ်ဂျက်သုံးဖို့ လိုသလို လုပ်နိုင်စွမ်းလည်း ရှိရမယ်၊ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမယ်၊ ရတဲ့အခွန်အခနဲ့ ၀င်ငွေတွေကို ပြန်သုံးပေးဖို့လိုပြီး ဘယ်လိုသုံးနေတယ်ဆိုတာလည်း ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ သူက ဆိုပါတယ်။

ဦးလျန်ကျင့်မန်က လူတိုင်းပါဝင်ရမယ်။ ပြည်သူတွေလည်း ပါဝင်ရမယ်၊ အပြစ်တင်နေတာထက် ပူးပေါင်းဆောင်ရွက်ကြရမယ်၊ အတွေးအခေါ် အယူအဆဟောင်းတွေကို ပြင်ကြရမယ်၊ ကိုယ်ချည်းပဲ ဦးစားပေးခံချင်တာမျိုး မလုပ်ကြဘဲ သူများကို ဦးစားပေးရမယ်၊ တန်းစီတတ်တဲ့အကျင့်၊ တန်းစီတဲ့စနစ်ကို လိုက်နာကျင့်သုံးရမယ်၊ စည်းကမ်းရှိကြပြီး လုနေတာတွေ ရပ်လို့ စိတ်ရှည်ကြရမယ်လို့ ပြောပါတယ်။

ဦးအောင်မြင့်ကတော့ လူသာ အဓိက ဖြစ်တယ်၊ စည်းကမ်းရှိရမယ်လို့ ပြောပါတယ်။ လက်ရှိမူဝါဒတွေက အားနည်းနေသလား ဆန်းစစ်ပါ၊ စီမံခန့်ခွဲမှု အားနည်းတာလည်း ဖြစ်နိုင်တယ်၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အောင်မြင်ပြီးသား စနစ်တွေလည်း ရှိနေတော့ အဲဒါတွေကို လေ့လာပြီး ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့စနစ်တွေကို ကောက်ယူအသုံးပြုလိုက်ရင် အလွယ်လေးပဲ၊ ဒါပေမဲ့ ဒီနည်းလမ်းတွေကို အကောင်အထည်ဖော်တဲ့နေရာဟာ အကောင်အထည်ဖော်သူတွေဟာ သန့်ရှင်းဖို့၊ ဘက်မလိုက်ဖို့ လိုအပ်ပါတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

ပြည်သူတွေရဲ့စိတ်တွေ၊ ခံယူချက်တွေကိုလည်း ပြုပြင်ပြောင်းဖို့လိုအပ်ပြီး ဒီမိုကရေစီကိုသွားကြမယ်ဆိုရင်တော့ စည်းကမ်းက အရေးကြီးပါတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်
မေ ၃၊ ၂၀၁၅။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...