Thursday, May 7, 2015

ပညာရေးအတွေးအခေါ်နှင့် အယူအဆများ ( ၁၉)


သင်ရိုးညွန်းတမ်း
သင်ရိုးညွန်းတမ်းဆိုတာ ဖတ်စာအုပ်တွေထက်ပိုတဲ့ အရာတစ်ခုပါ ။ ယေဘုယျအားဖြင့်တော့ ကျောင်းသား တွေ သင်ယူဖို့လိုအပ်တဲ့အရာ အစုအပေါင်းကို သင်ရိုးညွန်းတမ်းလို့ခေါ်ပါတယ်။ဒါဆိုရင် မေးခွန်းတစ်ခုထပ်ထုတ်ရမှာ မူလတန်း ကျောင်းသားတွေ သင်ဖို့လိုအပ်တဲ့အရာတွေက မြောက်မြားစွာ ရှိနေတယ်။ ကလေးတွေရဲ့ ကိုယ်ကျင့်တရားဖွံ့ဖြိုးဖို့နဲ့ တီထွင်ဖန်တီးမှုရှိလာဖို့ မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ ဆိုတဲ့ ဘာသာရပ်သုံးခုထဲကို သင်ကြားရုံနဲ့ မလုံလောက်ပါဘူး။ အထက်တန်းကျောင်းသားတစ်ယောက်အတွက် တက္ကသိုလ်ဝင်နိုင်ဖို့အတွက် အကဲဒမစ် အရည်အသွေးတွေကသာလျင် ပိုအရေးကြီးတယ်လို့ ဆိုနိုင်ပေမယ့် မူလတန်း ကလေးတွေ အတွက်တော့ အကဲဒမစ်အရည်အသွေးကို ပေးနိုင်တဲ့ မြန်မာ ၊ အင်္ဂလိပ် ၊ သချာင်္ဘာသာရပ်တွေ အပြင် တခြားသော အရာတွေကလည်းအရေးကြီးလာပါပြီ ။ မူလတန်းကျောင်းသား တွေ အတွက်သင်ရိုးညွန်းတမ်းဟာ ဒီဘာသာရပ် သုံးခုထက်ကျော်လွန်နေဖို့တော့လိုအပ်ပါတယ်။
ယနေ့ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက သင်ရိုးညွန်းတမ်းကို လေ့လာကြည့်ရင် ဘာသာရပ် သုံးခု ကိုသာ သင်ရိုးညွန်းတမ်းအဖြစ်ဖွဲ့စည်းထားတာကိုတွေ့ရမယ်။ ကျောင်းသားတွေ သင်ကြားဖို့လိုနေတဲ့ ကိုယ်ကျင့်တရား ဖွင့် ဖြိုးမှုလို ၊ တီထွင်ဖန်တီးမှုလို အရာမျိုးကို လစ်လျူရှုထားခဲ့တယ်။ ဖတ်စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာ ရွတ်ဆိုမှုလောက်သာ နဲ့သာလျင်ပြီးဆုံးနေခဲ့ရတာ။ ဒီကဗျာကို ရွတ်ဆိုတဲ့ အခါ အသံသာယာခြင်း ၊ ဂီတနဲ့ ကဗျာကို ခံစားခြင်းဆိုတာထက် အလွတ်မှတ်မိမှဖြစ်မယ်ဆိုတဲ့ တင်းကြပ်တဲ့စိတ်ထားနဲ့သာလျင် ကလေးတွေဟာ ရွတ်ဆိုနေကြတာဖြစ်တယ်။ တီထွင်ဖန် တီးမှုအတွက်အရေးပါတဲ့ အနုပညာတစ်ရပ်အပေါ် ခံစားခြင်း ၊ စိတ်ကူးကွန်မြူခြင်းဆိုတာတွေကို ဖယ်ချန်ခဲ့တယ်။ ဒါကြောင် သင်ရိုးညွန်းတမ်းဆိုတာ ကလေးတွေသင်ယူသင့်တဲ့ အရာအစုအပေါင်းရယ်လို့ ယူမယ်ဆိုရင် ကျွန်တော်တို့ ဆီက သင်ရိုးညွန်းတမ်းတွေဟာ ကလေးတွေရဲ့ သင်ယူသင့်တဲ့ တီထွင်ဖန်တီးမှု ၊ ကိုယ်ကျင့်တရားဖွံ့ဖြိုးမှု ၊ ဂီတအနုပညာ ကို ခံစားနားလည်ခြင်း ဆိုတာတွေကို ဖယ်ထုတ်ထားတဲ့ အတွက်အချက် ၊ အရေးအသားသင်သက်အပေါ်ကို အခြေခံ တဲ့ သင်ရိုးညွန်းတမ်း ဖြစ်နေတာကိုတွေ့ရမယ်။ အသည်းနှလုံးကို ဖောက်ယူပြီး ခေါင်းသက်သက် ထားထားတဲ့ သင်ရိုး ညွန်း တမ်းလို့ဆိုရမယ်။ အားကစားနဲ့ ဆိုင်တဲ့ အရာတွေကို ပေါင်းစပ်ထားခြင်းမရှိတဲ့အတွက်ကလေးတွေရဲ့ ခြေတွေလက်တွေကို ဖြတ်ထားတဲ့ သင်ရိုးညွန်တမ်းလို့လည်းဆိုနိုင်တယ်။ ဒါကြောင့် မူလတန်းပညာရေးမှာ ကလေးတွေ သင်ယူဖို့လိုတဲ့ အခြားအရာတွေကို ဖယ်ထုတ်ပြီး အတွက်အချက်အရေးအဖတ်ကိုသာလျင် ဖွဲ့စည်းထားတဲ့ သင်ရိုးညွန်း တမ်းဟာ ဦးခေါင်းပြတ်ကြီးတစ်လုံးနဲ့တူနေတာကိုတွေ့ရမယ်။
သင်ရိုးညွန်းတမ်းမှာ ပါရမယ့်အရာ
အင်္ဂလန်မှာ ၁၉၀၄ ဆရာများဥပဒေအတွက် အကြံပေးထားတဲ့ မူလတန်းပညာရေး သင်ရိုးညွန်တမ်း အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုကြည့်ရင်တောင်မှာ ကျွန်တော်တို့ဆီက မူလတန်ပညာရေးအတွင်း ပေါင်းစပ်ထားတဲ့ သင်ရိုးညွန်းတမ်းဟာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာကိုတွေ့ရမယ်။ ၁၉၀၄ ဥပဒေကနေ ပြောနေတာက
“ မူလန်းပညာရေး သင်ရိုးညွန်တမ်းဆိုတာ …. အင်္ဂလိပ်ဘာသာစကား( မိခင်ဘာသာစကား) ကို ရေးတတ်ပြောတတ် အောင် ၊ အတိုင်းအတာ ၊အတွက်အချက် ကိုကျွမ်းကျင်အောင် ၊ ပုံဆွဲတတ်အောင် လုပ်ပေးရမယ်။ မှတ်ဥာဏ်ကို လေ့ ကျင့်ပျိုးထောင်ပေးရမယ်။ ပထ၀ီ ၊ သမိုင်း ၊ ဂီတ ၊ ကျန်းမာရေးနှင့် ညီညွတ်မှု ၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့် ပျိုးထောင်မှု တွေပေါင်းစပ်ဖွဲ့စည်းထားရမယ်။ ကိုယ်ကျင့်တရားဆိုင်ရာဖွံ့ဖြိုးမှု ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပျိုးထောင် ပေးရမယ်”
လို့ ဖော်ပြထားတယ်။ တကယ်ကသင်ရိုးညွန်တမ်းဆိုတာ အချက်အလက်တွေကို ထိန်းသိမ်းထားခြင်းထက် လှုပ်ရှားဆောင်ရွက်မှုတွေ ၊ တွေ့ကြုံခံစားမှုတွေပါပါဝင်နိုင်ရမယ်။ ကျွန်တော်တို့ဆီမှာ သုံးလေးတန်းရောက်လို့ ပထ၀ီ နဲ့ သမိုင်းကို သင်ကြားရတဲ့အခါမှာလည်း လှုပ်ရှားဆောင်ရွက်မှုထက် ၊ အချက်အလက်တွေကို ထိန်းသိမ်းထားခြင်း သာလျင် အခြေခံထားတယ်။ ဒါဟာလည်း သုတေသနပြုမူ ၊ လေ့လာစူးစမ်းမှုကို အခြေမခံဘဲ ၊ အသေအံကျလုပ်ထားတဲ့ ဖတ်စာအုပ်ပုံစံကို အခြေခံပြီး အလွတ်ကျတ်မှတ်ထားတဲ့ အတွက်ဖြစ်တယ်။ ကျောင်းသင်ရိုးညွန်းတမ်းတစ်ခုမှာ အဓိက ပေါင်းစပ်ဖွဲ့စည်းထားရမှာက “လှုပ်ရှားဆောင်ရွက်မှုတွေကို ကိုယ်လိုအပ်တဲ့ ဘောင်ထဲကို သွပ်သွင်းရင်း အသိပညာဆိုင်ရာ ၊ ပုဂ္ဂလိက ကိုယ်ရည်ကိုယ်သွေး ၊ လူမှုရေးနဲ့ ရုပ်ပိုင်ဆိုင်ရာ ဖွံ့ဖြိုးမှုတွေ တိုးပွားလာအောင်” လုပ်ပေး ရမယ်။ ခက်နေတာက ကျွန်တော်တို့ဆီမှာ ဘာသာရပ်သုံးခု ဒါမှမဟုတ်ငါးခုလောက်နဲ့ ဖွဲ့စည်းထားတဲ့ ဖတ်စာအုပ်တွေ လောက်ကိုသာလျင်သင်ရိုးညွန်းတမ်းအဖြစ် အသေမှတ်ယူနေတာပဲ။ ဒါကြောင့် အာဏာပိုင်တွေဟာ တခြားအရာတွေကို သင်ကြားပြသပေး ဖို့ရာ၊ ပုံဖော်ပေးဖို့ မစီစဉ်တော့ဘဲ ဖတ်စာအုပ်ကိုသာလျင် သင်ကြားပြီး အဲဒီကနေရတဲ့ ရလာတဲ့ ရမှတ် ကိုသာလျင် အကဲဒမစ် အရည်အသွေးအဖြစ်သတ်မှတ်နေကြတယ်။
သင်ရိုးညွန်တမ်း အဖွဲ့အစည်း
ဒီမိုကရေစီနိုင်ငံတွေမှာ ဖတ်စာအုပ်ကို မဆိုထားနဲ့ သင်ရိုးညွန်းတမ်းကို သက်ဆိုင်ရာ ကျောင်းတွေက လွတ်လွတ်လပ်လပ်ရေးဆွဲ သင်ကြားခွင့်ရှိတယ်။ အစိုးရက ချုပ်ကိုင်ထားတာမျိုးမဟုတ်ဘူး။ ယခုလို ဖတ်စာအုပ်တစ်အုပ် တည်းကို တစ်နိုင်ငံလုံးဝိုင်းသင်နေကြတာမျိုးကို ပညာရေးမှာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အာဏာရှင်နိုင်ငံတွေမှာ သာလျင် လုပ်ခဲ့ကြတာဖြစ်တယ်။ သင်ရိုးညွန်းတမ်းနဲ့ ပတ်သတ်လာချင် ဒီမိုကရေစီ နိုင်ငံတွေမှာ လုပ်လေ့ရှိတာက သင်ရိုးညွန်တမ်း အဖွဲ့အစည်း တွေ ဖွဲ့ရင် အဆင့်တန်းမှီတဲ့ သင်ရိုးညွန်းတမ်းတွေမှာ ဘယ်လိုစရိုက်လက္ခဏာတွေ ရှိရမလဲ ဆိုတာကို အကြံပေးတာ ၊ လမ်းညွန်းတာ ၊ စောင့်ကြည့်အကဲဖြတ်တာတွေလုပ်လေ့ရှိတယ်။ အမျိုးသားသင်ရိုးညွန်းတမ်း အဖွဲ့အစည်းလိုမျိုးဖွဲ့ပြီး လမ်းညွန်ပေးလေ့ရှိတယ်။ ဒီလို လမ်းညွန်စောင့်ကြည့်ခြင်းကနေတစ်ဆင့် အမျိုးသားပေါ်လစီ ကို အကောင်အထည် ဖော်ရတဲ့သဘောရှိတယ်။ အစိုးရက အာဏာနဲ့ ၀င်ရောက်စွက်ဖက်ခြင်း မလုပ်နိုင်ဘူး။ အမျိုးသားသင်ရိုးညွန်းတမ်းနဲ့ အကြံပေးစောင့်ကြည့်ရတဲ့ အကြောင်းတရားတွေကလည်းရှိတယ်။ ပထမ အချက်ကတော့ သင်ယူမှုတွေကို ကျဘမ်းသဘော တစ်ယောက်တစ်ပေါက် ဒီဇိုင်းဆင်ထားမှာထက် စနစ်တကျ နဲ့ အဆောက်အအုံဖွဲ့စည်းမှုပုံစံအတွင်း ဒီဇိုင်းဆင်ထားချင်တဲ့ အတွက်ပဲ။ ဒုတိယ အချက်က ကျောင်းပြောင်းသွားတဲ့ ကလေးတွေ တခြားကျောင်းရောက်ရင် သင်ပြီးသားစာတွေ ထပ်ပြီး သင်နေရတာမျိုးကနေ ကင်းလွတ်အောင် လမ်းညွန်း ချက်ပေးထားချင်တာဖြစ်တယ်။ တတိယ အချက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးတဲ့ စာမေးပွဲတွေကနေ တစ်ဆင့်ကလေးတွေရဲ့ တိုးတက်မှု နီးနီးကပ်ကပ် စောင့်ကြည့်နိုင်ဖို့ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယနေ့မှာ အမျိုးသား သင်ရိုးညွန်တမ်းဆိုတာက အကြံပြုရုံလောက်ပဲ ရှိပြီး ဆရာတွေကို မထိန်းချုပ်ထားနိုင်တော့ဘူး။ ဆရာတွေဟာ စာသင်ခန်းထဲမှာ လွတ်လပ်မှု အပြည့်အ၀ရှိလာပြီး ဘာသင်ကြားမလဲ ၊ ဘယ်လိုသင်ကြားမလဲ ဆိုတာအတွက် သူတို့ ဘာသာ သူတို့ဆုံးဖြတ်ချက်ချမှတ်လာနိုင်ပြီ ။ ဆရာတွေက သင်ယူမှုပုံစံကို စုစည်းတဲ့ အခါ စာသင်အခန်း အခြေအနေ နဲ့ ကိုက်ညီမယ့် ဆုံးဖြတ်ချက်ကို သူ့ဘာသာသူ လုပ်ယူနိုင်ပြီး သူတို့ရဲ့ ပရော်ဖက်ရှင်ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ( professional autonomy ) အပြည့် အ၀ရလာပြီဖြစ်တယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဆရာတွေဟာ သူတို့ကိုယ် သူတို့ လောကီဆန်ဆန်မရှုမြင်တတ်သေးသရွေ့တော့သူတို့ရဲ့ လုပ်ပိုင်ခွင့် နဲ့ ပတ်သတ်ပြီး အတော်ကလေး ဆွေးနွေး ငြင်းခုံစရာတွေ ရှိနေသေးတယ်လို့ ဆိုရမယ်။
သင်ရိုးညွန်းတမ်းက ကျောင်းသားတွေကို ပေးရမယ့်အရာ
ဘယ်လိုပုံစံမျိုးနဲ့ပဲ ရှိနေပါစေ ၊ အဆုံးသတ်ရလဒ်မှာ သင်ရိုးညွန်းတမ်းတစ်ခုကနေ ပေးအပ်ရမယ့်အရာတွေက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးပွားလာအောင် ၊တာဝန်ယူနိုင်စွမ်းရှိလာအောင် ၊ သူတို့ရဲ့ အရည်အသွေး အများစုကို အသုံးချနိုင်အောင်၊ ပွင့်ထွက်လာအောင် ၊ နိုင်ငံသားတစ်ယောက်ရဲ့ တတ်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လာအောင် ၊ ကျန်းမာရေးကောင်းအောင် ၊ လုံခြုံတဲ့ ဘ၀နေထိုင်မှုပုံစံရှိအောင် ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလာအောင် ၊ လူတွေအချင်းချင်းကြားက ကွဲပြားခြားနားမှုတွေကိုလေးစားလာအောင်တော့ဖြင့် လုပ်ပေး ရမှာဖြစ်တယ်။

မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...