Friday, May 15, 2015

ဒေါ်သန်းသန်းနု


ဇော်နောင်လင်း
ဆရာမတွေက အတန်းထဲကကျောက်သင်ပုန်းမှာ ဖခင်ရဲ့နာမည်ကို အသုံးပြုပြီးဝါကျဖွဲ့ပြ။ အဲဒီဝါကျက အဓိပါယ်မကောင်းတဲ့ဝါကျ။ အဲဒီတော့ အတန်းဖော်တွေက တ၀ါးဝါးနဲ့ ၀ိုင်းရယ်ကြ။ သူကတော့ သူ့ရဲ့ထုံးစံအတိုင်းအောင့်အည်းသည်းခံခဲ့ပေမယ့် နေ့စဉ်နဲ့အမျှ ကြာလာတော့လည်း ကျောင်းတောင် မတက်ချင်လောက်အောင် ( ၆) တန်းကျောင်းသူလေးရဲ့ စိတ်ထဲမှာ ဒဏ်ရာရခဲ့တယ်။


သူ့ကိုမွေးပြီး (၃) လအကြာမှာ ဖခင်ဖြစ်သူဦးနုဟာ နိုင်ငံတော်ရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ သူမှတ်မိသမျှ ကလေးဘ၀ကစပြီး သူတို့မိသားစုဟာ ငွေကြေးမချမ်းသာပေမယ့် အေးချမ်းတဲ့ အသိုက်အမြုံလေးကို ပိုင်ဆိုင်ခဲ့တယ်။ ၀န်ကြီးချုပ်ရဲ့သမီးအဖြစ် နေထိုင်ခဲ့တဲ့ သူ့ရဲ့ကလေးဘ၀တစ်လျှောက်မှာ ပဲ လောကဓံရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေကို အနိမ့်၊ အမြင့် မျိုးစုံ ရင်ဆိုင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်မှာတော့ ကလေးတစ်ယောက်အတွက် ခံနိုင်ရည်စွမ်းတွေကုန်ဆုံးခဲ့ပြီ။

ဒီလိုနဲ့ တစ်ညမှာ ဖခင်ဖြစ်သူနဲ့ ခြံဝန်းထဲလမ်းလျှောက်ရင်း ပြောပြဖြစ်တဲ့အခါ ဖခင်ဖြစ်သူက သမီးဖြစ်သူရဲ့ သည်းခံနိုင်စွမ်းကို အံ့အားသင့်စွာနဲ့ နောက်တစ်နေ့မှာပဲ ကျောင်းထုတ်စေခဲ့တယ်။

“အဖေက ကျောင်းထုတ်လိုက်ဆိုတော့ အစ်မကြီးကကျောင်းသွားထုတ်တယ်။ သွားထုတ်တော့ ဒုတိယကျောင်းအုပ်ကြီးက မင်းတို့တော်တော်အဖြစ်သည်းတာပဲ။ လာမယ့်ရွေးကောက်ပွဲကျရင် မင်းအဖေကိုပြောလိုက်၊ မင်းအဖေပါတီက မဲတစ်မဲမှမရစေရဘူး။ ဒီလောက်တောင်အဖြစ်သည်းတဲ့ဟာတွေလို့ပြောလိုက်တယ်” လို့ ဒေါ်သန်းသန်းနုကပြောပြတယ်။

အဲဒီတုန်းက ခံစားချက်ဟာ အခုအချိန်ထိ ရင်ထဲမှာစွဲနေဆဲပဲလို့ ( ၆၇ ) နှစ်အရွယ်ဒေါ်သန်းသန်းနုကဆိုတယ်။

တကယ်တော့ ၀န်ကြီးချုပ်ဦးနုဟာ ရိုးသားဖြောင့်မတ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဆိုတာ ငြင်းပယ်လို့မရတဲ့ သမိုင်းစာမျက်နှာထက်မှာ ကျန်ရှိနေဆဲပါ။ သူ့ရဲ့အရှိန်အ၀ါကို သုံးပြီး မိသားစုကို ဘယ်တော့မှ အခွင့်ထူးမခံစေခဲ့ဘူး။

သူဝန်ကြီးချုပ် ဖြစ်စဉ် အမတ်တစ်ယောက်က ၀န်ကြီးသားသမီးတွေဟာ ကျောင်းကောင်းကောင်းမှာနေရကြောင်း၊ သာမန်လူတွေကတော့ အစိုးရကျောင်းတွေမှာပဲနေကြရကြောင်း ပါလီမန်မှာပြောဆိုခဲ့ပြီးတဲ့နောက် ချက်ချင်းပဲနောက်တစ်နေ့မှာ ဒဂုံ(၁) လို့ အခုခေါ်တဲ့ Methodic English High School မှာကျောင်းတက်နေတဲ့ သမီးဖြစ်သူကို ကျောင်းပြောင်းထားခဲ့သူပါ။

ဒါကြောင့်လည်း ဒေါ်သန်းသန်းနုက သူ့ရဲ့ငယ်ဘ၀တစ်လျှောက် ကျောင်းတွေအကြိမ်ကြိမ်ပြောင်းခဲ့ရပြီး ပညာရေးမှာထိခိုက်ခဲ့ရသလို သူငယ်ချင်းမိတ်ဆွေလည်းမရဘဲ ပတ်ဝန်းကျင်အသစ်နဲ့ပဲ မကြာခဏကြုံတွေ့ခဲ့ရတယ်လို့ ဆိုခဲ့တာပါ။

Methodic English High School( အထက ၁ ဒဂုံ) ၊ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC) ၊ မရမ်းခြံကျောင်း(အထက ၁ ကမာရွတ်)နဲ့ မြို့မကျောင်း( အထက၂ ဒဂုံ ) တို့မှာ အခြေခံပညာကိုသင်ကြားခဲ့ပြီး စီးပွားရေးတက္ကသိုလ်ကနေ ၁၉၆၈ ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့အချိန်အထိ ဒေါ်သန်းသန်းနုရဲ့ဘ၀မှာ အနိမ့်အမြင့်မျိုးစုံကို ဖြတ်သန်းခဲ့ဖူးတယ်။

စန်းစန်းနု၊ မောင်သောင်းထိုက်၊ မောင်အောင်၊ သန်းသန်းနု၊ ချိုချိုနု ဆိုတဲ့ သားသမီး (၅) ဦးထဲမှာ ငယ်ငယ်က စကားအပြောအဆိုနည်းလွန်းတဲ့၊ စကားပြောရမှာကြောက်လွန်းလို့ ပါးစပ်ကိုလက်ကိုင်ပ၀ါနဲ့ပိတ်ထားတတ်တဲ့သူ့ကို ဖခင်ဖြစ်သူ ၀န်ကြီးချုပ်ဦးနုက ဆံပင်ညှပ်ရင်တောင်အော်ငိုတဲ့ကလေး၊ ကျောင်းတက်ရင်စောင့်ရှောက်ဖို့ အိမ်ကထည့်ပေးလိုက်တဲ့ ကောင်မလေးက နေ့စဉ်နှိပ်စက်တာတောင်အိမ်ကို ပြန်မပြောရဲအောင်ကြောက်တတ်တဲ့ကလေးတစ်ယောက်အဖြစ် “တာတေစနေသား” ဆိုတဲ့ သူ့ရဲ့ဘ၀မှတ်တမ်းစာအုပ်ထဲမှာ ထည့်ရေးခဲ့တယ်။

ဒါပေမဲ့ အခုအချိန်မှာ ဒေါ်သန်းသန်းနုဟာ အဲဒီစာအုပ်ရေးသားစဉ်တုန်းကလို ၂၅ နှစ် သမီးအရွယ်မဟုတ်တော့။ စကားနည်းတဲ့ကလေး၊ ကြောက်တတ်တဲ့ကလေးတစ်ယောက်မဟုတ်တော့။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဆိုတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာခဲ့ပြီ။ နိုင်ငံရေးဟောပြောပွဲတွေနဲ့ အများသူငါရှေ့မှာ ဦးဆောင်နိုင်တဲ့ ဖခင်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ နိုင်ငံရေးမျိုးဆက်သွေးကို ဆက်ခံသူဖြစ်လာခဲ့ပြီ။

“အိန္ဒိယနိုင်ငံက ကျွန်မကိုတော်တော်ပြောင်းလဲပစ်လိုက်တယ်။ အိန္ဒိယမှာ လူတွေဒုက္ခရောက်ကြတယ်။ ဆင်းရဲတဲ့လူတွေကိုယ့်ပတ်ဝန်းကျင်မှာအများကြီးတွေ့ရတယ်။ အဖေရှိတုန်းက အစိုးရဧည့်သည်တော်ဖြစ်ပေမယ့် နောက်ပိုင်းကျတော့ ကိုယ့်ဘာသာကိုယ် ရုန်းကန်ခဲ့ရတယ်။ ကြောက်တဲ့စိတ်ဆိုတာလည်း စဉ်းတောင် မစဉ်းစားတတ်တော့ဘူး” လို့ ဒေါ်သန်းသန်းနုက ဆိုတယ်။

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ တပ်မတော်က အာဏာရယူခဲ့ပြီးတဲ့နောက် အကျဉ်းကျခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်းဦးနုဟာ ၁၉၆၆ နှစ်ကုန်ပိုင်းမှာ ပြန်လွတ်လာခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ထွက်ခွာခဲ့တဲ့အခါ မိသားစုတွေလည်း ပါသွားခဲ့တယ်။ နောက်ပိုင်းမှာ ဦးနုဟာ ထိုင်းနိုင်ငံကိုထွက်ခွာပြီး ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေ စုစည်းကာ ပါလီမန်ဒီမိုကရေစီပါတီနဲ့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကိုတည်ထောင်ခဲ့တယ်။ ပြည်တွင်းက တပ်မတော်အစိုးရနဲ့အပြိုင် စင်ပြိုင်အစိုးရဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့တယ်။

၁၉၇၄ ခုနှစ်မှာတော့ ဦးနုက လက်နက်ကိုင်ရင်ဆိုင်တဲ့နည်းကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံကိုပြန်လာတဲ့အခါ ဒေါ်သန်းသန်းနုတို့လည်း အိန္ဒိယကိုပြန်ရောက်လာတယ်။ ဒေါ်သန်းသန်းနုက ထိုင်းနိုင်ငံမှာနေစဉ် အခု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှာ ဘဏ္ဍာရေးမှူုးဖြစ်တဲ့ ဦးအောင်ငြိမ်းနဲ့ အိမ်ထောင်ပြုခဲ့ပြီး ရရှိခဲ့တဲ့ သားနှစ်ယောက်အနက် သားအကြီးကို ထိုင်းနိုင်ငံမှာ မွေးတယ်။ သားအငယ်ကိုတော့ အိန္ဒိယရောက်တဲ့အခါ မွေးဖွားခဲ့တယ်။

အိန္ဒိယနိုင်ငံအလယ်ပိုင်းက ဘိုလ်ပါးမြို့မှာ အိန္ဒိယအစိုးရရဲ့ အထောက်အပံ့နဲ့ (၆) နှစ်ကြာနေထိုင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှာ ဦးနေ၀င်းက ပြန်ခေါ်တဲ့အတွက် ဦးနုဟာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပေမယ့် ဒေါ်သန်းသန်းနုတို့ မိသားစုကတော့ အိန္ဒိယမှာ ကျန်ခဲ့တယ်။

“ အဲဒီအချိန်တုန်းက နိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေလည်း မရှိဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ သူများတိုင်းပြည်မှာ ဒုက္ခသည်သဘောမျိုး သူများအထောက်အပံ့နဲ့နေရတာ။ အဖေရှိတုန်းကတော့ တစ်မျိုးပေါ့။ အဖေလည်း မရှိဘူး၊ ကိုယ်ကလည်း လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်လေ။အဲဒါကြောင့်အလုပ်လုပ်ဖို့ကြိုးစားတယ်” လို့ ဒေါ်သန်းသန်းနုက ပြောတယ်။

ဦးနုပြန်သွားပြီးတဲ့နောက် ဒေါ်သန်းသန်းနုဟာ ဘိုလ်ပါးမြို့က နေအိမ်ကို အစိုးရဆီပြန်အပ်ပြီး နယူးဒေလီမြို့ကို ပြောင်းလာခဲ့တယ်။ အဲဒီနောက် အိန္ဒိယအစိုးရအသံလွှင့်ဌာန(All India Radio) မှာ ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ နှစ်ပေါင်း(၂၀) ကြာ လုပ်ကိုင်ခဲ့တယ်။ ခင်ပွန်းဖြစ်သူကလည်း သူအလုပ်ဝင်ပြီး နောက်ထပ် ၃ နှစ်အကြာ ၁၉၈၃ ခုနှစ်မှာ All India Radio မှာပဲဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်ကစပြီး အသံလွှင့်ခွင့်ကို တားမြစ်ခံခဲ့ရတာကြောင့် ဒေါ်သန်းသန်းနုဟာ ဘာသာပြန်ခြင်းနဲ့ ဇာတ်လမ်းရေးသားခြင်း တွေကိုပဲလုပ်ကိုင်ခဲ့ရတယ်။

“ All India Radio က လူကြိုက်များတယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးတွေက စိတ်ဆိုးကြတယ်။ သူတို့က အသံမလွှင့်နဲ့လို့လည်း ပြောလို့လည်း အဓိပါယ်မရှိဘူးလေ။ သူများနိုင်ငံက အသံလွှင့်ရုံကိုး။ BBC တို့၊ ဘာတို့လည်း လွှင့် တယ်လေ။ အိန္ဒိယအသံလွှင့်ရုံမှာတော့ ကျွန်မရှိနေတော့ ရန်ကုန်က အိန္ဒိယသံအမတ်ကို ခေါ်ပြီး ဦးနုသမီးက လေလိုင်းထဲကဆဲနေတယ်ဆိုပြီးပြသနာရှာတယ်။ သံအမတ်ကလည်း သူ့အစိုးရကိုအကြောင်းကြားတယ်။ အိန္ဒိယအစိုးရက သန်းသန်းနုကို အသံမလွှင့်ခိုင်းနဲ့ဆိုပြီး ဖြစ်လာတယ်” လို့ ဒေါ်သန်းသန်းနုက အသံလွှင့်ခွင့်မရတဲ့အကြောင်းအရင်းကို ပြောတယ်။

အသံလွှင့်ခွင့်မရပေမယ့်လည်း အခြားခံစားခွင့်တွေကတော့ အရင်အတိုင်းပဲရှိခဲ့တယ်။ အဲဒီအချိန်မှာ သားတွေကလည်း ပညာရေးတစ်ပိုင်းတစ်စ အချိန်ဖြစ်တာကြောင့် ဒီအတိုင်းပဲ ဆယ်စုနှစ်တစ်ခုကို သည်းခံဖြတ်သန်းလာခဲ့ရတယ်လို့ ဒေါ်သန်းသန်းနုက ဆိုတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ သားနှစ်ဦးစလုံး အလုပ်ကိုယ်စီနဲ့ ပြည်ပနိုင်ငံတွေမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်လာနိုင်တဲ့အခါ သူအလုပ်ကနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ခင်ပွန်းဖြစ်သူရဲ့ စာချုပ်ကလည်း ၂၀၀၃ ခုနှစ်မှာ သက်တမ်းပြည့်တဲ့အခါ အဲဒီနှစ်မှာပဲ မြန်မာပြည်ကို ပြန်လာခဲ့တယ်။

အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၂၀ အလုပ်လုပ်ခဲ့လို့ ရခဲ့တဲ့ ဂရက်ဂျူဒီ ငွေတွေကိုလည်း ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အားလုံးလှူဒါန်းခဲ့တာကြောင့် သူတို့ဇနီးမောင်နှံဟာ သားနှစ်ယောက်ရဲ့ထောက်ပံ့ငွေနဲ့ပဲ ရပ်တည်ခဲ့ရပြီး တစ်ခါတစ်ရံမှာ ဒေါ်သန်းသန်းနုက အင်္ဂလိပ်စာသင်ရင်း၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တချို့မှာ ဆောင်းပါးရေးရင်းနဲ့ ဘ၀ကိုဖြတ်သန်းခဲ့တယ်။

၂၀၁၀ ရွေးကောက်ပွဲဖြစ်လာတော့ ဟိုးအရင်ကတည်းကဖခင်ဖြစ်သူနဲ့အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဦးသုဝေက နိုင်ငံရေးပါတီတစ်ခုတည်ထောင်ပြီး အတူလက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်လာတဲ့အခါ သူအလွယ်တကူပဲ လက်ခံခဲ့တယ်။ ဦးသုဝေကဦးဆောင်ပြီး ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ (၂၀၁၂ ခုနှစ်မှာ NLD ပါတီကို ၀င်ရောက်သွားခဲ့တဲ့ ) ၀န်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့သမီး ဒေါ်နေရည်ဗဆွေတို့နဲ့အတူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို တည်ထောင်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ မန္တလေးမြို့ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တယ်။

“ အဖေက သူမဆုံးခင် နိုင်ငံရေးလုပ်တဲ့အခါ သူ့ရဲ့အရှိန်အ၀ါကို မသုံးဖို့ မှာခဲ့တယ်။ သူက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဆိုတာရှိတယ်လေ။ အဲဒီနာမည်သုံးပြီးမလုပ်ပါနဲ့လို့ပြောတာ။ သဘောကတော့ မင်းတို့ အစကနေ ကိုယ့်ဘာသာပြန်စ၊ မင်းတို့အစွမ်းအစနဲ့ မင်းတို့လုပ်ကြပေါ့။ ဒါကြောင့်နိုင်ငံရေးပါတီတွေထောင်တော့ ဒီ/ငြိမ်းကလူတွေက ကျွန်မကိုပြန်ခေါ်တဲ့အခါ အဖေက မှာထားခဲ့တယ်။ မပါ ပါရစေနဲ့ဆိုပြီး သီးသန့်လုပ်ခဲ့တာ” လို့ သူကဆိုတယ်။

နိုင်ငံရေးလောကမှာ အလေးစားဆုံးပုဂ္ဂိုလ်အဖြစ် ဖခင်ဖြစ်သူကို စံထားခဲ့တဲ့ ဒေါ်သန်းသန်းနုက ဖခင်ဖြစ်သူဆီကနေနိုင်ငံရေးအယူအဆတွေအပြင် ဘာသာရေးနဲ့ပတ်သက်တဲ့ အယူအဆတွေကိုလည်း ရာနှုန်းပြည့်နီးပါး ရယူနိုင်တဲ့ သမီးတစ်ယောက်အဖြစ်ခံယူထားသူပါ။

ဖခင်ဖြစ်သူ ဦးနုက နိုင်ငံတွင်းမှာ ဗုဒဘာသာကို အထူးအလေးပေးခဲ့ပြီး ဆဌသင်္ဂါယနာ တင်ခဲ့သူဖြစ်သလို ပြည်ပနိုင်ငံတွေကို အလည်အပတ်ရောက်တဲ့အခါတွေမှာတောင် ဆွမ်းတော်ကပ်ဖို့ လက်ဆွဲသေတ္တာအမြဲဆောင်ထားသူ၊ ပန်းခြံထဲက ပန်းပွင့်တွေထဲမှာ ပိတ်မိနေတဲ့ ပိုးကောင်ကလေးတွေကို လိုက်လံလွှတ်ပေးတတ်တဲ့သူ၊ လမ်းလျှောက်တဲ့အခါမှာတောင် ပိုးကောင်ငယ်ကလေးတွေကို နင်းမိမှာစိုးတဲ့ စိတ်နဲ့ ခေါင်းငုံ့လျှောက်တတ်တဲ့ သူမျိုးပါ။

သမီးဖြစ်သူ ဒေါ်သန်းသန်းနုကလည်း နိုင်ငံရေးလောကမှာ ဆက်လက်လှုပ်ရှားရင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပေမယ့် သူ့ဘ၀ရဲ့ဒုတိယဦးစားပေးအလုပ်ကတော့ ဘာသာရေးနဲ့လူမှုရေးအလုပ်တွေဖြစ်တယ်လို့ ဆိုတယ်။

“ အဖေက သားသမီးတွေကို ငွေကြေးမပေးနိုင်ခဲ့ပေမယ့်လူတောထဲမှာ နာမည်တစ်လုံးနဲ့နေနိုင်တဲ့လူတွေဖြစ်စေချင်တယ်။ အဲဒါကို ကြိုးစားပြီး နေနေတယ်” လို့ ဒေါ်သန်းသန်းနုက ဆိုပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...