Sunday, April 19, 2015

ကြောင်တောင်တောင်အမှန်တရား


လူတွေဟာ လူသားတန်ဖိုးနဲ့ ဘဝအဓိပ္ပာယ်တွေ ရှာဖွေလေ့ရှိကြတယ်။ ဒါပေမဲ့ လူတွေ ရှင်သန်ဖြစ်တည်ရာ စကြာဝဠာကိုယ်တိုင်က တန်ဖိုးတွေ၊ အဓိပ္ပာယ်တွေ၊ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတာ မဟုတ်တဲ့အတွက် နောက်ဆုံးမှာ ရှာဖွေမှုအားလုံး မအောင်မမြင်နဲ့ အဆုံးသတ်သွားကြလေ့ရှိတယ်။ အဲဒီလို အဓိပ္ပာယ်ကင်းမဲ့ စကြာဝဠာကြီးထဲမှာ မတွေ့နိုင်တဲ့ တန်ဖိုး၊ အဓိပ္ပာယ်တွေ ရှာဖွေနေရခြင်းကို ကြောင်တောင်တောင်နိုင်မှု (Absurd) လို့ ခေါ်ပါတယ်။
လူဖြစ်ခွင့်ရတဲ့ အလျှားအနံနဲ့ အချိန်က သေးကွေးတိုတောင်းလွန်းပြီး စကြာဝဠာပေါင်းက တိုက်တစ်သောင်းနဲ့ သက်တမ်းက နှစ်သန်းပေါင်းရဲ့ သန်းပေါင်းများစွာ။ ဆိုတော့ကာ တိုတောင်းလွန်းတဲ့ အသက်တစ်ချောင်းစာအတွင်း အချက်အလက်အားလုံးကို အကုန်အစင် နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မသိနိုင်တဲ့အရာတွေအောက်မှာ ကျွန်တော်တို့ဟာ မြုပ်နေကြ၊ ကျွန်တော်တို့ မှန်တယ်ထင်ရာတွေက ကျွန်တော်တို့ရဲ့အထင်တွေ။ ကျွန်တော်တို့ စံပေတံတွေဟာ တစ်ရွာနဲ့တစ်ရွာ၊ တစ်ရာစုနဲ့ တစ်ရာစု၊ တစ်ဘုရားမှသည် တစ်ဘုရား ခြားနားကြ။

ခင်ဗျားမှာ ကိုယ်ပိုင်ဘုရားသခင်တစ်ပါး ရှိတယ်ဆိုပါတော့၊ ပက်ပ်စီလို၊ ကိုကာကိုလာလို ကြော်ငြာအားမကောင်းရင် အဲဒီ့ဘုရားကြောင့်ပဲ ခင်ဗျားလည်း အူကြောင်ကြောင် ထပ်ဖြစ်ရလိမ့်ဦးမယ်။ (သို့မဟုတ်) တကယ်လို့ ခင်ဗျားအနေနဲ့ ပတ်ဝန်းကျင်က အရူးလို့ ပြောတာကို ဂရုမစိုက်ဘဲ ဆက်လက်သာသနာပြုရင်းက ကံကောင်းထောက်မစွာ ခင်ဗျားဘုရားက လူထောင်ပေါင်းများစွာရဲ့ အားထားယုံကြည်ရာ ဖြစ်လာခဲ့ရင်တော့ ခင်ဗျားယုံကြည်ရာ၊ ခင်ဗျားထင်မြင်ရာ၊ ခင်ဗျားချမှတ်တဲ့ ကိုယ်ကျင့်တရားစံတွေဟာ အဲဒီ့လူ ထောင်ပေါင်းများစွာရဲ့ ဘဝတွေ ဖြစ်လာပါလိမ့်မယ်။
တွေ့ရှိမှုတစ်ချို့ဟာ ရှာဖွေတွေ့ရှိမိလိုက်တာနဲ့ လူကို နာကျင်စေတော့တာပဲ။ တန်ဖိုး၊ အနှစ်သာရ၊ အဓိပ္ပာယ်... စတဲ့ လူများစုသုံး စံတစ်ချို့ဟာ (ကိုယ့်အရင်ကနဲ့ လက်ရှိ) လူအများစု သဘောတူသုံးစွဲခဲ့ကြ၊ သုံးစွဲနေကြလို့မို့ ထာဝရမသွေဖယ်တဲ့ သစ္စာတရား ပုံစံပေါက်နေပေမယ့် အဲဒီစံတွေထဲက အများအပြားက ပုဂ္ဂလိကဘဝတွေအတွက်တော့ အမှိုက်နဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေတတ်တယ်။ တစ်ချိန်တည်းမှာ လူဆိုတာ အုပ်စုနဲ့ မကင်းနိုင်တဲ့ သတ္တဝါမို့ အဲဒီလို တစ်ဦးချင်းအတွက် မနှစ်မြို့ဖွယ် စံ၊ ပေတံတွေကိုပဲ မျက်နှာဖုံးစွပ် ကိုယ်စီနဲ့ တက်ညီလက်ညီ၊ ယုံယုံကြည်ကြည်၊ အပြိုင်အဆိုင် လိုက်နာလက်ခံကြရပြန်တယ်။ အဲဒီလို လူသားလောကရဲ့ ဟန်ဆောင် ကျွဲဖတ် အခြေအနေမျိုးဟာလည်း ကြောင်တောင်တောင်နိုင်မှု (Absurd) ကို ထပ်ပြီး တွန်းအားပေးနေတဲ့ အကြောင်းခြင်းရာတစ်ခုပါပဲ။
အဲလ်ဘတ်ကမူးက ပြောပါတယ်။ လူတွေဟာ လူရယ်လို့ ဖြစ်လာပြီး အဲဒီလို အူကြောင်ကြောင် နိုင်လွန်းတဲ့လောကနဲ့ ထိပ်တိုက်တိုးတဲ့အခါ ဖြေရှင်းနည်း (၃) မျိုးကို ရွေးချယ်အသုံးပြုပြီး ဖြေရှင်းလေ့ ရှိကြတယ်တဲ့။

နံပါတ် (၁) က ကိုယ့်ကိုယ်ကို သတ်သေတာ။
ဆိုခဲ့သလို လောကရဲ့ အူကြောင်းကြောင်းနိုင်မှုကို ရှာဖွေတွေ့ရှိမိခြင်းဟာ ရှာဖွေတွေ့ရှိသူကို နာကျင်စေတာမို့ တစ်ချို့က အဲဒီလိုအူကြောင်ကြောင်လောကက ထွက်မြောက်ဖို့ ကိုယ့်ဖြစ်ရှိမှုကို အဆုံးစီရင်ပစ်လေ့ရှိကြတယ်။ အဲလ်ဘတ်ကမူးအလို အခုလို ဖြေရှင်းနည်းဟာ အူကြောင်ကြောင်လောကကို ရပ်တန့်မသွားစေနိုင်ရုံမက ပိုပြီးတောင် အူကြောင်ကြောင် ဖြစ်အောင်လုပ်တဲ့ ဖြေရှင်းနည်းလို့ ဆိုပါတယ်။

နံပါတ် (၂) က ဘာသာ၊ ဝိဥာဏ်ဆိုင်ရာ အားကိုရှာတာ။
လူတစ်ချို့အတွက် ယုတ္တိဗေဒအရ၊ လက်တွေ့မျက်တွေ့အရ အူကြောင်ကြောင် ဖြစ်ပျက်နေတဲ့အရာတွေကို သည်းခံနိုင်စွမ်း မရှိတော့တဲ့အခါ...၊ ဆိုပါတော့ လောကမှာ ဖြစ်နေတဲ့ မတရားမှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ၊ အဓိပ္ပာယ်မဲ့ ပြိုင်ဆိုင်ရမှုတွေ။ အဲဒီ့အရာတွေကို မျက်နှာလွှဲဖို့ ယုတ္တိကို လွန်တဲ့၊ ဆင်ခြင်ဥာဏ်ကို လွန်တဲ့၊ လက်တွေ့မျက်တွေ့လောကကို လွန်တဲ့ စိတ်ဝိညာဉ်မှီခိုရာတွေ ရှာဖွေလာလေ့ရှိကြတယ်။ ကဲကီးယားဂါ့ဒ်အလို ဒီလိုဖြေရှင်းနည်းကို လက်ခံနိုင်ဖွယ်ရာ ဖြေရှင်းနည်းလို့ ယူဆပေမယ့် အဲလ်ဘတ်ကမူးကတော့ ဒါဟာလည်း ဒဿနိကဗေဒဆိုင်ရာ အဆုံးစီရင်ခြင်းဖြစ်တယ်လို့ ဆိုပြန်တယ်။
နံပါတ် (၃) က လောကရဲ့ ကြောင်တောင်တောင်နိုင်မှုကို နားလည်လက်ခံပြီး ဒီကြားထဲကပဲ ဆက်လက်ရှင်သန်နေထိုင်ဖို့ ကြိုးစားတာ။
လောကကြီးတစ်ခုလုံး ကြောင်တောင်တောင်နိုင်တာတွေကို ရပ်တန့်လို့ မဖြစ်နိုင်တဲ့အတူ၊ အဲဒီလို ကြောင်တောင်တောင်လောကကို ကြောင်တောင်တောင်
လောကအဖြစ် နားလည်လက်ခံပြီး လူသားအသိဥာဏ်နဲ့ ထောက်လှမ်းနိုင်သမျှ သဘာဝတရား၊ အမှားအမှန်…စတာတွေကို ဆက်လက်ရှာဖွေရင်း ဆက်လက် ရုန်းကန်၊ အသက်ရှင်နေထိုင်သွားတာမျိုးပါ။ ဒီနည်းကိုတော့ ကမူးအလို လူတစ်ယောက်ကို လွတ်မြောက်စေတဲ့နည်း (တစ်နည်းအားဖြင့်) ကြုံတွေ့နေရတဲ့ ဘာသာ၊ အစဉ်အလာ၊ ထုံးတမ်းစံနှုန်းတွေကနေ သီးသန့်ဖြစ်တည် ရှင်သန်စေနိုင်တဲ့နည်းလို့ ပြောပါတယ်။ (ဗုဒ္ဓရဲ့ ဒုက္ခသစ္စာကို ပိုင်းခြားနားလည်ခြင်းမျိုးနဲ့ ချဉ်းကပ်ပုံ ဆင်တူမလားပါပဲ။)
လူတွေဟာ တိရိစ္ဆာန်တွေလို စားမှုသောက်မှု၊ မေထုန်မီဝဲမှုလောက်ကို ဘ၀လို့ ထင်တဲ့သတ္တ၀ါတွေ မဟုတ်ကြဘူး။ ဒီတော့လည်း တိရိစ္ဆာန်တစ်ချို့လောက် ဘ၀က စိတ်လုံးခြုံပြီး မရိုးရှင်းဘူး။ ဘ၀မှာ အမှန်တရားကိစ္စ၊ တရားမျှတရေးကိစ္စ၊ လူ့အဖွဲ့အစည်းကိစ္စ၊ မိမိပုဂ္ဂလိက လွတ်မြောက်ရေးကိစ္စ၊ အတ္တအကျိုး၊ ပရအကျိုး၊ ပစ္စုပ္ပန်လောက၊ တမလွန်လောက၊ စကြာဝဠာ… စတာတွေ စဉ်းစားတွေးခေါ်ကြတယ်။ အဲဒီလို စဉ်းစားတွေးခေါ်တာနဲ့အမျှ တစ်စုံတစ်ရာကို ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ်နိုင်တဲ့အခါ စိတ်ပူလောင်မှု၊ စိတ်မငြိမ်မသက်ဖြစ်မှုတွေ ခံစားကြရတယ်။ အကျိုးဆက်အနေနဲ့ကတော့ ကြောင်တောင်တောင်တွေ ဖြစ်ကုန်ကြရတော့တာပါပဲ။
ဆိုတော့ကာ… ကျွန်တော်တို့တတွေရဲ့ နေ့တစ်ဓူဝမှာ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်လောကထဲ ကြောင်တောင်တောင်အနေအထားတွေ
တွေ့ရတဲ့အခါ အရမ်းကြီး ကြောင်တောင်တောင် ဖြစ်မသွားကြဖို့ လိုပါတယ်။ လူသားဖြစ်တည်မှုကိုက ကြောင်တောင်တောင် အနေအထားမို့လို့ အခုလို ကြောင်တောင်တောင်တွေ ဖြစ်နေရတာလို့ ခပ်ကြောင်ကြောင်ပဲ သဘောပေါက်လိုက်ကြပါ။ ။

ကျော်ဘသစ်
Ref: Wikipedia> Absurdism

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...