Sunday, April 5, 2015

စိမ်ခေါ်နေတဲ့သူ


(၁)
ဗျို့... မြန်မာပြည်
နေကောင်းရဲ့လား၊
ခင်ဗျားပြောတော့ ရွှေနိုင်ငံဆိုဗျ၊
အခုတော့
အကြွေးတန်းလန်းနဲ့ပါလား၊


ပြည်သူတွေ ကြည့်လိုက်ရင်
အပူသည်ရုပ်တွေနဲ့၊
ဒါနဲ့
ဟို...မျက်နှာ အဆီတဝင်းဝင်းနဲ့ အဖွဲ့က
အစိုးရ ဆိုသူတွေလား။
ဟာ... ရန်ကုန်
မင်းလည်း ဒီအတိုင်းပါပဲလား
ကားတွေနဲ့ လူတွေများလာတာပဲ ကွာတယ်နော်
လွန်ခဲ့တဲ့ နှစ်တွေမှာ
ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးလား
မိုးရွာတာနဲ့ ရေပြည့်နေတော့တာပဲ
ဒါနဲ့
ဟို... တိရိစ္ဆာန်တွေ နေပြည်တော်ရွှေ့သွားပြီဆို
ကောင်းပါတယ်ကွာ
မဟုတ်ရင်..
သူတို့အနံ့အသက်က မကောင်းဘူး
ဒါတောင်..
တချို့ ကျန်ခဲ့သေးတယ်နော်။
ဟ... ကြပ်ပြေး
မင်းတော့ စည်ကားနေပါလား
ဘာတဲ့... နေပြည်တော် ဆိုပါလား
တယ်လဲ... ခမ်းနားပါလား
မြို့တမြို့တည်တယ်ဆိုတာ မလွယ်ဘူး
ဒီလူတွေ အတော်ချမ်းသာတယ်ပြောရမယ်
မင်းကံကောင်းတယ်နော်
အရင်က
ဒီနေရာမှာ သူပုန်တွေကျက်စားတာလေ
အခုမှပဲ
နေရာကျသွားတော့တယ်။
အလို... မြေလှိုင်းတွေပါလား
နိမ့်တုံ မြင့်တုံနဲ့ တမင်ဖန်တီးထားတာ ထင်ပါရဲ့
ဒီမှာရေးထားတာ မှားနေသလိုပဲ
အမြန်လမ်းမ လို့ရေးထားတယ်
ဒါ အမြန်လမ်း မဟုတ်ပါဘူး
ဒါမျိုး အမြန်မောင်းရင် သေကုန်မှာပေါ့၊
မှတ်ထား..
ဒါ .. မြေလှိုင်းလို့ ခေါ်တယ်။
(၂)
အဘိုး ဗိုလ်ချုပ်..
အဘိုးပြောတော့
လွတ်လပ်ရေး ရပြီဆို၊
ဟိုမှာ..
အဘိုး မြေးတွေ
ပညာရေးအတွက် ဆန္ဒပြနေကြတုန်းပါလား၊
အဘိုး ဥက္ကဌဖြစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂလေ
အဲဒါ ..
အခု .. အသိအမှတ်မပြုဘူးတဲ့
ကျောင်းသား နိုင်ငံရေးမလုပ်ရဘူး ပြောတယ်
မယုံရင်..
အဘိုး ပြန်လာကြည့်ပါ။
အမေစု..
အမေ ခဏခဏ မပြုံးပြနဲ့
သေနတ်ထမ်းပြီး အုပ်ချုပ်လာတာပါ ဆိုတဲ့လူတွေက
ကြောက်လို့တဲ့၊
နောက်ပြီး
ပန်းတွေကြဲကြဲမချနဲ့
လက်တွေလည်း တအား ဝှေ့ယမ်းမပြနဲ့
ကျည်ဆံတွေကြားမှာ လူဖြစ်လာတယ်ဆိုတဲ့သူတွေက
အသဲငယ်တတ်လို့ပါတဲ့၊
အမေ ကျမ္မာရေး ဂရုစိုက်နော်
ပြည်သူတွေက သတင်းမေးလိုက်လို့။
ဟ.. သမ္မတကြီးပါလား
ပြုံးစိစိနဲ့ ဘာတွေတွေးနေပါလိမ့်
သမ္မတကြီး နှလုံးသိပ်မကောင်းဘူးဆို
ဂရုစိုက်ဗျာ
လေကောင်းလေသန့်ရအောင်
လေယာဉ်များများစီးပေါ့၊
ဥပမာ
နိုင်ငံခြားခရီးများများထွက်ဗျာ၊
အနိဌာရုံတွေ မကြားမမြင်စေနဲ့နော်
ဘူဒိုဇာ သုံးသင့်ရင်သုံး
စွမ်းအားရှင် သုံးသင့်ရင်သုံးလိုက်ဗျာ
သိပ် ... ခေါင်းအရှုပ်မခံနဲ့။
ဟေး... ကာချုပ်ကြီး
အလုပ်များနေတယ်ထင်တယ်
ဟိုတလောက အာဇာနည်နေ့မှာ မတွေ့မိလို့၊
ဒါနဲ့...
ဂျပန်သွားတုန်းက ပန်းခွေကြီးနဲ့ဘာလုပ်တာလဲဗျ၊
အခု
သမ္မတကြီးနဲ့အတူ
ငြိမ်းချမ်းရေးမူကြမ်း လက်မှတ်ထိုးကြတယ်ဆို၊
ဘယ်နှစ်နှစ် စာချုပ်လဲဗျ
အော်... ဆောရီး
စီမံကိန်းနဲ့မှားသွားလို့။
ဟလို...
ဦးရဲထွဋ်တို့ ဆရာတပည့်ပါလား
ဘယ်သွားကြမလို့လဲ
မျက်နှာလည်း မကောင်းဘူး
ဒါနဲ့
ခင်ဗျားတို့နှစ်ယောက် ဖိနပ်တွေမှားနေတယ်ဗျ၊
ခြေရာတွေက စောင်းနေလို့လေ
နဲနဲ ညှိကြအုံးနော်
တော်ကြာ..
လူတွေသိကုန်ရင် မကောင်းဘူး၊
သံအမတ်ကြီးက မေးလိုက်တယ်ဗျ
သူပုန်တွေဆီက ဗုံးသီးတွေ
လာအပ်လှည့်တဲ့၊
တရုတ်ကို လျော်ဖို့ငွေမလောက်ရင် ရောင်းဖိုဆိုလား။။
(၃)
ဟရောင့်... လေမိုး
ဝန်ထမ်းတွေ လစာတိုးဆိုကွ
မင်းတော့ ထောပြီပေါ့
ဒါနဲ့
မင်းက ဘာလို့ငိုင်နေတာလဲ
သူများတွေ သိန်းဆယ်ချီတိုးနေတာကြောင့်လား
မနာလို မရှိနဲ့နော်
ဒါ.. သူတို့ဂွင်ကွ။
ဟာ.. ဦးကြီးတို့
ယာထဲမသွားပဲ ဘယ်သွားမလို့လဲ
လက်ထဲမှာလဲ ဆိုင်းဘုတ်တွေနဲ့ပါလား
ဘာတဲ့..
ဘိုးဘွားပိုင်မြေ ပြန်ပေးပါ... တဲ့။
ဟင်.. ဒေါ်ကြီးက အထုပ်တွေနဲ့ဘယ်တုန်း၊
ထောင်ဝင်စာ .. ဟုတ်လား
ဘယ်လိုဖြစ်တာလဲဗျာ။
ဟိုကောင်... လူမိုက် လှဆွေရော
ဘာ...
ဒီကောင်က အုပ်ချုပ်ရေးမှူးဖြစ်နေပြီလား၊
အေး..
သူ့ဆီ သွားလည်ကြည့်အုံးမယ်။
အမယ်...
ရေဒီယိုတလုံးနဲ့ ညိမ့်နေပါလား..
"မိဘပြည်သူများခင်ဗျား၊
ကျနော်တို့ဟာ စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ် ခင်ဗျား "
ဟင်....
လတ်စသတ်တော့ ဒင်းပဲ
စိမ်ခေါ်နေတာကိုး။
YaeTayZa
လွတ်လပ်စွာ share နိုင်သည် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...