Thursday, April 16, 2015

~ အရှင် ~


အကျွန်ုပ်၏ ရင်တွင် ပိတောက်ပွင့်သည်မှာ လေးကြိမ်မျှသာ ရှိပါသေးသည်။
.
ရှေ့ပြေးမိုးသံ ကြားလျှင်ဖြစ်စေ၊ မှိုင်းအုံ့လာသော တိမ်စိုင်တို့၏ အငွေ့အသက်ကို ရလျှင်ဖြစ်စေ သူ၏ အခါသမယသည် ရောက်ရှိလာစမြဲ။

.
လွတ်လပ်သော၊ ပီဘိ ဣနြေ္ဒ ပိပြားလှသော အလှဖြင့် ဝါဆွေးနေတတ်သည်။ စိမ်းဖန့်ဖန့် ကမ္ဗလာကို အခြေပြု၍ တင့်တယ်နေတတ်သည်။ တူးပို့ တူးပို့ ဒိုးသံမြိုင်မြိုင်ဖြင့် ယိမ်းနွဲ့နေတတ်သည်။
.
စင်စစ် သူသည် မိုးနှင့်ဂီတကို ဖွားဖက်တော် ပြု၍၊ တစ်နှစ်မှတစ်ခါ မွေးဖွားလာရသော ပျိုကညာတစ်ပါးတည်း။
.
စင်စစ် အကျွန်ုပ်၏ ရင်တွင် အရှင် ဖူးပွင့်သည်မှာလည်း လေးကြိမ်မျှသာ ရှိပါသေး၏။
.
အရှင်၏ ကြင်နာသော အပြုံးကို မြင်ရလျှင် ဖြစ်စေ၊ ရှင်းလင်းသေသပ်သော မျက်ဝန်းအစုံ၏ အောက် ဝပ်တွားရသည် ဖြစ်စေ အကျွန်ုပ်၏ နှလုံး၌ တစ်နှစ်တစ်ခါ၏ ပိတောက်ဝါတို့ ဖူးပွင့်လာစမြဲ။
.
အရှင်သည် နူးညံ့သော၊ ချိုသာ ငြိမ်ဝပ်လှသော မေတ္တာတရားတို့ဖြင့် ကျော့ရှင်းလျက် ရှိ၏။ မခို့တရို့ ကော့ညွှတ်နေတတ်သည့် အရှင့်နှုတ်ခမ်းဖျားအောက်တွင် အကျွန်ုပ်သည် လိုရာဆောင်ကြဉ်းရန် အသင့်ရှိမြဲ ဖြစ်၏။
.
စင်စစ် အရှင်သည် မေတ္တာဟူသော ရေစင်နှင့် မာယာတည်းဟူသော အလှတရားတို့ ပွေ့ဖက် ပေါင်းယှက်၍၊ တစ်သက်မှတစ်ခါ ခစားခွင့်ရသော နတ်ဘုရားတစ်ပါးတည်း။
.
............................
For My Beloved Ma, ခင်လေးငယ် ( Lin Lin Latt )
April 14rd 2015 at 5:23 PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...