Saturday, March 7, 2015

မလိမ့်တပတ် မလုပ်ကြပါနဲ့




တောင်သူလယ်သမားနေ့ ရုံးပိတ်ရက်မှာ ပူအိုက်တဲ့ကြား က ပန်ကာလေး ဖွင့်ပြီး အနားယူမိပါတယ်။ ပိတ် ရက်ဆိုတော့ အပေါင်းအသင်းမိတ်ဆွေများ၊ စာအုပ်ကိုယ်စီဖတ်ကြ၊ စကားတွေ ဖောင်ဖွဲ့ကြပေါ့။
နေ့လယ်ပိုင်းလောက်ရောက်တော့ အဆောင်ရှင်အဘိုးက ''သတင်းထောက်ရေ...လာပါဦး''လို့ ခေါ်တယ်။ ''ဘာဖြစ်လို့တုံး အဘိုးရ''ဆို ပြီး ထသွားတော့ အဘိုးက ချုပ်စက်နှိပ်ထားတဲ့ စာရွက်နှစ်ရွက်ကို ပြပါတယ်။ ''အခွန်ပြေစာ''တဲ့။

ပြီးခဲ့တဲ့နှစ်က ကျွန်တော်ရေးထားတဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်ကြီးကိုလည်း ကိုင်ထားသေးတယ်။ မျက်နှာဖုံးဆောင်းပါးဖြစ်တဲ့ ''ဘယ်သူ့အတွက် အခွန် ဆောင်နေကြတာလဲ''ဆိုတဲ့ သတင်းဆောင်းပါးကို သုံးကြိမ်ထက်မနည်း သူဖတ် ထားပြီးပြီလို့ အဘိုးက ပြောတယ်။ နောက်ပြီး အထူးမှတ်ထားရမယ့် အချက်အ လက်လေးများကို အသုံးတော်မြဲဘောပင်နှင့် မျဉ်းသားထားတယ်။ ကျွန်တော့် ကိုပြတယ်။
အခွန်ဆောင်ရမယ့် စာရွက်တွေကို ကျွန်တော် သေချာကြည့်ပါတယ်။ ပြီးတော့ အဘိုး အခွန်ဆောင်သင့်၊ မဆောင်သင့်ကို ကျွန်တော်လေ့လာမိပါ တယ်။ ဒီစာရွက် မရောက်ခင်ကတည်းက အဘိုးတို့ဇနီးမောင်နှံ အခွန်မဆောင် ထိုက်လို့ ကျွန်တော်က ပြောပြဖူးပါတယ်။ ဒါကြောင့်လည်း အဘိုးက ကျွန်တော့် ကို အားကိုးတကြီးနဲ့ သူ့အခွန်ပြေစာကို ပြသခြင်းဖြစ်ပါတယ်။
အဘိုးပေးဆောင်ရမယ့် အခွန်ပြေစာမှာ ယခုမတ်လကုန် နောက်ဆုံး ပေးဆောင်ရမယ်လို့ ပြောထားပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြေစာပါအချက်အလက်များအရ အဘိုးသည် စီးပွား ရေးလုပ်ငန်းမှ တစ်နှစ်ဝင်ငွေ ကျပ် ၂၂၆ဝဝဝဝ ဖြစ်ပါတယ်။ အခြေခံသက် သာခွင့်အဖြစ် ရာခိုင်နှုန်း ၂ဝ (ကျပ် ၄၅၂ဝဝဝ)ကို နုတ်ယူထားသည်။ ပြီးတော့ ဇနီးသည် အတွက် သက်သာခွင့်ကို ကျပ်သုံးသိန်းသတ်မှတ်ကာ နုတ်ပေးထား ပါတယ်။ ဆိုတော့ အဘိုးရဲ့ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဟာ တစ်နှစ်အတွင်း ကျပ် ၁၅ဝ၈ဝဝဝ ဖြစ်တယ်လို့ ဆိုထားပါတယ်။ သက်သာခွင့်များ ခုနှိမ်ပြီး ၁၅ သိန်းကျော်သာ ဝင်ငွေရှိတဲ့ အဘိုးသည် အခွန်ပေးဆောင်ဖို့ တာဝန်ရှိပါသ လားဆိုတာကို မြို့နယ်အခွန်ဦးစီးများ သတိပြုဖို့ လိုပါတယ်။
၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်အသက်ဝင်လာတဲ့ အခွန်အကောက် ဥပဒေအရ အခွန်ထမ်းတစ်ဦးရဲ့ လစာဝင်ငွေ၊ သို့တည်းမဟုတ် စီးပွားရေး အရ တစ်နှစ်ပတ်လုံးအတွင်း ဝင်ငွေအပေါ် တွက်ချက်ပုံအား သက်ဆိုင်ရာအ ခွန်ဌာနနဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ရှင်းလင်းကြေညာထားပြီး ဖြစ်ပါတယ်။
အဲဒီရှင်းလင်းချက်တွေအရ သတ်မှတ်ထားတဲ့ သက်သာခွင့်များကို ခုနှိမ်ပြီး ကျန်ရှိတဲ့ ဝင်ငွေအပေါ်တွင်သာ အခွန်စည်းကြပ်ခြင်း ဖြစ်ပါတယ်။
အခွန်ထမ်း(ပြည်သူ)တစ်ဦးအနေဖြင့်
''သတ်မှတ်ထားသည့် သက်သာ ခွင့်များကို ခုနှိမ်ပြီး ကျန်ရှိသော တစ်နှစ်ဝင်ငွေသည် ၁ ကျပ်မှ ကျပ် ၂,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် 'ဝ'ရာခိုင်နှုန်း၊
ကျပ် ၂,ဝဝဝ,ဝဝ၁ မှ ကျပ် ၅,ဝဝဝ,ဝဝဝ အထိ ၅ ရာခိုင်နှုန်း၊
ကျပ် ၅,ဝဝဝ,ဝဝ၁ မှ ကျပ် ၁ဝ,ဝဝဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊
ကျပ် ၁ဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၂ဝ,ဝဝဝ,ဝဝဝ အထိ ၁၅ ရာခိုင်နှုန်း၊
ကျပ် ၂ဝ,ဝဝဝ,ဝဝ၁ မှ ကျပ် ၃ဝ,ဝဝဝ,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊
ကျပ် ၃ဝ,ဝဝဝ,ဝဝ၁ မှ အထက် ၂၅ ရာခိုင်နှုန်း'' စသည် ဖြင့် အမျိုးအစားခြောက်မျိုးဖြင့် အခွန်ဌာနသို့ ပေးဆောင်ရမှာဖြစ်ပါတယ်။
ယင်းတွက်ချက်ပုံအရ အခွန်ထမ်း(ပြည်သူ)တစ်ဦးရဲ့ တစ်နှစ် စုစုပေါင်း ဝင်ငွေသည် ကျပ်သိန်း ၂ဝ မကျော်လျှင် ဝင်ငွေခွန် ပေးဆောင်ရန်မလိုပါ။
ကျပ်သိန်း ၂ဝ ကျော်ပါက ဝင်ငွေစုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ ကို အခြေခံ သက်သာခွင့်အဖြစ်လည်းကောင်း၊ အိမ်ထောင်ဘက်အတွက် သက်သာခွင့် အဖြစ် ကျပ် ငါးသိန်း၊ သားသမီးတစ်ဦးအတွက် သက်သာခွင့်အဖြစ် ကျပ် သုံးသိန်း၊ မိမိနှင့် အိမ်ထောင်ဖက်အတွက် အသက်အာမခံ သက်သာခွင့်အ ဖြစ် ကျပ် ငါးသောင်း၊ မိမိအတွက် ထည့်ဝင်လူမှုဖူလုံရေး ရန်ပုံငွေအဖြစ် ကျပ် သုံးသောင်းတို့ကို အသီးသီးနုတ်ယူပြီး ကျန်ရှိသော တစ်နှစ်ဝင်ငွေသည် သိန်း ၂ဝ မကျော်လျှင် ဝင်ငွေခွန် ပေးဆောင်ရန်မလိုပါ။
သိန်း ၂ဝ ကျော်မှသာ အ ထက်ပါနှုန်းထားများအတိုင်း ဝင်ငွေခွန်ပေးဆောင်ရမယ်လို့ ဆိုထားပါတယ်။
အခွန်ထမ်း(ပြည်သူ)တစ်ဦးဟာ အခြေခံသက်သာခွင့် ရာခိုင်နှုန်း ၂ဝ ၏ ပမာဏကို ကျပ်သိန်း ၁ဝဝ အထိသာ ခွင့်ပြုထားပါတယ်။ အိမ်ထောင်ဖက် အတွက် သက်သာခွင့် ငါးသိန်းဆိုရာတွင်လည်း အိမ်ထောင်ဖက်ဟာ အခွန် စည်းကြပ်ထိုက်တဲ့ ဝင်ငွေမရှိသူ ဖြစ်ရမယ်။ သားသမီးတစ်ဦးလျှင် ကျပ် သုံး သိန်း သက်သာခွင့်ပြုထားသော်လည်း အသက် ၁၈ နှစ်မပြည့်သေးသူ၊ အိမ် ထောင်မရှိသူ၊ စည်းကြပ်ထိုက်သည့် ဝင်ငွေမရှိသေးသူ ဖြစ်ရမယ်။ ဒါ့အပြင် ၁၈ နှစ်ပြည့်ပြီးလင့်ကစား ပညာသင်ကြားနေသူဖြစ်ပါက ကျပ်သုံးသိန်း သက် သာခွင့်ကို ခံစားနိုင်တယ်လို့ ဥပဒေအရ ဆိုထားပါတယ်။
အဘိုးတွင် အသက်အရွယ်သိပ်မကွာသော ဇနီးသည်ရှိပါတယ်။ အသက် အရွယ်အရ ကျန်းမာရေးချို့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေအရ သက် သာခွင့် ငါးသိန်းကို ခံစားခွင့်ရှိပါတယ်။ ဒါပေမဲ့ အခွန်ဦးစီး၏ ပြေစာတွင် ကျပ်သုံးသိန်းသာ ခွင့်ပြုထားပါတယ်။ သားသမီးတစ်ယောက်ရှိပါတယ်။ အိမ် ထောင်ကျသွားပြီမို့ သားသမီးအတွက် သက်သာခွင့်ကို အဘိုးမရထိုက်ပါ။
ထားတော့...။
မတ် ၂ ရက်က အိမ်သို့ရောက်လာတဲ့ အခွန်ဦးစီးဌာန က ပြေစာပါအကြောင်း ပြန်ဆက်ပါမယ်။
အခြေခံသက်သာခွင့် (ရာခိုင်နှုန်း ၂ဝ) နှင့် ဇနီးသည်အတွက် ကျပ်သုံးသိန်းကိုခုနှိမ်ပြီး ဝင်ငွေပမာဏ ကျပ် ၁၅ဝ၈ဝဝဝ အပေါ်မှာ အဘိုးပေးဆောင်ရမယ့်အခွန်ငွေအဖြစ် ကျပ် ၆ဝ၄၈ဝ ကို ပေး ဆောင်ရမယ်လို့ ဆိုထားပါတယ်။ အဘိုးသည် နှစ်စဉ်အခွန်ဆောင်သူတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကဆိုရင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်အတွက် ကြိုတင်ခွန် ကျပ် ၅ဝဝဝဝ ကို ပေးဆောင်ထားသူပါ။ ဒါကြောင့် ပေးဆောင်ရမယ့် ဝင်ငွေခွန် ကျပ် ၆ဝ၄၈ဝ မှ ကြိုတင်ခွန် ကျပ် ၅ဝဝဝဝ ကို ခုနှိမ်ကာ ကျပ် ၁ဝ၄၈ဝ ကိုပေးဆောင်ရန် အခွန်ပြေစာက ဆိုထားပါတယ်။
ဆိုတော့ အားလုံးခုနှိမ်ပြီး ကျပ် ၁၅ဝ၈ဝဝဝ ရဲ့ လေးရာခိုင်နှုန်း ကျော် ကျော်ကို အခွန်ပေးဆောင်ရန်အတွက် အဘိုးကို စည်းကြပ်ခြင်းဖြစ်ပါတယ်။ ဆိုတော့ အခွန်အကောက်ဥပဒေမှာ သုညရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ၁ဝ ရာ ခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂ဝ၊ ၂၅ ရာခိုင်နှုန်းစသဖြင့်သာ ဝင်ငွေ ပမာဏအပေါ်မူတည်ပြီး စည်းကြပ်ရန် သတ်မှတ်ထားတာပါ။ အခုအဘိုးထံ ရောက်လာတဲ့ မြို့နယ်အခွန်ဦးစီးမှ အခွန် လေးရာခိုင်နှုန်းကျော် ကျော်ဆို တာ မပါ,ပါဘူး။ ဒါဆို ဘယ်သူမှားနေပါသလဲ။
အခွန်ပြေစာအရ အခွန်ကို မြန်မာ့စီးပွားရေးဘဏ်မှ ပေးဆောင်ရန်ဟု ပါရှိပါတယ်။ အဘိုးဟာ နှစ်စဉ် အခွန်ပြေစာအတိုင်း ဘာစောဒကမှ မတက်ဘဲ ၄င်းဘဏ်မှတစ်ဆင့် အခွန်ပေးသွင်းနေသူဖြစ်ပါတယ်။ ဒီတစ်ခါတော့ သူလက် မခံနိုင်တော့ပါ။ မြို့နယ်အခွန်ဦးစီးရုံးကိုသွားရောက်ပြီး ဖြေရှင်းချက်တောင်း မယ်လို့ ဆိုပါတယ်။ မတ်လကုန်ဆိုတဲ့ အခွန် နောက်ဆုံးပေးသွင်းရမယ့်ရက် ကို သူစိတ်မဝင်စားတော့ပါ။ သူစိတ်ဝင်စားတာက အခွန်ဦးစီးရဲ့ မလိမ့်တပတ် လုပ်ရပ်ဖြစ်ပါတယ်။
ကျွန်တော်က အဘိုးဖြစ်သူကို တကယ်ပဲ စီးပွားရေးလုပ်ငန်းမှ တစ်နှစ်ဝင် ငွေ ကျပ် ၂၂၆ဝဝဝဝ ရှိပါသလားလို့မေးတော့ အဘိုးက ''ဘယ်ရှိမတုံး''လို့ ဖြေပါတယ်။ အဘိုးက သူ့ရဲ့ ဝင်ငွေရလမ်းတွေကို တစ်ခုချင်းတွက်ပြပါတယ်။ အားလုံးပေါင်းမှ ၁၄ သိန်းဝန်းကျင်သာ ရှိပါတယ်။ အဘိုးသည် လက်ရှိဥပ ဒေအရ အခွန်ကင်းလွတ်ခွင့် ခံစားထိုက်သူလို့ ယူဆနိုင်ပါတယ်။
အဘိုးသည် သူနှစ်စဉ်ပေးဆောင်နေရတဲ့ အခွန်ဦးစီးရဲ့ စည်းကြပ်မှုအ ပေါ် သံသယရှိနေတာ ကြာပါပြီ။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တော့ အဆင့်ဆင့် ပြုပြင်ပြင်ပြောင်းလဲလာမှုကြောင့် အထိုက်အလျောက် ပွင့်လင်းမြင်သာမှု ရရှိကာ အစိုးရရဲ့ ဥပဒေတချို့ကို သူ လေ့လာခွင့်ရခဲ့ပါ တယ်။ ဒါတောင် သူလက်လှမ်းမမီတဲ့ ဥပဒေပေါင်းများစွာ ရှိနေပါတယ်။ သူ နားမလည်နိုင်သေးတဲ့ ဥပဒေတွေ များစွာရှိနေပါသေးတယ်။ ဒီတစ်ကြိမ်တော့ မြို့နယ်အခွန်ဦးစီးရဲ့ လက်မှတ်ပါတဲ့ အခွန်စည်းကြပ်တဲ့ ပြေစာအပေါ် သူကိုယ် တိုင် သွားရောက်ဖြေရှင်းချက်တောင်းမယ်လို့ ကြုံးဝါးထားပါတယ်။
အဘိုး... ကံကောင်းပါစေလို့ပါ ဆုတောင်းပေးရပါမယ်။ နောက်ထပ် မလိမ့်တစ်ပတ်လုပ်ရပ်တွေကို အဘိုး ရှောင်တိမ်းနိုင်ပါစေလို့ ဆုတောင်းပေးရ ပါလိမ့်မယ်။
မြန်မာပြည်တွင် အဘိုးလို မလိမ့်တပတ်ခံရတဲ့ အခွန်ထမ်းပြည်သူတွေ ဘယ်လောက်များ ရှိနေပါသေးလဲလို့ တွေးဆမိပါတော့တယ်။ ။

- မောင်သာစည်
‪#‎TheYangonTimes‬
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...