Tuesday, March 3, 2015

မြန်မာ-တရုတ် ဆက်ဆံရေး အကျပ်အတည်း ရှိနေသလား

မကြာမီကဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ကိုးကန့်ဒေသထဲက တိုက်ပွဲများနဲ့ပတ်သက်ပြီး မေးစရာမေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သံသယရှိစရာ နောက်ကွယ်က ကိစ္စတွေနဲ့ နယ်စပ်ဒေသက ဖြစ်ရပ်တွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအထိ ထိခိုက်စေသလားဆိုပြီး ထည့်သွင်းစဉ်းစားစရာတွေ ရှိခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ရန်ကုန်အခြေစိုက် တရုတ်သံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ရှိသလို၊ တရုတ်နိုင်ငံဘက်မှာလည်း နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းလင်းပြောဆိုရတာတွေ ရှိနေပါတယ်။

တကယ်တော့ တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တည်ဆောက်ထားသလို အစိုးရချင်းကြား အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးမျိုးလည်း ရှိပါတယ်။ အိမ်နီးချင်းတွေ ဖြစ်လို့လည်း နှစ်နိုင်ငံ ဆက်ဆံရေးက ကောင်းဖို့ လိုနေပါတယ်။ လက်ရှိနှစ်နိုင်ငံကြား အကျပ်အတည်းဘာတွေ ရှိသလဲ၊ ဘယ်လိုကျော်လွှားကြမလဲဆိုတဲ့ DVB ဒီဘိတ်ကို ပြုလုပ်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် နိုင်ငံရေးဝေဖန်သူနဲ့ စာရေးဆရာ ဆရာသန်းစိုးနိုင်၊ The Voice သတင်းစာရဲ့ ဒုတိယအယ်ဒီတာချုပ် ကိုဇေယျသူ၊ ဧရာဝတီသတင်းဌာန (အင်္ဂလိပ်ပိုင်း) ရဲ့ အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူတစ်ဦး နန့်ရော်တို့က ပါဝင်ကြပါတယ်။


မြန်မာ-တရုတ် ဆက်ဆံရေး

၂၀၁၀ မတိုင်ခင်ကတော့ နိုင်ငံတကာက မြန်မာကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားတော့ မြန်မာဟာ တရုတ်နဲ့ပဲ ပေါင်းသင်းခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ အလှည့်အပြောင်း ဖြစ်လာတယ်လို့ ဆရာသန်းစိုးနိုင်က သုံးသပ်ပါတယ်။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘယ်သူသာတယ်၊ နာတယ်ဆိုတာကို အပြတ်ပြောလို့ မရဘူးလို့ သုံးသပ်သူက ကိုဇေယျသူပါ။ ဒါပေမဲ့ မြန်မာဟာ ပထ၀ီနိုင်ငံရေးမှာ တည်နေရာအရ အားသာချက်ရှိနေတယ်၊ သမုဒ္ဒရာထွက်ပေါက် အပါအ၀င် တရုတ်လိုချင်တာတွေ မြန်မာမှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၁ မှာ မြန်မာဟာ တရုတ်နဲ့သာမက တခြားနိုင်ငံတွေနဲ့ပါ နိုင်ငံတကာဆက်ဆံရေးမူဝါဒ ပြောင်းလာတယ်လို့ ကိုကျော်စွာမိုးက သုံးသပ်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရတက်ခါစ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တာမျိုးဟာ တရုတ်အတွက်ရော မြန်မာပြည်သူတွေအတွက်ပါ အံ့သြစရာဖြစ်ခဲ့တယ်လို့ သူက ထောက်ပြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအပြောင်းအလဲတွေကိုကြည့်ရင် တရုတ်နဲ့မြန်မာဟာ သွေးတူမွေးတူဖြစ်တယ်လို့ ကိုကျော်စွာမိုးက ဖြည့်စွက်ပါတယ်။

၂၀၁၁ မတိုင်ခင်ကတည်းက နှစ်နိုင်ငံကြား စီးပွားရေးဘက်မှာ ဖွင့်ပေးခဲ့ပြီးဖြစ်တယ်လို့ နန့်ရော်က ပြောပါတယ်။ နယ်စပ်ဒေသတွေမှာဆိုရင် တရုတ်စကားမတတ်ရင် ကုန်သွယ်ရေးလုပ်ဖို့ ခက်ခဲနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ယူနန်ပြည်နယ်မှာဆိုရင် မြန်မာတိုင်းရင်းသားနှစ်မျိုးလောက် (ကချင်၊ ရှမ်း) အရေအတွက်များများ ရှိနေတယ်လို့ ပြောပါတယ်။

အိမ်နီးချင်းက စူပါပါဝါလား

တရုတ်ဟာ စီးပွားရေးဘက်က ကြည့်မယ်ဆိုရင်တော့ စူပါပါဝါလို့ ပြောနိုင်ပေမယ့် စစ်ရေးဘက်မှာတော့ စူပါပါဝါ မဟုတ်သေးဘူးလို့ ဆရာသန်းစိုးနိုင်က ပြောပါတယ်။ တစ်မျိုးသားလုံးရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုးအရဆိုရင် တရုတ်ဟာ ကမ္ဘာ့အဆင့်အတန်းမှာ အမှတ်စဉ် ၅၇ နေရာမှာပဲ ရှိသေးတယ်လို့ သူက တွက်ချက်ပြပါတယ်။ နောက်တက်လာမယ့် စူပါပါဝါတွေထဲမှာတော့ တရုတ်ဟာ အလားအလာအရှိဆုံးဖြစ်ပြီး၊ ၂၀၅၀ နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်လို့ ဆရာက ကောက်ချက်ချပါတယ်။

တရုတ်ဟာ စူပါပါဝါဖြစ်လာဖို့ရှိတယ်လို့ ကိုဇေယျသူက သုံးသပ်ပါတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ တရုတ်အရေအတွက်ကလည်း တရုတ်ရဲ့အင်အားတွေပဲ ဖြစ်တယ်၊ မူလကတည်းက တရုတ်ဟာ ဘာသာစကားနဲ့ ယဉ်ကျေးမှုမှာ လွှမ်းမိုးထားပြီးဖြစ်တယ်၊ တရုတ်တွေဟာ မကြာသေးခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန် ချမ်းသာလာတဲ့အတွက် ကမ္ဘာ့စည်းမျဉ်းစည်းကမ်းတွေကို ကောင်းစွာနားမလည်တာတော့ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ စည်းမျဉ်းတွေကို တရုတ်က ရေးနိုင်မလားဆိုတဲ့ စဉ်းစားစရာလည်း ရှိနေတယ်လို့ ကိုဇေယျသူက တရုတ်စူပါပါဝါအရေးကို ချိတ်ဆက်ပြပါတယ်။

ပရိသတ်ထဲက ပါဝင်ဆွေးနွေးတဲ့ ဒေါက်တာမင်းညိုကတော့ တရုတ်ဟာ စူပါပါဝါ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ တရုတ်ဟာ တစ်ပါတီအာဏာရှင်စနစ်ဖြစ်တယ်၊ ဒီမိုကရေစီ မဟုတ်ဘူး၊ ဆင်းရဲသားတွေလည်း များနေဆဲ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ဒေါက်တာမင်းညိုကို ထောက်ခံသူက ကိုသန်းဝင်းအောင်ပါ၊ သူလည်း ပရိသတ်ပါပဲ။ စူပါပါဝါဖြစ်ဖို့ အသစ်တီထွင်နိုင်စွမ်းနဲ့ အတိုက်အခံကို အားပေးတဲ့ နိုင်ငံရေးပါရဒိုင်းပြောင်းဖို့ လိုတယ်၊ ဒါပေမဲ့ တရုတ်က အဲဒီလို မလုပ်နိုင်ဘူးလို့ သူက ပြောပါတယ်။

တရုတ်အစားအစာကို တကမ္ဘာလုံး မစားတတ်သူမရှိဘူးလို့ နန့်ရော်က ပြောပါတယ်။ နယ်စပ်ဒေသတွေမှာဆိုရင် ဒေသရဲ့ အစားအစာပြီးရင် တရုတ်အစားအစာဟာ ဒုတိယအဓိက အစားအစာပဲလို့ သူက ပြောပါတယ်။ နယ်စပ်ဒေသတွေမှာ တရုတ်စာ၊ စကား မတတ်ရင် ဈေးဝယ်ဖို့ ခက်မယ်၊ စားသောက်ဆိုင်မှာ အစားအသောက် မှာစားဖို့ ခက်မယ်လို့ ဖြည့်စွက်ပြောပါတယ်။ တရုတ်စာကို မဖြစ်မနေ သင်နေရတာ ဖြစ်လာပါပြီလို့ ဆိုပါတယ်။

စူပါပါဝါနိုင်ငံရေးကို မြန်မာက ကောင်းစွာနားလည်ထားရင် အကျိုးရှိနိုင်မယ်လို့ ကိုဇေယျသူက ပြောပါတယ်။ စူပါပါဝါချင်း အားပြိုင်မှုတွေမှာ မြန်မာကို ထည့်တွက် စဉ်းစားတာတွေ ရှိနိုင်ပါတယ်။ ပထ၀ီနိုင်ငံရေးမှာ မြန်မာက အားသာချက်ရှိနေတော့ စူပါပါဝါတွေက မြန်မာကိုလာရတယ်။ ဒါကို အစိုးရက အကောင်းဆုံး အသုံးချရမယ်။ ပြည်သူ့အတွက် လုပ်ဆောင်ပေးရမယ်လို့ ကိုကျော်စွာမိုးက ထောက်ပြပါတယ်။

ဆက်ဆံရေးနှစ်မျိုးနှစ်စား

နှစ်နိုင်ငံဆက်ဆံရေးမှာ မြန်မာဘက်က ဆက်ဆံရေးတစ်မျိုးတည်း ရှိနေပေမယ့် တရုတ်ဘက်က ကိုင်ထားတဲ့ ဆက်ဆံရေးက နှစ်မျိုးဖြစ်တယ်။ တရုတ်ဗဟိုအစိုးရ (ဘေဂျင်း) ရဲ့ မူဝါဒက တစ်မျိုးဖြစ်ပြီး အောက်ခြေအစိုးရ (ဥပမာ ယူနန်) မူဝါဒ တစ်မျိုး ရှိနေတယ်လို့ နန့်ရော်က ပြောပါတယ်။ လက်နက်ကိုင်တွေနဲ့ ပတ်သက်ရင် အောက်ခြေက ဘေဂျင်းရဲ့မူဝါဒကို လိုက်ချင်မှ လိုက်မယ်၊ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အဲဒီလိုမျိုးတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

တရုတ်ဆက်ဆံရေးနှစ်မျိုး ရှိနေတာဟာ သဘာဝကျတယ်လို့ ဆရာသန်းစိုးနိုင်က ထောက်ခံပါတယ်။ မြန်မာအနေနဲ့ နစ်နာတာက ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် ကျင့်သုံးခဲ့တာဟာ နိုင်ငံခြားရေးမူဝါဒ မဟုတ်ဘဲ တရုတ်လိုတာ အကုန်ပေးပြီး အုပ်ချုပ်သူလူတန်းစားက ကိုယ်ကျိုးကြည့်ခဲ့တယ်လို့ ဆရာက ပြောပါတယ်။ နိုင်ငံကြီးမှန်သမျှကတော့ သူတို့အကျိုးကို ကြည့်ကြတာပဲလို့ ဆက်ပြောပါတယ်။ ဒါပေမဲ့ တရုတ်မူဝါဒမှာ မြန်မာ့ပြည်တွင်းရေးကို ၀င်စွက်ဖို့နဲ့ တိုင်းရင်းသားတွေကို အားပေးဖို့ မရှိဘူးလို့ ဆရာသန်းစိုးနိုင်က ပြောပါတယ်။

ကိုးကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်နေတာဟာ နှစ်နိုင်ငံဆက်ဆံရေးကို အနည်းနဲ့အများဆိုသလို ထိပါးစေပါတယ်။ ဒီမှာ မေးခွန်းတစ်ခုရှိတာက မြန်မာစစ်တပ်ရဲ့ပုံရိပ်ကို ပြန်မြှင့်လာသလားဆိုတာပါ။ ကိုကျော်စွာမိုးကတော့ အဲဒီလိုပြောဖို့ သက်သေခံချက်တွေ သူ့မှာ မရှိဘူးလို့ ပြောပါတယ်။ ဖုန်ကြားရှင်က တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းစာနဲ့ အင်တာဗျူး ပြောတာကတော့ သံသယဖြစ်စရာကောင်းတယ်လို့ ဖြည့်စွက်ပြောပါတယ်။ ဖေဖော်ဝါရီ ၉ က ကိုးကန့်မှာ တိုက်ပွဲဖြစ်ဖြစ်ချင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အချုပ်အခြာအာဏာထိပါးမှုလို့ ချက်ချင်းထွက်ပြောတာ ရှိတယ်၊ အကျအဆုံးတွေ များလွန်းလို့ ဒီလိုပြောသလားလို့ ထင်မိတယ်လို့ ပြောသူက ဆရာသန်းစိုးနိုင်ပါ။

ရုပ်သံကနေ ၀င်ရောက်ဆွေးနွေးတဲ့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌလည်းဖြစ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးစိန်ဝင်းအောင်က တရုတ်နဲ့ မြန်မာဟာ မကင်းရာမကင်းကြောင်း ရှိကြတယ်။ နယ်စပ်အရေးကြောင့် နှစ်နိုင်ငံဆက်ဆံရေးပျက်စရာ မရှိပါဘူးလို့ သူက ပြောပါတယ်။ အချုပ်အခြာအာဏာ ထိပါးတယ်လို့ ပြောရတာက ၂၀၀၈ အခြေခံဥပဒေက ပေးထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို လာတိုက်ခိုက်လို့ ဖြစ်တယ်လို့ သံအမတ်ကြီးက သုံးသပ်ပါတယ်။

ပြည်သူကောင်းစားမယ့် ဆက်ဆံရေး

အခြေခံလူတန်းစားတွေရဲ့ဘ၀ကို အခြေခံပြီး ဆွေးနွေးမှ ငြိမ်းချမ်းရေးရမယ်လို့ ပရိသတ်တစ်ဦးက ပါဝင်ဆွေးနွေးပါတယ်။ လက်ပံတောင်းတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း စတဲ့ မြန်မာပြည်က တရုတ်စီမံကိန်းတွေနဲ့ တရုတ်ပြည်မှာ ဆက်ထားလို့ မရတဲ့ ကျောက်မီးသွေးစက်ရုံတွေကို မြန်မာပြည်မှာ လာတည်ဖို့ ကိစ္စတွေကိုတော့ သေသေချာချာ စဉ်းစားဖို့ လိုတယ်လို့ သူက ပြောပါတယ်။ တရုတ်ကို မုန်းစရာ မလိုပေမယ့် အုပ်ချုပ်သူလူတန်းစားတွေ လုပ်ခဲ့တဲ့ ပြဿနာတွေရဲ့အကျိုးဆက်ကို ပြည်သူတွေ လာခံစားနေရတယ်လို့ ဒီဘိတ်ပရိသတ်တစ်ဦးဖြစ်သူ ကိုအောင်ကျည်စိုးမြင့်ကလည်း ၀င်ဆွေးနွေးပါတယ်။

အထက်ပါကိစ္စတွေဟာ တရုတ်ကြောင့်ချည်းဖြစ်တာ မဟုတ်ဘူးလို့ ကိုဇေယျသူက ပြောပါတယ်။ တရုတ်နဲ့ အစိုးရအပါအ၀င် မြန်မာတချို့ကြောင့် ဖြစ်တာပါလို့ သူက ဆိုပါတယ်။ တရုတ်ကုန်ပစ္စည်းအညံ့တွေ၊ တရုတ်စက်ပစ္စည်းအစုတ်တွေကို တင်သွင်းရောင်းချနေတာဟာ လုပ်ငန်းရှင်တချို့နဲ့ ပြည်သူတချို့ပဲလို့ သူက ထောက်ပြပါတယ်။ ပြည်ပက ၀င်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ ကောင်းကျိုးရော ဆိုးပြစ်ပါရှိလို့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ဥပဒေတွေ ရှိဖို့၊ ဖြစ်ဖို့လိုတယ်လို့ နန့်ရော်က ပြောပါတယ်။

နိုင်ငံခြားရေးမှ မဟုတ်ဘူး၊ ဘယ်မူဝါဒပဲချမှတ်မှတ် ပြည်သူ့မျက်နှာကို ကြည့်ရမယ်လို့ ကိုကျော်စွာမိုးက ပြောပါတယ်။ တရုတ်နဲ့ အရင်အစိုးရလက်ထက်က ချုပ်ထားတဲ့ စီမံကိန်းတွေ၊ စာချုပ်တွေကို ပြန်သုံးသပ်ဖို့ လိုအပ်တယ်၊ လူထုနဲ့ ပညာရှင်တွေကြားကို ချပြပြီး ဆွေးနွေးစေချင်တယ်လို့ ဆရာသန်းစိုးနိုင်က အဆုံးသတ်စကား ပြောပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းဆိုလည်း ပြီးသွားတာ မဟုတ်သေးဘူး၊ နစ်နာတဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်လို့ သူက ပြောပါတယ်။

ပြည်သူ့မျက်နှာကိုကြည့်ပြီး ပြည်သူ့အကျိုးအတွက်ဆိုတဲ့ အရင်းခံစိတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို လုပ်နိုင်ရင် ကောင်းတယ်လို့ ကိုကျော်စွာမိုးက ပြောပါတယ်။ အစိုးရခေါင်းဆောင်တွေ အမြင်ကျယ်ဖို့ လိုတယ်လို့ ကိုဇေယျသူက လိုတိုရှင်း သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဟာ သယံဇာတကျိန်စာမိသလို ဖြစ်နေတယ်၊ ဒါ့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အသစ်လုပ်မယ်ဆိုရင် ပြည်သူကို ချပြဖို့ လိုအပ်တယ်၊ နောက်တစ်ခုက မူဝါဒရေးရာတွေမှာ အစိုးရက တစ်မျိုး၊ တပ်က တစ်မျိုး သဘောထားနှစ်ခု ရှိမယ့်အစား သဘောထားတစ်ခုတည်း ရှိတာမျိုးဖြစ်သင့်တယ်လို့ နန့်ရော်က ပြောပါတယ်။

ရန်ကုန်
မတ် ၁၊ ၂၀၁၅။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...