Monday, March 2, 2015

နိုင်ငံခြားနဲ့ မတူတဲ့ မြန်မာတို့ရဲ့ မိဘနှင့်အတူ နေထိုင်မှု


ပြီးခဲ့တဲ့ အပတ်က စာရေးသူဟာ ဥရောပ မိတ်ဆွေ တစ်ဦးနဲ့ အပြင်မှာ တွေ့ ဆုံ စကားပြောခွင့် ရခဲ့ ပါတယ်။ စကား ဖောင်ဖွဲ့ ပြောနေရင်း မိသားစု အကြောင်းတွေ ပြောဖြစ် ဆိုဖြစ်ကြတာပေါ့။
စာရေးသူက မိဘနဲ့ အတူနေကြောင်း မိဘကို ထောက်ပံ့ လုပ်ကျွေးနေကြောင်း ပြောတော့ သူအံ့သြသွားတယ်။ အာရှ ခဏခဏ ရောက်တဲ့ အနောက်တိုင်းသား များအတွက် အထူးအဆန်း မဟုတ်ပေမယ့် ခုမှ ရောက်လာသူ သူ့အတွက် ကတော့ ဒါဟာ အထူးအဆန်း ဖြစ်လို့ နေပါတယ်။
သူ့ရဲ့ အတွေ့အကြုံကိုလည်း မျှဝေ ပြောပြ ပါတယ်။
သူတို့ နိုင်ငံမှာ လူငယ်တွေဟာ အသက် ၁၈ နှစ်ပြည့်ရင် အိမ်ပေါ်ကနေ ဆင်းလို့ သီးသန့် ပြောင်းနေလေ့ ရှိပါတယ်တဲ့။ အချို့ဆိုရင် အသက် ၁၆ နှစ် နဲ့တင် မိဘနဲ့ ခွဲနေကြ ပါတယ်။ ပြီးတော့ အချိန်ပိုင်း အလုပ်တွေ လုပ်ရင်း ကျောင်းဆက်တက်တာ ရှိသလို အချို့ကျတော့ High School Graduate အဆင့်မှာတင် ရပ်ပြီး လုပ်ငန်းခွင် ဝင်ကြ ပါတယ်။ အများစုက တက္ကသိုလ်တက်တဲ့ အရွယ်ရောက်ရင် မိဘဆီကနေ လက်ဖြန့်တောင်းလေ့ မရှိတော့ပဲ တောင်းရင်လည်း မျက်နှာငယ်ရသတဲ့။
အသက်ငယ်တဲ့ လူငယ်တွေကလည်း အိမ်မှာ မနေချင်တော့ သလို၊ အသက်ကြီးသွားတဲ့ လူကြီးတွေကလည်း သားသမီး၊ ကလေးတွေနဲ့ ကင်းကင်း ရှင်းရှင်း နေလေ့ ရှိသတဲ့။ အကယ်၍ ဖျားနာ တာတို့ ဖြစ်ရင်တောင် လူအိုပြုစုရုံသွားခြင်း၊ ဆေးရုံသွားခြင်း၊ မြို့နယ်၊ ရပ်ကွက်က သူနာပြု ပြုစုစောင့်ရှောင့်မှုကို ခံယူခြင်းတို့သာ ပြုလုပ်ပါတယ်။ သားသမီးက တစ်ခါတစ်လေမှ ပြန်လာလည်တာ ဖြစ်ပါတယ်။ ဒါကိုလည်း မိဘက အပြစ်မဆို ပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သွားတဲ့ သားသမီးတွေကို မိဘအိမ် ကပ်နေတာ မကြိုက်ဘဲ သီးခြားနေစေပါတယ်။ ဒီလိုနဲ့ ဆွေစဉ် မျိုးဆက် တောက်လျှောက် နေလာတာ သူတို့ရဲ့ ယာဉ်ကျေးမှု မြန်မာနဲ့ ယှဉ်လိုက်ရင် အတော်လေး ကွာနေ ပါတယ်။
အသက်ကြီးတော့ အလုပ်မလုပ်နိုင်တော့တဲ့ အဘိုး၊ အဘွားတွေကို ဘယ်သူ စောင့်ရှောင့် သလဲလို့ စာရေးသူက မေးဖြစ်တော သူက ဖြေပါတယ်။ အစိုးရက စောင့်ရှောင့်ပါတယ်တဲ့။ အစိုးရ ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက ဝန်ထမ်းပဲ ဖြစ်ဖြစ် လစဉ် ရတဲ့ လခ ကနေ အစိုးရကို လူမှုဖူလုံရေး အခွန်၊ ပင်စင်ခွန်၊ ဝင်ငွေခွန် အစရှိသဖြင့် တို့ ပေးဆောင် ရပြီး ယင်းဟာလည်း ရရှိတဲ့ လစာရဲ့ ရာခိုင်နှုန်း အနည်းငယ် မျှသာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အသက်ကြီးလာချိန်မှာ၊ အလုပ်မလုပ်နိုင်တော့တဲ့ အချိန်၊ အလုပ်နားတဲ့ အချိန် ရောက်ရင် အစိုးရ ဆီကနေ ထောက်ပံ့ကြေး ပုံမှန် ရပါတယ်။
ဆေးရုံအခမဲ့ တက်ရ ပါတယ်။ ဖေးမသူ မရှိတော့ရင်၊ တစ်ယောက်တည်း၊ ဇနီးမောင်နှံ နှစ်ဦးတည်း နေဖို့ စိတ်မချရတော့ရင် သက်ကြီး စောင့်ရှောင့်ရေး စင်တာ ကို ပို့ပေး ပါတယ်။ မိဘတွေရဲ့ ပင်စင်နဲ့ အစိုးရ ထောက်ပံ့ကြေးက သားသမီး နဲ့ မြေးတွေ မွေးနေ့ ရောက်ရင် ကားလှလှ တစ်စီးတော့ စုပြီး လက်ဆောင် ပေးဖို့ မခက်ဘူးလို့ ဆိုပါတယ်။ အချို့ဆိုရင် အလုပ်မလုပ် နိုင်တဲ့ သားဆိုး သမီးဆိုးတွေက မိဘ ရတဲ့ အစိုးရ ထောက်ပံ့ကြေး ကိုပဲ ကပ်စား သတဲ့။
ဒီတော့ မြန်မာပြည်နဲ့ ယှဉ်ကြည့် လိုက်မယ် ဆိုရင် ကွဲပြားနေတာတွေ အများကြီးပါ။ ပထမဆုံး အချက်ကတော့ အစိုးရ ထောက်ပံ့ကြေးနဲ့ ပင်စင် ဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်း ဝန်ထမ်းက ပင်စင်ကြေး ရှိပြီး ပုဂ္ဂလိက ဝန်ထမ်း အများစု ကတော့ မရှိ ပါဘူး။ အစိုးရ ဝန်ထမ်း ရတဲ့ ပင်စင်လစာ လည်း တိုးတက်ဖို့ လိုအပ် နေပါသေးတယ်။
ဒီတော့ လက်ရှိမှာ ကျနော်တို့ နိုင်ငံသားတွေရဲ့ အခွန်ဟာ သိသိသာသာ ကို တိုးတက် လာပါတယ်။ ဝင်ငွေခွန် အပြင်၊ လူမူဖူလုံရေး အခွန် အစရှိသဖြင့် တိုးလာပြီး ဒီအခွန်တွေ ဘယ်နေရာမှာ သုံးမယ် ဆိုတာ သေချာ မသိရ သေး ပါဘူး။ မြန်မာနိုင်ငံသားများ အနေနဲ့ ဘဝနောင်ရေးအတွက် ကတော့ စိတ်ပူမြဲ ပူနေရဆဲ ပါပဲ။ အနောက်နိုင်ငံသား တစ်ယောက်ဟာ မွေးဖွားပြီး ချိန်က သေဆုံးတဲ့ အထိ အိပ်ဖို့၊ စားဖို့ အသက်ရှင် နေထိုင်ဖို့ ပူစရာ မရှိတဲ့အတွက် သူတို့ အသက်ရှင် ရတဲ့ ရည်ရွယ်ချက်က ဘဝမှာ တစ်မူထူးခြားတဲ့ အရာ တစ်ခုခုကို ဖန်တီး သွားဖို့ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ က လူတွေနဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့ ကွာသွား ပါတယ်။
မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ မွေးဖွားပြီး ချိန်မှ သေဆုံးခါနီး အချိန်အထိ ပူရတ့ အပူ ၃ ပူ ရှိပါတယ်။
- နေ့စဉ် အသက်ရှင် နေထိုင်ရာတွင် မိမိကိုယ်တိုင် မဆင်းရဲရရန်
- မိသားစု မဆင်းရဲရရန်
- အသက်ကြီးသည့် အခါ မဆင်းရဲရန်
ယင်း အပူ သုံးခု လွယ်ထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထူးခြား ဆန်းသစ် တဲ့ အရာ များကို မဖန်တီး နိုင်ပဲ တစ်နေ့ပြီး တစ်နေ့ ဘယ် အပေါက်ကနေ ငွေ ဝင် နိုင်မလဲ ဆိုတာကိုသာ အမြဲ စောင့်ကြည့် ရပါတယ်။
ဒီတော့ တိုင်းပြည်မှာ လူတော် အထွက်နည်းပဲ၊ အလုပ် ကြိုးစားနိုင်တဲ့ လုပ်သား ကောင်းတွေသာ ထွက်လာ ပါတယ်။ ခေါင်းဆောင်ကောင်း မွေးဖွား မှုက အတော်လေး နည်းသွား ပါတယ်။ ဒီအချက်တွေဟာ သုံးသပ်ပြီး စိတ်ညစ် နေဖို့ မဟုတ်ပါဘူး။
စာရေးသူက သူ့ကို မေးဖြစ်တယ်။ မင်းတို့နိုင်ငံမှာရော မြန်မာပြည် လက်ရှိ ကြုံနေရတဲ့ အခြေအနေမျိုးတွေ မဖြစ်ဘူးလားလို့ မေးမိ လိုက်ပါတယ်။ ဘာသာရေး ပဋိပက္ခ၊ နိုင်ငံရေး ပဋိပက္ခ အပြင် များစွာသော ပြဿနာ များကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲ့တော့ သူက ပြန်ဖြေတယ်။ 'လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်' ကတော့ ကြုံကောင်းကြုံလိမ့်မယ် တဲ့။ ဒီတော့ တို့တိုင်းပြည်ကြီးက သူတို့ထက် နှစ်တစ်ရာတောင် နောက်ကျနေသလား လို့ တွေးတောင် တွေးမိ သွားပါတယ်။
ထားပါ။ ခေါင်းစဉ်က ပြောထားတာ မိဘနဲ့ အတူနေ အတူမနေ ဆိုတော့။ ဒီတော့ အကူအညီမဲ့နေတဲ့ မိဘတွေကို သားသမီးတွေ က ကျွေးမွေး စောင့်ရှောင့် ရပါတယ်။ ဒါဟာလည်း ဝတ္တရားတစ်ခုအဖြစ် မြတ်စွာဘုရားက ဟောကြားခဲ့ပြီး ခေတ်ကာလ တိုးတက် ပြောင်းလဲ သွားသည့်တိုင် မိဘနဲ့ အတူနေပြီး လုပ်ကျွေး ပြုစုတဲ့ ယဉ်ကျေးမှုကတော့ ထွန်းကားနေမြဲ ထွန်းကား နေမှာပါ။ သို့ပေမယ့် တရား အားထုတ်ချင်တဲ့ မိဘတွေကို သားသမီး ကလည်း ကြိုးစား ဖန်တီးပေး၊ ဝတ်ကြီး ဝတ်ငယ် ကူညီ ဆောင်ရွက် ပေးရ တာ ကုသိုလ် ပါပဲ။
မိဘနဲ့ အတူနေတဲ့ ဓလေ့ ယဉ်ကျေးမှု ရိုးရာကို မပျောက်အောင်များ အခြေအနေ က ဖန်တီး ပေထား သလားဆိုပြီးတော့ ကျေးဇူးလည်း တင်မိသလို၊ အပူ ၃ ပူကြောင့်မို့လဲ တစ်ခါတစ်လေ ရင်လေး ရပါတယ်။
.
Ref : myanmar-entrepreneur
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...