Tuesday, March 3, 2015

ငြိမ်းချမ်းရေးစစ်တမ်း (၁၃)။ အချုပ်အခြာအာဏာကို ကိုးကားပြီး တိုင်းပြည် မီးလောင်တိုက်သွင်းဘို့ ကြိုးစားနေခြင်းလား။

ကိုးကန့် ပြသနာနှင့် စပ်လျှဉ်း၍ အရပ်ဝတ်ဦးသိန်းစိန်ခေါင်းဆောင်သော စစ်အစိုးရသည် “မြောက် မီးခဲကိုင်” သည့် အခြေအနေသို့ ဆိုက်လျှက်ရှိသည်။မကိုင်လို့ လဲ မရတော့။ မီးကို ငြိမ်းသတ်နိုင်ရန် ကိုင်မှ ဖြစ်မည်။ ကိုင်မိသည့် မီးမှာလည်းရိုးရိုးမဟုတ်။အရှိန်ပြင်းသောမီးကျီးခဲဖြစ်သည်။ လက်တဘက်မှာ ပူလွန်းလာသောအခါ အခြားတဘက်သို့  ပြောင်းရသည်။မီးဒဏ်ခံစားရသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်လျှက်ရှိသော မြောက်ဘ၀ကို တွေးမိသည်။ ဤမြောက်ကိုစာနာ သနား ကူညီကယ်မ ရမည်လား။ သို့ မဟုတ် အလျှံညီးညီး မီးကျီးခဲကို ကိုင်ပြီး တပြည်လုံးကို မီးဟုန်းဟုန်းတောက်၊ ပြာကျအောင် လိုက်ရှို့ တော့မည် ဖြစ်သဖြင့် အန္တရာယ် “မြောက်”အဖြစ်သတ်မှတ်ပြီး ရိုက်သတ် ရတော့မည်လား။ သုံးသပ်ဖွယ်ရှိလာသည်။

            ဖုန်ကျားရှင်က အိမ်နီးချင်း တရုတ်နိုင်ငံ၏တပ်များအကူအညီ နှင့်ဝင်တိုက်သဖြင့်တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးလာသောကြောင့် ခုခံစစ်ပွဲဆင်နွှဲနေရပါသည်ဟုလည်း မြန်မာစစ် တပ်က ခိုင်ခိုင်မာမာ မစွပ်စွဲနိုင်။ တရုတ်ဗဟိုအစိုးရမဖြစ်နိုင်သော်လည်းဒေသခံ အာဏာပိုင်များ၏ စွက်ဖက်မှု ပါနေသလိုလို တဘက်ကလေသံပစ်သည်။ (ခိုင်လုံသည့် သက်သေအထောက်အထားမတင်ပြနိင်ဘဲ)တရုပ်ကြေးစားစစ်သား များပါဝင်တိုက်ခိုက်သော စစ်ဟု အခြားတဘက်မှနေ၍ ကင်ပွန်းတပ်နေပြန်သည်။

            ကိုးကန့် စစ်မီးသည်ပြည်ပလက်ချက် ကြောင့်လားဟုမေးလိုက်လျှင် တိတိကျကျ မဖြေနိုင်။ ပြည်တွင်းစစ် လိုလိုဖြင့်ရှောင်လွှဲသွားသည်။ ပြည်တွင်းစစ်သက်သက်လား မေးမည်ဆိုပြန်လျှင်လည်း တရုတ်ကိုဆန့် ကျင်ခုခံ တိုက်ပွဲဝင်နေရသည့် ပုံမျိုးဖေါ်ပြီး ပြည်ပ ပယောဂပါသလိုလို အယုံသွင်းနေပြန်သည်။ စစ်အစိုးရသည် အဘယ်ကြောင့်ယင်းကဲ့သို့ ဟိုလှည့် သည်လှည့် လုပ်နေရသနည်း။ အကြောင်းရှိမည် ဧကန် ဖြစ်သည်။

ထူးခြားချက်တခုကို သတိပြုရန်လိုပါမည်။ ကိုးကန့် အရေးတွင်မြန်မာစစ်တပ်မှ ၅၄ ဦးနှင့် ရဲခုနှစ်ဦးကျဆုံးပြီးစစ်သည် ၁၀၅ ဦးဒဏ်ရာရခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကစထမှုးမြထွန်းဦးက ကြေငြာသွားခဲ့သည်။ ယင်းသတင်းကို ကြားရသောအခါ လူထုအများစုကြီးမှာအံ့သြသွားကြသည်။၂၀၁၂ ခုနှစ်ဒီဇင်္ဘာ နှင့် ၂၀၁၃ ခုနှစ်ဇန်န၀ါရီလများအတွင်း ကေအိုင်အို ဗဟိုဌာနချုပ်လိုင်ဇာအားထိုးစစ်ဆင်ခဲ့သည့် စစ်ပွဲ ကြီးများအတွင်း မြန်မာစစ်တပ်ဘက်မှ ကျဆုံးသွားခဲ့သူများ၏ အရေအတွက်သည်ယခု ကိုးကန့် မှာထက် အဆနှစ်ဆယ်မကရှိမည်ဟု တွက်နိုင်သည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက်စစ်ရေးသုတေသန မဂ္ဂဇင်းကြီး၏ ထုတ်ဖေါ်ချက်အရ မြန်မာစစ်တပ် ဘက်မှ ၅၀၀၀ ခန့် ထိခိုက်ကျဆုံးခဲ့သည်။ထို့ ထက်ပင်များကောင်းများနိုင်သည်။ ထိုစဉ်က အနီးစပ်ဆုံးစာရင်းအမှန်ကို မထုတ်ဖေါ်ခဲ့ဘဲကိုးကန့် အဖွဲ့ နှင့်ဖြစ်သည့် စစ်ကျမှ အဘယ်ကြောင့် ထုတ်ဖေါ်သနည်းဟု စစ်ကြောရန် လိုအပ်လာသည်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ကိုးကန့် မှာဖြစ်သည့်စစ်ပွဲကဲ့သို့ တရုတ်နိုင်ငံမှ ပါဝင်စွက်ဖက် သယောင်မျိုးဖြင့် လက်ညှိုးထိုးကာ မြန်မာစစ်သည်များသည်မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာတည်တန့် ခိုင်မြဲ ရေးအတွက် အသက်ကို စွန့် လှူသွားခဲ့ကြကြောင်းဖြင့်အကြောင်းမပြနိုင်၊ နိုင်ငံရေးအမြတ်မထုတ်နိုင်၊ လူထုထံမှ ဂရုဏာရရန် မကြိုးစားနိုင်ခဲ့သောကြောင့်ဖြစ်သည်။စင်စစ် အားဖြင့်မူ မဟာမြန်မာလူမျိုးကြီးဝါဒကို ကျင့်သုံးသည့် စစ်အာဏာရှင်များ၏ အဓိပ္ပါယ်မဲ့သောစစ်မိန့် များအောက်တွင် ၄င်းတို့ အာဏာတည်မြဲရေးအတွက် အခြေခံလူထု များမှာ မြန်မာစစ်တပ်ယူနီဖေါင်းနှင့်စစ်တိုက်ကြရရုံသာမကအသက်ပေါင်းမြောက်များလှစွာ စွန့် လွှတ်နေ ကြရပါပြီ။ ဤသည်မှာ မဖြစ်သင့်တော့ပါ။

၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းခဲ့စဉ်က ဗိုလ်ချုပ်နေ၀င်းက ဖက်ဒရယ်ကို ခွဲထွက်ရေးဟု လက်ညှိုးထိုးပြီး တိုင်းပြည်မပြိုကွဲအောင်ထိန်းသိမ်းရန်ဟု အကြောင်းပြခဲ့သည်။ မြန်မာစစ်တပ်၏ ဂုဏ်ကို တင်ခဲ့သည်။ မြန်မာစစ်ခေါင်း ဆောင်များသည်မိမိတို့ ကိုယ်ကို ကယ်တင်ရှင်လိုလို ပုံမျိုးဖန်တည်းခဲ့သည်။ ယခုအချိန်တွင် နိုင်ငံရေးအရပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်မှာ ရသင့်ရထိုက်သော ပြည်ထောင်စုတည်ဆောက်ပုံစနစ် ဖြစ်ကြောင်း စစ်အစိုးရထိပ်သီးများကိုယ်တိုင်က (လက်တွေ့ မဖေါ်ဆောင်သေးသော်လည်း)တရားအရ၀န်ခံလာခဲ့ ကြရပြီ။ ၁၉၆၂ ခုနှစ်က ၄င်းတို့ အသုံးပြုခဲ့ပြီး လူသေကို ဖုတ်မသွင်းနိုင်တော့သည့်ဂါထာဟောင်းကြီးအား ယခု အချိန် တွင်ဆက်လက် ကိုင်စွဲရန်မှာ မဖြစ်နိုင်တော့။ အကြောင်းပြချက်အသစ်တရပ်ကို ရှာရတော့မည်။ ဤတွင် “အချုပ် အခြာအာဏာတည်တန့် ခိုင်မြဲရေး” ဟူသည်ကို ဇွတ်ရော အတင်းပါ မန်းမှုတ် ပွဲထုတ်လာပါတော့သည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ က ကိုးကန့် အရေး ဘီဘီစီ ဆွေးနွေးခန်းတွင်စာရေးသူနှင့် ဦးဇော်ဌေး (သမတရုံး ညွှန်ကြားရေးမှုး) တို့ အားပင်တိုင်ဆွေးနွေးသူများအနေဖြင့်ပါဝင်ဘို့ ဖိတ်ကြားခြင်းခံခဲ့ရသည်။ ယင်းတွင် ဦးဇော်ဌေးက လောက်ကိုင် ဦးစီးအဖွဲ့ က ဦးပိုင်စောက်ချိန် ကို ကိုးကန့် ပြည်သူတွေက တင်မြှောက်ထားတယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရဲ့ အစိုးရ။ အဲဒီ အစိုးရကို ဖြုတ်ချပြီးဖုန်ကြားရှင်အဖွဲ့က အာဏာသိမ်းဘို့ ကြိုးစားတာဟာအချုပ်အခြာအာဏာ ကိုထိပါး စော်ကားတာဘဲ။” ဟု ပြောခဲ့သည်။ သမတရုံးညွှန်ကြားရေးမှုး၏ စကားကို သမတ၏ပြောစကားဟုပင်မှတ်ယူရပါမည်။ထိုနေ့ တနေ့ တည်းမှာပင် ကိုးကန့် အရေးဆိုင်ရာ မြန်မာစစ်တပ်၏ သတင်းစာရှင်းလင်းပွဲတွင်ကစထမှုး ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ကို လာတိုက် တာဟာ အချုပ်အခြာအာဏာကို လာတိုက်တာဘဲ။”ဟု တလေသံတည်း ပြောသွားခဲ့သည်။

            တိုင်းပြည်၏ အချုပ်အခြာအာဏာကို နိုင်ငံတကာနှင့်ပြည်တွင်းရှုဒေါင့်များမှ ချဉ်းကပ်ရန်လိုပါမည်။ ကိုးကန့် အရေးကိုအခြေခံပြီး တရုတ်ပြည်ကကျူးကျော်တိုက်ခိုက်သော
စစ်ဟူ၍ အတိအကျ စွပ်စွဲနိုင်ပါကကုလသမဂ္ဂသို့ တိုင်လိုက်ရုံသာရှိသည်။ ယင်းသို့ မဟုတ်ပါဘဲလျှက် စစ်အစိုးရခေါင်းဆောင်များအနေနှင့်တောပြော၊ တောင်ပြော မပြောသင့်။ ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာချရာရောက်သည်။ သို့ ဖြစ်၍ တိုင်းပြည်အချုပ်အခြာအာဏာအားနိုင်ငံတကာ ရှုဒေါင့်မှကြည့်လျှင် ယခုအချိန်အထိ ပြသနာမရှိကြောင်းထင်ရှားသည်။
             အချုပ်အခြာအာဏာကို ပြည်တွင်းတွင်ကျင့်သုံးရာ၌မူ ပြသနာနှစ်ရပ်ရှိနေသည်။ ပထမ ပြသနာမှာ စစ်အစိုး ရ ထိပ်သီးများကနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အစိုးရ၏ တရားဝင်မှုကို ရောထွေးသုံးစွဲလျှက်ရှိကြခြင်းဖြစ်သည်။ရှုတ်ထွေးစေပြီး လူထုမျက်စိလည်အောင် လုပ်လျှက်ရှိသည်။ အစိုးရ၏တရားဝင်မှု ကို ပြည်ထောင်စု၏အချုပ်အခြာ အာဏာသဖွယ် သဘောထားရန်လိုအပ်ကြောင်း တမင်ရည်ရွယ်ချက်နှင့် မှားယွင်းစွာဝါဒဖြန့်နေသည်။ သမတရုံး ညွှန်မှုး ဦးဇော်ဌေး နှင့် ကစထမှုး မြထွန်းဦး တို့ က လူထုကိုရှင်းပြနေသည်မှာအစိုးရ၏တရားဝင်မှု(The Legitimacy of the Government)ဖြစ်သည်။ သို့ ရာတွင် နိုင်ငံ သို့ မဟုတ် ပြည်ထောင်စု၏ အချုပ်အခြာအာဏာ (The Sovereignty of the Union) မဟုတ်ပါ။

             အချုပ်အခြာအာဏာဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းလူ့ သမိုင်း၏ အစောပိုင်းကာလများက စ၍ ငြင်းခုံဆွေးနွေး အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ “တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ဟာ အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။” “ ဘုရင်ကို ဆန့် ကျင်တာဟာ အချုပ်အခြာအာဏာကို ထိပါးတာဘဲ။” ဟူသော အယူအဆမျိုးကို မြေရှင်ပဒေသရာဇ်ခေတ်များတွင် ကျင့်သုံးခဲ့ကြဘူးသည်။ လက်ရှိ စစ်အစိုးရက ဤပုံမျိုးကို ဖေါ်ရန်ကြိုးပမ်းလျှက်ရှိသည်။ယင်းကို ယနေ့ 
ခေတ်ကမ္ဘာကြီးက လက်မခံတော့ပါ။ အစိုးရကို အချုပ်အခြာအာဏာနှင့် ယှဉ်တွဲမသုံးတော့။ တရားဝင်မှုနှင့်သာတိုင်း တာနိုင်သည်။ တရားဝင်အစိုးရ ဟုတ်မဟုတ်ပြောနိုင်၊ ငြင်းခုံနိုင်သည်။ အချုပ်အခြာအာဏာကိုမူနိုင်ငံနှင့် သာ ယှဉ်တွဲ သုံးကြသည်။

              နိုင်ငံတကာဥပဒေအရ နိုင်ငံဟူသည်တွင်(၁) အမြဲတန်းနေထိုင်သည့် လူထု (၂) သတ်မှတ်ထားသည့် နယ်မြေ (၃) အစိုးရ နှင့် (၄) အခြားနိုင်ငံများနှင့်ဆက်ဆန်နိုင်သည့်အရည်အချင်း ဟူသော အင်္ဂါရပ်လေးချက်ပါ သည်။ [i] ဤလေးချက်ပေါင်းစည်းထားသောနိုင်ငံတခုကို နိုင်ငံတကာကအသိအမှတ်ပြုလိုက်သောအခါ ယင်းတွင် အချုပ်အခြာအာဏာ(Sovereignty) ရှိလာသည်။ အချုပ်အခြာအာဏာသည် နိုင်ငံတခု၏ မရှိမဖြစ် လိုအပ်ချက် ဖြစ်လာသည်။
            နိုင်ငံနှင့် စပ်လျှဉ်းသော အင်္ဂါရပ်လေးချက်အနက်အခြေခံအကျဆုံးမှာ လူထုဖြစ်သည်။ သို့ ရာတွင် လူထု ရှိရုံမျှနှင့် အချုပ်အခြာအာဏာမရှိနိုင်ပါ။နာဇီဂျာမန်များ ကြီးစိုးသည့်ခေတ်တွင် ဂျူးလူမျိုးများကို သာဓက ယူနိုင်သည်။ ထိုစဉ်က၄င်းတို့ တွင်နယ်မြေမရှိခဲ့။ နောက်ပိုင်းတွင် နယ်မြေရအောင် ကြိုးပမ်း၊ အစိုးရအဖွဲ့ တည်ထောင်၊အခြားနိုင်ငံ များနှင့် ဆက်ဆန်နိုင်စွမ်းရှိလာသောအခါ ၄င်းကို နိုင်ငံတကာက အသိအမှတ်ပြုလာကြသည်။အစ္စရေးနိုင်ငံ ဟူ၍ ပေါ် လာသည်။ အင်္ဂါရပ်လေးချက် နှင့် ပြည့်စုံတိုင်းတော့ နိုင်ငံတကာကအသိအမှတ်ပြုမည် မဟုတ်သော်လည်း နိုင်ငံ တကာက အသိအမှတ်ပြုသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတခုဖြစ်စေရန်မူ၎င်းတို့ နှင့် ပြည့်စုံရပါမည်။ အချုပ်အခြာ အာဏာသည် ၄င်းတို့ တလုံးတစည်းတည်း စုပေါင်းထားသည့်အခြေခံတွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
            နိုင်ငံတခုက အခြားနိုင်ငံတခု၏ နယ်မြေကိုဝင်ရောက်တိုက်ခိုက်လိုက်သောအခါတိုက်ခိုက်ခံ နိုင်ငံ၏ အချုပ် အခြာအာဏာကို ထိပါးခြင်းခံလိုက်ရသည်ဟု ဆိုကြသည်။ အဆိုပါအင်္ဂါရပ်လေးချက်လုံးအားတပြိုင်တည်း ထိခိုက် သွားသောကြောင့်ဖြစ်သည်။ အစိုးရတခုတည်းကို ထိခိုက်ရုံမျှနှင့် အချုပ်အခြာအာဏာကိုထိပါးသွားပြီဟု ဆို၍မရပါ။
            လွတ်လပ်၊ မျှတ၊ ဘက်မလိုက်သော ရွေးကောက်ပွဲများကိုဖြတ်သန်းပြီး တရားဝင်ရွေးချယ်တင်မြှောက်ခြင်း ခံရသော အစိုးရသည် လူထုကိုယ်စား အချုပ်အခြာအာဏာကိုကျင့်သုံး ခွင့်ရှိသည်မှာ အမှန်ပင်။ သို့ ရာတွင် အုပ်ချုပ် ခံလူထုက အစိုးရကို အုံကြွဆန့်ကျင်ခြင်းမှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနှင့် တထပ်တည်းမကျပါ။ ဖိလစ်ပိုင် နိုင်ငံတွင်အာဏာရှင်ဖာဒီနန်မားကို့ စ် အစိုးရကို သူ့ လူထုက အုံကြွတော်လှန်၍ ဖြုတ်ချခဲ့သည်။ တောင်အာဖရိကနိုင်ငံတွင် ဒီကလပ်၏ လူဖြူအစိုးရကို အေအင်န်စီခေါင်းဆောင်သည့် တော်လှန်ရေးအဖွဲ့ များကအုံကြွတော် လှန်ခဲ့ ကြသည်။ ထို့ နောက် နိုင်ငံရေးအရဆွေးနွေးပြီး ဖြုတ်ချခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင်သမတ ဗိုလ်ချုပ်ကြီး ဆူဟာတိုကို လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ကြသည်။ အဆိုပါနိုင်ငံများတွင်အုပ်ချုပ်သူများမှာ ရွေးကောက်ပွဲ ဟူသည်များ ကို ဖြတ်သန်းပြီး အစိုးရဖြစ်လာကြသူများပင်။၎င်းတို့ အားလူထုက တွန်းလှန်ဖြုတ်ချခဲ့ကြရာတွင် အချုပ် အခြာ အာဏာ ပြသနာမတက်ခဲ့။ ဖြုတ်ချခံခဲ့ရသည့်အစိုးရဟောင်းများကလည်း အချုပ်အခြာအာဏာကို အကြောင်း မပြခဲ့ကြ။

           အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း၏ နိဒါန်းတနေရာ၌  အောက်ပါအတိုင်းဖေါ်ပြထား သည်။
          “--အာဏာသုံး၍ တရားလက်လွတ်အုပ်ချုပ်မှု နှင့်ဖိနှိပ်ချုပ်ချယ်မှုတို့ ကို လူက နောက်ဆုံးနည်းလမ်းအနေဖြင့် ဆန့် ကျင်ပုန်ကန်သည့် အခြေအနေသို့မရောက်ရှိစေရေးအတွက် လူ့ အခွင့်အရေးကို ဥပဒေစိုးမိုးမှု ဖြင့် ကာကွယ်ပေး ရန် မဖြစ်မနေလိုအပ်သောကြောင့်လည်းကောင်း။ --------- ”  ဟူ၍ဖြစ်သည်။

         အထက်ပါ နိဒါန်းကို ပြောင်းပြန်ကောက်ယူပါက“လူ့ အခွင့်အရေးကို ဥပဒေစိုးမိုးမှုဖြင့် မဖြစ်မနေကာကွယ်ပေး ခြင်းမရှိပါက  အာဏာသုံး၍ တရားလက်လွတ်အုပ်ချုပ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ ကို လူက နောက်ဆုံးနည်းလမ်း အနေ ဖြင့် ဆန့်ကျင်ပုန်ကန်ခွင့်ရှိသည်” ဟု ဆိုလိုရာ ရောက်သည်။ လူထုကရွေးချယ်တင်မြှောက်ခံရသည့်အစိုးရ ဖြစ်သည် ဆိုရုံမျှဖြင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၄င်း၏ အုပ်ချုပ်မှုကိုငြိမ်ခံနေရမည်ဟု မဆိုလို။ ကိုးကန့် အရေး တွင် သမတရုံးညွှန်မှုး ဦးဇော်ဌေးနှင့် ကစထမှုးမြထွန်းဦးတို့ က “ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရအဖွဲ့ ကို လာတိုက် တာဟာ အချုပ်အခြာအာဏာကို လာတိုက်တာဘဲ။” ဟု ပြောနေခြင်းမှာ တက်တက်စင်လွဲနေသည်။ ဟစ်တလာသည်လည်း လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရပြီး အစိုးရဖြစ်လာသူပင်။လူ့ အခွင့်အရေး ချိုးဖေါက်ရုံမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ပျက်ပြားစေသောအခါ နိုင်ငံတကာစုပေါင်းအင်အားဖြင့် ချေမှုန်းပစ်ခဲ့ သည်။

            ၂၀၀၈ ဖွဲ့ စည်းပုံပုဒ်မ (၄) တွင် မြန်မာဘာသာဖြင့်“နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ကြောင်း” ပြဌာန်းထားသည်။စစ်အစိုးရသည် မိမိတို့ ရေးသားထားသည့် ဖွဲ့ စည်းပုံကိုပင် မိမိတို့ လိုက်နာ နိုင်ခြင်းမရှိ။ ၄င်းအရ အချုပ်အခြာအာဏာအား နိုင်ငံကို ရည်ညွှန်း၍ သုံးစွဲထားကြောင်းတွေ့နိုင်သည်။ အစိုးရ နှင့် ယှဉ်တွဲထားခြင်းမရှိ။ စစ်ခေါင်းဆောင်ဟောင်း၊ သစ်များအားလုံးပြန်လည်လေ့လာသင့်သည်။
            အချုပ်အခြာအာဏာကို ပြည်တွင်းတွင်ကျင့်သုံးရာ၌ ဒုတိယပြသနာမှာ နိုင်ငံတည်ဆောက်ပုံ နှင့် ဆိုင်သည်။ တပြည်ထောင်စနစ် နိုင်ငံအနေနှင့် ကျင့်သုံးမည်ဆိုလျှင်အာဏာအားလုံးသည်ဗဟိုမှာသာ စုစည်းသွားပါမည်။ယင်းသို့  ဖြစ်ပါက တိုင်းရင်းသားများ၏တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ရာရောက်နေပြီဖြစ်သဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးရနိုင်ဘွယ်မရှိတော့။အကျိုးဆက်အနေဖြင့် လူ့ အခွင့်အရေး ချိုးဖေါက်မှုကြီးများ ဆက်လက်ဖြစ်ပွားနေပါမည်။
              အချုပ်အခြာအာဏာကို ပြည်ထောင်စုနိုင်ငံအနေနှင့် ကျင့်သုံးမည်ဆိုပါက အာဏာခွဲဝေမှု ရှိရပါမည်။
ပြည်ထောင်စု နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အကြားတွင် ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး ဟူသည့် အာဏာကြီးသုံးရပ်ကို ခွဲဝေကျင့်သုံးရပါမည်။ ၂၀၀၈ခုနှစ်ဖွဲ့ စည်းပုံအရ ကိုးကန့် အား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဟု ဖေါ်ပြထားသော်လည်းတကယ်တန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပ်နှင်းမထားခြင်းသည် ပြသနာကြီး ဖြစ်လာသည်။           
              ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်အချုပ်အခြာအာဏာကို ပြဌာန်းထားသော ပုဒ်မ ၄ ကစ၍ ပြသနာရှိ နေသည်။ အင်္ဂလိပ်ဘာသာနှင့် Sovereign power of the Union ဟုရေးထားသည်။ပြည်ထောင်စု၏ အချုပ်အခြာ အာဏာဟု ဘာသာပြန်ရပါမည်။ မြန်မာဘာသာဖြင့်မူ နိုင်ငံတော်၏ အချုပ်အခြာအာဏာဟု သုံးနုန်း ထားသည်။ ပြည်ထောင်စု မဟုတ်ပါ။အင်္ဂလိပ်နှင့် မြန်မာဘာသာကွဲလွဲမှုရှိပါက မြန်မာဘာသာကို အတည်ယူရမည်ဟု ဆိုထား သဖြင့် တပြည်ထောင်နိုင်ငံသာဖြစ်ကြောင်းရှင်းနေပါပြီ။ ၂၀၀၈ဖွဲ့ စည်းပုံအရ မည်သည့်အခါတွင်မျှ ပြည်တွင်း ငြိမ်း ချမ်းရေးမရနိုင်ပါ။
              
              “အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်။”ဟူရုံမျှဖြင့် မလုံလောက်တော့။ နိုင်ငံသား များထံမှ ဆင်းသက်သော အချုပ်အခြာအာဏာကို နိုင်ငံသားများသုံးခွင့်မရှိသလို၊တိုင်းရင်းသားပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများလည်း သုံးခွင့်မရှိ။ မြန်မာ့တပ်မတော်ကသာကျင့်သုံးနေကြောင်း သာဓကပြပါမည်။ အချုပ်အခြာအာဏာအား ၂၀၀၈ဖွဲ့ စည်းပုံပုဒ်မ၂၀၁ အရ ဗိုလ်ချုပ်ဟောင်းသစ်များဖြင့်သာ အဓိကဖွဲ့ စည်းထား သည့် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကဦးဆောင်ကာလက်တွေ့ ကျင့်သုံးသည်။ ပုဒ်မ၂၇၆ (ဃ) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ ထဲတွင်လည်း တပ်မတော်သားများကို ထည့်သွင်းဖွဲ့ စည်း ကျင့်သုံး သည်။ ကိုးကန့် တွင် ၂၀၀၉ ခုနှစ်၌ မြန်မာစစ်တပ်က ဖုန်ကျားရှင်ကိုတိုက်ထုတ်လိုက်ပြီးနောက်၎င်းတို့ အလို ကျရွေးချယ်လိုက်သူ ပိုင်စောက်ချိန် ကို အကြီးအကဲခန့်ခဲ့သည်။ ဤသည်မှာမြန်မာစစ်တပ်ကကိုးကန့်၏အချုပ်အခြာ အာဏာကိုလက်တွေ့ဝင်ရောက်ကျင့်သုံးခြင်း မဟုတ်ပါလား။ ၂၀၁၀ရွေးကောက်ပွဲကျင်းပသောအခါ ထိုပုဂ္ဂိုလ်သည် ပင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည် ဟု ဆိုပြန်သည်။
                ပြသနာများစွာရှိခဲ့သော ၂၀၁၀ရွေးကောက်ပွဲ၌အဆိုပါဒေသများတွင်မြန်မာစစ်တပ်နှင့် ကြံဖွံ့ တို့ က အမည် စာရင်းတင် မဲပုံးထောင်ပေးလိုက်သူများ ရွေးချယ်တင်မြှောက်ခံရသည်မှာမဆန်းပါ။ ဖဲဝိုင်းတွင် ကိုယ့်ဖာသာကိုယ် ကလဖန်ထိုး၊ ဝေ၊ စား လုပ်သွားသည့်ဒိုင်လူကြီးကဲ့သို့ ပင်။ ယင်းသို့ ဖြစ်ပါလျှက် ပိုင်စောက်ချိန်အား ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရအနေဖြင့် ဂုဏ်တင်နေသည်မှာ ဆင်သေပုပ် ကို ဆိတ်ရေနှင့်ဖုံးသလို ဖြစ်နေပါ သည်။  
                      ဤသည်မှာ အဘယ်ကြောင့်နည်း။ မြန်မာစစ်တပ်မှ စစ်ဗိုလ်များကိုးကန့် အုပ်ချုပ်ရေးအဖွဲ့ တွင် ၀င် ရောက် နေရာယူခြင်း၊အဓိကကြိုးကိုင်ခြင်းတို့ ကို ဖုံးကွယ်ထားလိုသောကြောင့် ဖြစ်သည်။ စင်စစ်အားဖြင့်ပိုင်စောက် ချိန်အပါအ၀င် မြန်မာစစ်တပ်က ရွေးကောက်တင်ပေးထားသူများမှာရုပ်သေးများသာဖြစ်သည်။ လက်တွေ့ အုပ်ချုပ် ရေးလုပ်ငန်းများတွင် မြန်မာစစ်ဗိုလ်ဟောင်း သစ်များကို မကျော်နိုင်။ အုပ်ချုပ်ရေးအရတဆင့်နိမ့် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ထားဘိဦး။ ၄င်းအထက်ရှိတိုင်းရင်းသားပြည်နယ်များတွင်လည်းယင်း အတိုင်းပင် ဖြစ်သည်။ စစ်ဗိုလ်ဟောင်းများ မဟုတ်ပါက ပြည်နယ်ဝန်ကြီးချုပ်ဆိုသူများမှာမည်သည့် အာဏာမျှ မယ်မယ်ရရမရှိ။
              ကချင်ပြည်နယ်လက်ရှိဝန်ကြီးချုပ်နေရာတွင်ရွေးချယ်တင်မြှောက်ခြင်းခံရသူဟု ဆိုသူ ကချင်အမျိုးသားကြီး ဦးလဂျွန်ငန်ဆိုင်း က ၄င်း၏အခွင့်အာဏာမှာ မြူနီစီပယ် အုပ်ချုပ်ရေးမှုးတဦးထက်မပိုဟုငြီးငြူကြောင်း ကြားသိ ရဘူး သည်။ ၁၉၄၇ ခုနှစ်ဖွဲ့ စည်းပုံအောက်တွင် နိုင်ငံတော်သမတဖြစ်ခဲ့သည့်ကရင်အမျိုးသား မန်းဝင်းမောင် က ဒန်ပေါက် ထမင်းစားခြင်တဲ့အခါမှာခိုးကြောင်ခိုးဝှက်ထွက်စားရတာကြောင့် သူ့ ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆုံးရှုံးခံရတာကလွဲလို့  သမတလုပ် ရတာ သူ့မှာ ဘာမျှအာဏာ မရှိဟု ငြီးတွားခဲ့ဘူးသည်ကို အမှတ်ရသည်။

              သမတရုံးညွှန်မှုး ဦးဇော်ဌေး နှင့် ကစထမှုး မြထွန်းဦးတို့ အပါအ၀င်စစ်ခေါင်းဆောင်ဟောင်းသစ်များ အနေဖြင့် တိုင်းရင်းသားပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်  “ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရအဖွဲ့ က အုပ်ချုပ်နေကြောင်း” ပြောလိုပါက ၂၀၀၈ ဖွဲ့ စည်းပုံတအုပ်လုံးအား သမိုင်းအမှိုက်ခြင်းထဲကိုပစ်ထည့်၊ မြန်မာစစ်တပ်တခုလုံးနိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွါ၊ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအသစ် တခုကို အတည်ပြုကျင့်သုံး၊တပြိုင်တည်းတွင် ပြည်နယ်အသီးသီး၌ပြည်နယ် ဖွဲ့ စည်းပုံများရေးဆွဲကျင့်သုံးခွင့်ပေး၊သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များရှိလူထုများက သူတို့ ခေါင်းဆောင်ကို သူတို့ဖာသာ ရွေးချယ်တင်မြှောက်ခွင့် ပြု၊ ယင်းသို့ လုပ်ဆောင်ရန်မှ တပါးအခြားမရှိ။

             ဤ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပင်၂၀၁၅ ရွေးကောက်ပွဲကို ဖေါ်ဆောင်ပါက ပိုင်စောက်ချိန် လိုပုဂ္ဂိုလ်မျိုးကို တိုင်းရင်းသားဝတ်စုံဖြင့်ရှေ့ တန်းတင်  ပွဲထုတ်၊ မြန်မာစစ်တပ်မှ စစ်ဗိုလ်ဟောင်းသစ်များကနောက်ကွယ် က ကြိုးကိုင်ထားသည့်အနေအထားဖြင့် ဆက်လက်ဖေါ်ဆောင်သည့် နွားဖားကြိုးထိုး ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာရမည် ဖြစ်ကြောင်း တိုင်းရင်းသားလူထုအများစုကြီး မြင်နေကြပါပြီ။ စစ်အစိုးရသည်ဆွေးနွေးပွဲဟူသည်များဖြင့်လက် နက်ကိုင် အဖွဲ့ များကို တဘက်ကနေ၍ ထိန်းပြီးအချိန်ဆွဲထား၊ ချော့မြှူထားပြီး ရွေးကောက်ပွဲတွင် ၄င်းတို့ ထင်သလို မတရား ပြုကျင့်မည်ကိုနုတ်ပိတ်ထားစေလိုသည့် သဘောရှိသည်။ သို့ ရာတွင်စစ်မှန်သည့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့ များ၊ နိုင်ငံရေးပါတီများအနေဖြင့်မူ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် ၄င်းတို့ ၏သဘောထားကို ထုတ် ဖေါ်ကြလိမ့်မည် ဟု ယူဆသည်။ လက်ရှိ ကိုးကန့် အရေးအခင်းတွင်ပိုင်စောက်ချိန်နှင့် အဖွဲ့ ကို လက်ညှိုးထိုးလျှက်  “ပြည်သူလူထု က ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရအဖွဲ့ က အုပ်ချုပ်နေကြောင်း” မြန်မာစစ်ခေါင်းဆောင်ဟောင်း သစ်များ၏၀ါဒဖြန့် မှုက ၄င်းတို့ အားပညာပေးလျှက်ရှိနေသောကြောင့်ပင်။

            ကစထမှုး မြထွန်းဦး နှင့် သမတရုံးညွှန်မှုး ဦးဇော်ဌေး တို့ သည်တရုတ်နိုင်ငံက ကျူးကျော်ဆင်နွှဲသောစစ်ပွဲ ဖြစ်ကြောင်း အတိအကျမစွပ်စွဲနိုင်ပါဘဲလျှက်တရုတ်နိုင်ငံသားများပါဝင်တိုက်ခိုက်နေသော စစ် ဖြစ်ပုံမျိုးဖြင့် မြန်မာ လူထုအတွင်းတွင်တရုတ်ဆန့် ကျင်ရေးစိတ်ဓါတ်များကြီးထွားလာအောင် အဘယ်ကြောင့်လှုံ့ ဆော်နေကြသနည်း။ ကိုးကန့် မှာ တိုင်းရင်းသားလူမျိုးတမျိုးဖြစ်ကြောင်း ၄င်းတို့ က မငြင်း။ သို့ ရာတွင်ကိုးကန့် နှင့် ဖုန်ကျားရှင်ကို ခွဲမြင်ရ မည်ဟု ဦးဇော်ဌေး က ဆိုသည်။ ဖုန်ကျားရှင်ကသူ့ ကိုယ်သူ တရုတ်ဟု ထုတ်ဖေါ်ပြီး နိုင်ငံတကာရောက်တရုတ်အမျိုး သားများထံမှ အကူအညီတောင်းခဲ့သဖြင့်ဖုန်ကျားရှင်ကိုယ်တိုင် မှာမူ တရုတ်သာဖြစ်ကြောင်း ထောက်ပြသည်။ “အတွေးတိမ် လှချည်ရဲ့ လား သမတရုံးညွန်မှုးကြီးရယ်။” ဟုရေရွတ်ရမလို ဖြစ်သည်။

            ကိုးကန့် တွေအားလုံးမှာ တရုတ်နွယ်ဖွားတွေဖြစ်ကြောင်း တပြည်လုံးသိ၊ တကမ္ဘာလုံးသိကြသည်။ (ကိုးကန့် ၊တရုတ်) မှန်း သိသိ ကြီးနှင့်ပင်မြန်မာနိုင်ငံက ၄င်းတို့ အားတိုင်းရင်းသားလူမျိုးတမျိုးအနေဖြင့် လက်ခံထား ခဲ့ခြင်းဖြစ်သည်။သေရေးရှင်ရေး အကူအညီ လိုအပ်နေသည့် အချိန်တွင် ဖုန်ကျားရှင်က သူနှင့်မျိုး နွယ်တူများဆီက အကူအညီတောင်းရုံမျှဖြင့် ဖုန်ကျားရှင် အားကိုးကန့် တိုင်းရင်းသားအနေဖြင့်ရှုမြင်ရန်မလိုတော့ကြောင်းဖြင့် မည်သည့် ဥပဒေအရ ဦးဇော်ဌေးပြောနေသနည်း။
           ကေအိုင်အိုနှင့် စစ်ပွဲအတွေ့ အကြုံတခုကိုမျှဝေလိုသည်။ ၂၀၁၂ ခုနှစ်ဒီဇင်္ဘာ နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ များအတွင်း မြန်မာစစ်တပ်ကကေအိုင်အိုဌာနချုပ်လိုင်ဇာအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ရာ တိုက်လေယဉ် နှင့် ဟယ်လီကော်ပတာများသာမက၊နေ့ စဉ်လက်နက်ကြီးကျည် အလုံးတထောင်ကျော်ပစ်ခဲ့သည်။ အချို့ လက်နက်ကြီး ကျည်များမှာ လိုင်ဇာမှာသာမက၄င်းနှင့် မဝေးလှသော ကချင်ဒုက္ခသည်စခန်းများတ၀ိုက်မှာပင် ကျရောက် ပေါက်ကွဲခဲ့ သည်။ ပြင်းထန်လှသောထိုးစစ်ကြီးအောက်တွင် ကချင်တွေ မျိုးဖြုတ်ခံရတော့မည်လားဟူ၍ စိုးရိမ်ဘွယ် အခြေအနေ ရှိလာသည်။ဤတွင် တရုတ်ပြည်ရောက်ကချင်များ (တရုတ်နိုင်ငံအခေါ် ဂျိန်းဖေါများ) အကြားတွင် မျိုးချစ်စိတ်များဒီရေ လိုတက်လာကြသည်။ ၄င်းတို့ နှင့် မျိုးနွယ်တူသူများမတရားခံနေကြရပြီဟူ၍ မခံမရပ် နိုင်ဖြစ်လာကြ၊အချင်းချင်း စုဝေးပြီး ကူညီရန်နည်းလမ်းများရှာကြသည်။
           ရနိုင်သမျှသောရိက္ခာနှင့် လူ့ အသုံးအဆောင်ပစ္စည်းများကို စုဆောင်း၊ ကားကြီး ကားငယ်အမြောက်အများ ဖြင့် သယ်ကာ  ရာပေါင်းတချို့ မျှသော တရုတ်နိုင်ငံသား ကချင် (တရုတ်ကချင်) များသည် လိုင်ဇာတဘက်ကမ်း၊ တရုတ်နိုင်ငံဘယ်ခြမ်းမှနေ၍ နယ်စပ်ဂိတ်ကို အတင်းဖြတ်ပြီးကချင်ပြည်နယ်အတွင်း ၀င်ရောက်ရန်ကြိုး ပမ်း ခဲ့ကြ သည်။ နယ်ခြားဂိတ်စောင့် တရုတ်ရဲများကတားဆီးသဖြင့် ၀င်ခွင့်မရသော အခါ မြန်မာနိုင်ငံဘက်ခြမ်းမှ ကချင်နှင့် တရုတ်နိုင်ငံဘက်ခြမ်းမှ ကချင်လူအုပ်ကြီးတို့ သည် ရေမြောင်းကလေးသာ ခြားထားသော နယ်ခြားမျဉ်းကြောင်း ဟိုဘက်သည်ဘက် တွင် ရပ်ကြပြီး ကချင်ဘာသာဖြင့် အော်ဟစ်ပြောဆိုကာ ကြွေးကြော်ကြ၊ အပြန်အလှန်အားပေးကြ၊ ငိုကြယိုကြ နှလုံး ကြေကွဲဘွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
          ဤသည်မှာ အမျိုးသားစိတ်ဓါတ်ဖြစ်သည်။ တရုတ်နိုင်ငံရှိကချင်များအကြားတွင် ငါတို့ က တရုတ်နိုင်ငံရဲ့ တိုင်း ရင်းသားတွေ၊ တရုတ်နိုင်ငံသားတွေဖြစ်ကုန်ကြပြီ၊ ဒါကြောင့် ဟိုဘက်ခြမ်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ကချင်တွေကိစ္စငါတို့
နဲ့ မဆိုင်ဟု သဘောမထားကြ။ အမျိုးသားရေးစိတ်ဓါတ် အခြေခံတွင် တတ်နိုင်သမျှကူညီဘို့ ကြိုးစားခဲ့ကြခြင်းပင်။လိုအပ်ပါက လက်နက်ကိုင်တိုက်ပွဲအတွင်းကိုပင် ဆင်းပြီး ကူညီကောင်း ကူညီကြပါမည်။
            ဤတွင် တရုတ်နိုင်ငံအစိုးရ၏ သဘောထားမှာဦးသိန်းစိန်၊ ဦးဇော်ဌေး တို့  မြန်မာစစ်အစိုးရ၏ သဘောထား နှင့် ကွာခြားလှကြောင်းတွေ့နိုင်သည်။ သူ့ နိုင်ငံရှိကချင်များက ၄င်းတို့ ၏မျိုးနွယ်စုအမျိုးသားစိတ်အခြေခံဖြင့်ဟိုဘက် ခြမ်းရှိ မြန်မာ ကချင်များ အပေါ် အကူအညီပေးလိုခြင်း၊ အကူအညီပေးရန်ကြိုးစားခြင်း၊ဆက်လက်ကူညီမည်ဟု ကြွေး ကြော်ကြခြင်း တို့ အပေါ် မည်သည့်အပြစ်တစုံတရာမျှမမြင်။ ဒီကောင်တွေတရုတ်ကချင် စိတ်ပျောက်သွားပြီး မြန်မာ ကချင်တွေဖြစ်ကုန်ပြီ၊ ဒီ ကချင်တွေကို ငါတို့ တရုတ်နဲ့ခွဲပြီးမြင်ရမည်ဟု မစဉ်းစား။
          ဒီကချင်တွေဟာ ငါတို့ တိုင်းရင်း သားတွေ၊ ငါတို့နိုင်ငံသားတွေဖြစ်တယ်၊ သူတို့ ပြသနာကဘာလဲ၊ သူတို့ ဘာ
လိုခြင်သလဲ၊ ဘာကြောင့်လိုခြင် တာလဲ၊ စသည်ဖြင့် စူးစမ်းစိတ်ဖြင့် ကချင် အရေး ကိစ္စကိုပို၍စိတ်ဝင်စားလာသည်။ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် နည်းလမ်း ရှာလာ သည်။ ကေအိုင်အိုကိုယ်တိုင်၏ စွမ်းစွမ်းတမန် ခုခံစစ်ဆင်နွှဲမှုနှင့် နှင့်တရုတ်ပြည်ရောက် ကချင်များ၏ ဆန္ဒပြမှုပေါင်းကာကချင်အရေးသည် တရုတ်ဗဟိုအစိုးရအထိ ပေါက်သွားသည်။ သမတ ဦးသိန်းစိန် တရုပ်ပြည်နောက်ဆုံးခရီးစဉ်တွင် တရုတ်သမတ နှင့် တွေ့ ရာ၌ မြန်မာနိုင်ငံမှာ မင်းတို့ မြန်မာတွေ ချည်း နေတာ မဟုတ်ဘူး။ ကချင်တွေအပါအ၀င် အခြားတိုင်းရင်းသားတွေလဲ အများကြီးရှိတယ်။ သူတို့ နဲ့ လဲအဆင်
ပြေ အောင်ညှိနိုင်းမှုတွေ လုပ်ပါ ---- ဟု တိုက်တွန်းခဲ့ကြောင်း သိရသည်။
           တရုတ်ပြည်သည် တပြည်ထောင်စနစ်ကိုကျင့်သုံးသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စု ဟု ဆိုသည်။ ပြည်ထောင်စု စစ်စစ်သာ ဖြစ်မည်ဆိုလျှင်မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားများရသည့် အခွင့်အရေးသည် တပြည် ထောင်စနစ် နိုင်ငံထက်များစွာပိုရပါမည်။ယခုမူပြောင်းပြန်ဖြစ်နေသည်။ တရုတ်အစိုးရက ယူနန်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအဖြစ်၎င်းတို့  အသိအမှတ်ပြု ထားသော ကချင်၊ နှင့် ရှမ်းတို့ အပေါ်တန်ဘိုးထားမှုမှာ မြန်မာ စစ်အစိုးရကမိမိနိုင်ငံအတွင်းရှိ ဒေသခံ တိုင်းရင်းသားများအပေါ် တန်ဘိုးထားမှုထက် များစွာပိုမိုမြင့်မားသည်။
            စစ်အစိုးရအဆက်ဆက်မှ စ၍ ယခုဦးသိန်းစိန်အစိုးရအထိ မှိုင်းတိုက်လျှက်ရှိသော လူမျိုးရေး မုန်းတည်းမှု များသည် တိုင်းပြည်အတွက်မည်သည့်အကျိုးမျှမဆောင်ပါ။မြန်မာစစ်တပ်သည် တရုတ်ကိုဆန့် ကျင်သည့်တရားသော စစ်ကိုဆင်နွှဲနေကြောင်းအကြောင်းပြကာ၊ လူထုထောက်ခံမှုရရန်ကြိုးစားနေခြင်းမှာ ရည်မှန်းချက်တချို့ရှိနိုင် သည်။ ကိုးကန့် အဖွဲ့ နှင့် (၄င်းကို ကူညီသည်ဟု စွပ်စွဲထားသော) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တဖွဲ့ ပြီး တဖွဲ့  ဆက်လက်ထိုးစစ်ဆင်နိုင်ဘွယ်ရှိသည်။ တရုတ်မုန်းတီးရေး စိတ်ဓါတ်ကိုလူထုအတွင်းဆက်လက်လှုံ့ ဆော်ပြီး (ရခိုင်ပြည်နယ် မှာကဲ့သို့ ) လူမျိုးရေး အဓိကရုဏ်း ဖန်တည်းကာမိမိတို့ ကိုယ်ကို ကယ်တင်ရှင်အဖြစ်ပုံဖေါ်နိုင်သည်။ ယင်းမှပေါ်လာ သည့်ဆိုးကျိုးများကိုလက်ညှိုးထိုး၊ တိုင်းပြည် အချုပ်အခြာ အာဏာတည်တန့် ခိုင်မြဲရေးအတွက်ဟု အကြောင်းပြ၊ ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေအရဟုဆိုကာ ကိုးကန့် မှာကဲ့သို့ ပင် အခြားတိုင်းရင်းသားပြည်နယ်များ တွင်လည်း စစ်အုပ်ချုပ်ရေး ဖေါ်ဆောင်မှုများ လုပ်လာနိုင်သည်။

တိုင်းရင်းသားတပ်ပေါင်းစု ယူအင်န်အက်ဖ်စီက ပြည်တွင်းစစ်နှင့်ဆက်စပ်သည့်ပြသနာမှန်သမျှကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာကြရအောင် ဟု ကမ်းလှမ်းထားသည်။ သို့ ရာတွင် ယင်းကို အပေါ်ယံဟန်ပြဆွေးနွေးပွဲများနှင့်လွှတ်ပေးထား၊ လူထုတွေ စိုးထိတ်တလန့် လန့် ဖြစ်စေရန် အခြေအနေ၀ရုန်းသုဉ်းကားများ ပိုပြီးဖန်တည်း၊ကိုးကန့်  ပြသနာကို အမျိုးသားရေး ခုခံစစ် အသွင်လက္ခဏာ လိုလိုပုံဖေါ်၊ မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို တွန်း တင်ကာ (နာဂစ်မုန်တိုင်းကို အခွင့် ကောင်းယူပြီး၂၀၀၈ ဖွဲ့ စည်းပုံကိုအတည်ပြုခဲ့သကဲ့သို့ ) ၄င်းတို့အာဏာ ဆက်လက်သက် ဆိုးရှည်ရေး အတွက်၂၀၁၅ ရွေးကောက်ပွဲအား လိုသလို ထိန်းချုပ်သွားနိုင်မည့်အနေအထားကို ဖန်တည်းနေခြင်း  ဟု သုံးသပ်မိသည်။

စစ်ပွဲဖြစ်ရာတိုင်းရင်းသားဒေသများအတွင်း သတင်းသွားရောက်ယူကြမည့်သတင်းသမားများသည်မတရား အသင်း ဥပဒေ၊ သတင်းမီဒီယာဥပဒေများနှင့် အညီ အရေးယူခံရနိုင်ဘွယ်ရှိကြောင်း ကစထမှုးမြထွန်းဦး၏ဖေဖေါ်ဝါရီ လ ၂၁ ရက်နေ့  သတင်းစာရှင်းလင်းပွဲပြီးသည်နှင့် သတင်းမီဒီယာသမားများက ဝေဘန်ကြသည်။၁၉၆၃ ခုနှစ်ပြည် တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနေစဉ်အတွင်းတွင် မတရားအသင်းဥပဒေအကျိုးသက်ရောက်မှု မရှိစေသည့် အမိန့် ကို အစိုးရက ထုတ်ပြန်ခဲ့သဖြင့် သတင်းသမားများအပါအ၀င်အားလုံးလွှမ်းခြုံကင်းလွတ်ခွင့်ရခဲ့ကြောင်း ၀ါရင့် သတင်းစာဆရာကြီးဖိုးသောကြာ က ရှင်းပြခဲ့သည်။မတရားအသင်းကြေငြာခံထားရသည့် တိုင်းရင်းသား အဖွဲ့ အစည်း များနှင့် တောက်လျှောက် ဆက်သွယ်ဆောင်ရွက်နေသည့် အစိုးရပိုင်းတာဝန်ရှိသူများကိုသာမက မြန်မာ့ငြိမ်း ချမ်းရေး စင်တာ မှ ပုဂ္ဂိုလ်များကိုပါ ယင်းဥပဒေအရမည်သို့ မျှအရေးယူဆောင်ရွက်ခြင်းမရှိပါဘဲလျှက် ဖြစ်ရပ်မှန် ဖေါ်ထုတ်ရန်ကြိုးပမ်းသည့် သတင်းသမားများ၊ လူထုများကိုသာ ဥပဒေအရ အရေးယူနိုင်ဘွယ်ရှိသည် ဆိုခြင်းမှာတရားမျှတမှု မရှိ ကြောင်း သတင်းစာဆရာများက ထောက်ပြကြသည်။

တိုင်းရင်းသားများနှင့် စစ်ပွဲဖြစ်ရာဒေသများအား သတင်းသမားများမ၀င်စေခြင်သည်မှာ မြန်မာစစ်တပ်၏ ထင်ရှားသောဆန္ဒဖြစ်သည်။ ကိုပါကြီးအားရက်စက်စွာသတ်ပြီးနုတ်ပိတ်ပြလိုက်သည်ကို ကြည့်နိုင်သည်။ အဘယ် ကြောင့်နည်း။ တိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်၏လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်းမှန်များပေါ်ထွက်လာ မည် ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ကချင်ခရစ်ယန် ဘာသာရေးဆရာမလေးနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရ သည့် အမှု ၂၀၁၅ ဇန်န၀ါရီလ(၁၉) ရက်နေ့ ကမှဖြစ်ပွားခဲ့သည်ကို ရှုပါ။ အထူးသဖြင့် ကိုးကန့် ဒေသတွင်းသို့ သတင်းသမားများဝင်ရောက်မှုအပေါ် အခြားဒေသများထက် ပို၍ မြန်မာစစ်ခေါင်းဆောင်များ အဘယ်ကြောင့်အစိုးရိမ်ကြီးနေပါသနည်း။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မုံးကိုး၌ လီနီမင်ခေါင်းဆောင်သည့် ကိုးကန့် တပ်ဖွဲ့ အင်အားရာဂဏန်းနှင့် ချီ ရှိသူတို့ အား မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့သည့်စစ်ရာဇ၀တ်မှုကြီးနှင့် ၂၀၁၅ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မှစ၍ ဖုန်ကျားရှင်အဖွဲ့ နှင့် ဆက်တိုက်ဖြစ်ပွားခဲ့သောစစ်ပွဲများအတွင်း လောက်ကိုင်ဒေသတ၀ိုက်အရပ်သား လူထုများအပေါ် ဆက်လက်သတ်ဖြတ်သည့် ပြစ်မှုများအပါအ၀င် အခြားလူ့ အခွင့်အရေးချိုးဖေါက်မှုဖြစ်ရပ်မှန်များ ပြန်ပေါ်လာနိုင်၍ ဖြစ်သည်။မြန်မာနိုင်ငံပြည်တွင်းစစ်ပြသနာကို နိုင်ငံရေးအရ ဆွေးနွေး ညှိနိုင်းအဖြေရှာမည်ဆိုရုံမျှနှင့်မလုံလောက်တော့ပါ။ ဒေသခံလူထုများ လူ့ အခွင့်အရေး ရရှိရေးအတွက် ဥပဒေစိုးမိုးရေးအခြေခံမှစနစ်တကျချဉ်းကပ် ကိုင်တွယ်ရန် လိုအပ်လာပါပြီ။

ဤမျှကြီးမားသည့်စစ်ပွဲဆင်နွှဲနိုင်ခဲ့သည့် ဖုန်ကျားရှင်အဖွဲ့အားကူညီသူများထဲတွင် ၀သပ လည်းပါဝင်ကြောင်း နှင့် ၀သပ ထုတ်သည့် လက်နက်များကို ကိုင်တွယ်တိုက်ပွဲ ၀င်ခဲ့ကြောင်း ဓါတ်ပုံနှင့်တကွဖေါ်ပြကာစစ်အစိုးရက အတိအလင်း စွပ်စွဲလိုက်ခြေပြီ။ ဤသည်မှာ မည်သည်ကို ဦးတည်နေပါသနည်း။ ၂၀၀၉ ခုနှစ် သြဂုတ်လတွင်ဖုန်ကျားရှင် အပေါ်ပြသနာရှာခဲ့စဉ်က လက်နက်ထုတ်သည့် ကိစ္စကိုလည်း အကြောင်းပြခဲ့သည်။ စင်စစ်အားဖြင့်မူ၁၉၈၉ ခုနှစ် အပစ်ရပ်ခဲ့သည့် အချိန်မှစ၍ ဖုန်ကျားရှင်မှာ လက်နက်ထုတ်လုပ်ခွင့်ဆက်ရနေခဲ့ကြောင်းသိရသည်။ စစ်အစိုးရနှင့် အဆင်ပြေခဲ့သောအခါ မည်သည့်ပြသနာမျှမရှိခဲ့။ နယ်ခြားစောင့်တပ် ဖွဲ့ စည်းခြင်းကို လက်မခံသော
အခါကျမှလက်နက်ထုတ်သည့် ကိစ္စမှာ အကြောင်းပြစရာ ပြစ်မှုကြီးဖြစ်လာပြီး အရေးယူပါတော့သည်။

ထိုနည်းတူစွာပင် ၀သပ သည်လည်း ၁၉၈၉ ခုနှစ် အပစ်ရပ်ပြီးချိန်မှစ၍တောက်လျှောက်လက်နက်ထုတ် လုပ်ခွင့်ရနေမည်မှာ သေချာသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလအတွင်းဝသပ အားမည်သို့ မျှအရေး မယူခဲ့။ မမြင်ခြင်ယောင်ဆောင်နေခဲ့သည်။ ယခု မိမိတို့ ကိုတိုက်သည့်ကိုးကန့် အား ၀သပ က ကူညီမှုများကို တွေ့ 
လာရသောအခါကျမှသာ စစ်အစိုးရသည် ၀သပ လက်နက်ထုတ်သည့်ကိစ္စကို ထုတ်ဖေါ်လာပါတော့သည်။

သို့ ရာတွင် ကူညီမှုများ ရပ်ဆိုင်းသွားစေရန် ခြိမ်းခြောက်ပြလိုက်သည့် အဆင့်သာရှိပုံရသည်။ဝသပ အပေါ် အမှန် တကယ် ထိရောက်စွာအရေးယူရဲပုံ မရှိ။ ဥပဒေနှင့် မညီသည့်အပေါ် အရေးမယူရဲသလို၊ ဥပဒေနှင့် ညီအောင်လုပ် ပေးရန်မှာ လည်း မိမိတို့ ကိုယ်တိုင် တဖြေးဖြေးအာဏာနှင့်ဝေးသွားမည့်လမ်းကြောင်းမျိုးဖြစ်နေသည်။ စစ်အစိုးရ
အနေဖြင့် အရှက်ပြေ တောပြော၊ တောင်ပြော ပြောနေသော်လည်း ၀သပ နှင့် စပ်လျှဉ်း၍ ကိုယ့်ရှုးကိုယ်ပတ်၊ကိုယ့်အတတ်ကိုယ်စူးနေသည့် ဘ၀မှ ရုန်းထွက်ရန် မလွယ်သေးပါ။

ဝသပ သည်လည်း မိမိတို့ အဖွဲ့ အစည်းရပ်တည်ခွင့်ရရေး၊ ဘဏ္ဍာငွေကြေး နှင့် လက်နက်လူသူအင်အား တောင့်တင်းရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်မှာ၂၅ နှစ်မျှ ကြာခဲ့ပါပြီ။ စစ်အစိုးရနှင့် နားလည်မှုယူပြီး လက် တွေ့ ရထားသည့် အခွင့်အရေးများမှာစာချုပ်ချုပ်ပြီး တရားဝင်ယူ၍ရသည်ထက်ပင် ၄င်းတို့ အတွက် ပိုမိုအကျိုးရှိ နေ သောကြောင့်အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် နိုင်ငံရေးအရ ခိုင်ခိုင်မာမာလက်တွဲရပ်တည်တောင်းဆိုမည့် လမ်းကြောင်းကို ၀သပသည် မည်သည့်အခါကမျှ ရွေးချယ်ခြင်း မပြုခဲ့။ သို့ ဖြစ်၍တိုင်းရင်းသား ပြည် နယ်များအားလုံး တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် စစ်မှန်စွာရရှိသည့်အခြေခံတွင် ပြည်တွင်းငြိမ်းချမ်းမှု တည် ဆောက်ရေးအတွက် ထိရောက်သည့် အားမဖြစ်ခဲ့ပါ။ သို့ရာတွင် ၀သပ ကိုယ်တိုင် ယခု လမ်းဆုံ လမ်းခွရောက်နေပုံရ
သည်။ မည်သို့ ဆက်လက်လျှောက်လှမ်းမည်ကို စောင့်ကြည့်ရပါမည်။
ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ                            ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၅ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...