Tuesday, February 24, 2015

ငါသိဖူးတဲ့ (လူ)(နေ)မှု (ဆက်ဆံရေး)ဟာ ပုံစံတကျ (ဖြစ်)(ပျက်)လာတယ်

ဆက်သွယ်ရေး ကိရိယာတွေပိုမိုများပြားလာပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်လာတယ်
အော်ခေါ်လို့ လည်း မကြားတော့တဲ့ ခေါ်သံတွေ ခွေလိပ်နေတဲ့ကြိုးမဲ့စနစ်တွေ
တိုးတိုးပြောလည်း နားမည်နိုင်တော့တဲ့ စကားတွေ အချင်းချင်းကြားမှာ ခံနေတဲ့ ကြား(ခံ)တွေ
နေ့စဉ်ရက်ဆက် ပေးပို့နေတဲ့ မက်ဆေ့တွေဟာ မရောက်ဘူးလား လေဟာနယ်တွေ ပိတ်ကြပ်လာပြီ


မတွေ့အောင်ရှောင်ကွင်းသွားလို့ရမယ့် လမ်းတွေ ကုန်းကျော်တံတားတွေ မိုးပျံတံတားတွေ ထိုးပါ
ဓါတ်ကြိုးတွေပေါ်က ကျီးကန်းတွေ နေရာရွေ့မသွားဘူး ဟိုဟိုဒီဒီလမ်းသလားရတာကို ခါးပြီ
နေ့စဉ်မနက်ခင်းတိုင်းသွားရမယ့်လမ်းကို ရွေးဖို့ ဦးနှောက်က အကြပ်ရိုက် ဘာမှမဟုတ်တဲ့ ကိစ္စတွေကိုက စပြီးခက်လာ
ခက်ကုန်ပြီ ခက်ပြီလို့ ပြောပြီး လမ်းခွဲသွားကြတဲ့ မျက်နှာကျက်တွေက မျက်နှာစိမ်းတွေအဖြစ် အဲဒီလေဟာနယ်ထဲ ၀ဲနေတုန်း
ပုခင်းချင်းတိုက်မိလို့ ဖုတ်ဖတ်ခါချ မျက်နှာလွဲပြီး တွေ့တဲ့ခဲကို ကန်ကျောက်လိုက်တယ် ကံကြမ္မာဆိုတာ ဖန်သလိုဖြစ်ဖို့ မလွယ်

ခါးထဲက ဆက်သွယ်ရေးကိရိယာတွေရဲ့ တုန်ခါမှုမှာ ကိုယ့်ကိုယ်ကိုယ်ထိမ်းမရသိမ်းမရတွေဖြစ်လိုဖြစ်
လွှတ်လိုက်တဲ့ လျှပ်စစ်လှိုင်းတွေက ခင်ဗျားတို့ ရဲ့ နုလုံးသားကို တိုက်ရိုက် ရိုက်နေတာ အမြင့်ဆုံးထိရောက်မှုအထိ
ကိုင်တွယ်ထိတွေ့လို့ ရနေပြီလေ အဲ့ဒီအပြင် ခံစားလို့ ရနေပြီ ခင်ဗျား ဇာတ်သိမ်းခန်းတောင်ရောက်လို့ရနေပြီ
ဘာကိုမှမလိုချင်တော့တဲ့ စိတ်မှာကို ပင်ပန်းလွန်းလှပြီ ငါပျိုးထားတဲ့ စံပယ်ပင်လေး သေသွားတုန်းက ဝမ်းနည်းမှုမျိုးတွေနဲ့ ငါလည်း မသေမရှင်

ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်လည်တောင့်တနေမှုမှာတောင် လွှတ်ချလိုက်ဖို့ကို မောပန်းနေတဲ့ စိတ်တွေနဲ့ 
ငါ့ဆီကနေ ပြန်ယူသွားခဲ့တာတွေ များလွန်းတယ် ငါ့မှာကဖြင့် ပေးလို့မကုန်သေးတဲ့ မေတ္တာတွေဗရပွ
တကယ်ဆိုတာ ဘာမှကို မကျန်တော့တဲ့ ဗလာစိတ်နဲ့ ရှင်သန်ဖို့ ကြိုးစားချင်တဲ့ စိတ်ကလေး တငွေ့ငွေ့
မေတ္တာတရားမှာ အမှားပါလာရင် အဲ့ဒီမေတ္တာတရားဟာ သိပ်ပူတာပဲလို့ ငါကပြောရင် ယုံပေးပါ
အခါးဓာတ်သင့်ထားတဲ့ ညတွေများလာပြီးတဲ့အခါ ချစ်ခြင်းတွေကိုတောင်  ငါရှောင်ရှားတတ်လာတာ

ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဆိုတာ ဝေးပါတယ်လေ ငါ့မှာ ငြိမ်းချမ်းတဲ့ ငါ့နေရာ ငါ့အိပ်ခန်းငယ်လေးရဖို့တောင်
ညတိုင်း ဝတ်ပြု ဆုတောင်းနေရတာ အဝေးက ပို့သနေတဲ့ မေတ္တာဟာ ဆက်သွယ်ရေးကြားခံ မှိုင်းတွေထဲမှာ
ငါ့ဆီရောက်လာဖို့ နောက်ကျနေတာလား ငါ့ဆီရောက်မလာတော့တာလား ဆက်ပြီးစောင့်နေတဲ့ငါက လက်ခံဖို့ အဆင်မပြေနေတာ
ပြန်ပြီး ဆုံးရှုံးသွားမှာကို ကြောက်တတ်နေတဲ့ စိတ်နဲ့ ဘယ်အရာကိုမှ ပိုင်ဆိုင်ဖို့ နွယ်ဖို့ ကိုယ် မက်မက်မောမော မလိုချင်ရဲခဲ့/တော့ ဘူး

တယ်လီဖုန်းနံပါတ်တွေ အလွတ်မရတော့သလို တသက်လုံးကျတ်မှတ်ထားမိတဲ့ မျက်နှာတွေကိုလည်း အလွတ်မရတော့
ပေးပို့လာမယ့် မက်ဆေ့တွေကို အာသာငမ်းငမ်းမျှော်လင့်နေမိသလို ဖောက်မဖတ်ဖြစ်တဲ့ အိတ်ပိတ်စာတွေလည်း များပြီ
တောင်စဉ်ရေမရ ရေးခြစ်ထားတဲ့ စာကြောင်းတွေနဲ့ ညစ်ပေပွနေတဲ့ စာအုပ်တစ်အုပ်ဟာလည်း ဗလာပြန်မဖြစ်နိုင်တော့သလို
မျက်လုံးကို အသာပိတ်ပြီး ခြေမှာထိထားတဲ့ မြက်ခင်းရဲ့ စိမ်းစိုမှုတွေနဲ့ ငါ့ကိုယ်ထဲက သွေးတွေကို ပြန်သန့်လိုက်ဖို့ မရနိုင်တော့
ပိုပြီးပူနွေးလာတဲ့ ကမ္ဘာကြီးဟာ ကိုယ်ပူချိန်တရိပ်ရိပ်တက်လာပြီး လောင်ကျွမ်းသွားတော့မယ့် နေ့ဟာ ဘယ်နေ့ဖြစ်ပါစေဆိုတဲ့
မက်ဆေ့ကို ငါ့မှာနောက်ဆုံးကျန်နေတဲ့ မေတ္တာတရားလေးနဲ့ ထုတ်ပိုးပြီး အားလုံးကို ငါပို့လိုက်တယ်.....သူတို့ ဖောက်ဖတ်ဖြစ်ပါစေကွယ်။


အမွန်မွန်း
၂၄ ဖေဖေါ်ဝါရီ ၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...