Tuesday, February 24, 2015

ပြည်သူကို အဆိပ်ကျွေးနေသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသားများသို့။


ဤ post သည် ဒဏ်ရာရ စစ်သည်များအား ပုတ်ခတ်စေလိုသောဆန္ဒ မရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
သို့ ပါသော်လည်း ပြည်သူကို အနုပညာဖြင့် ကျေးဇူးဆပ်မည်ဟု ကြွေးကြော်နေသော ပေါ်လစီ ရုပ်ရှင်လောကသားများကိုသာ တည့်တည့် ပြောပါသည်။
ဒီနေ့ စစ်တပ်ဟာ တိုင်းရင်းသားပြည်သူတရပ်လုံးကို အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်နေတာ မြင်တွေ့နေပါလျက်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဟန်ပြသာ လုပ်ပြီး ပြည်တွင်းစစ်ကို မွေးထားတာ မြင်တွေ့နေပါလျက်။
စစ်တပ်ကြောင့် တိုင်းရင်းသားပြည်သူများစွာ အိုးအိမ်အခြေမဲ့ပြီး စ⁠စ်ဘေးရှောင်ဒုက္ခသည်တွေအဖြစ် မျှော်လင့်ချက်မဲ့ ရှင်သန်နေကြရတာ မြင်တွေ့နေပါလျက်။
စစ်တပ်ကြောင့် ကလေးသူငယ်တွေ မိဘမဲ့၊ ပညာသင်ကြားခွင့်မဲ့၊ အနာဂတ်မဲ့တွေ ဖြစ်နေကြရတာ မြင်တွေ့နေပါလျက်။
လယ်ယာမြေတွေကို တပ်ပိုင်မြေ၊ စီမံကိန်းမြေတွေအဖြစ် မတရားသိမ်းယူပီး လယ်သမားတွေကို သတ်ဖြတ်ဖမ်းဆီး အနိုင်ကျင့်နေတာတွေ မြင်တွေ့နေပါလျက်။
ပြည်သူ့ရွေးချယ်မှုမပါပဲ လွှတ်တော်ထဲ စစ်ယူနီဖေါင်းတွေနဲ့ ၀င်ထိုင်နေတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို မြင်တွေ့နေပါလျက်။

စစ်တပ်က နေရာဌာနတိုင်းမှာ ယူနီဖေါင်းဝတ်နဲ့တစ်မျိုး အရပ်ဝတ်နဲ့တစ်ဖုံ ကြီးစိုးချယ်လှယ်နေတဲ့ စစ်အာဏာရှင်စနစ်ကျင့်သုံးဆဲနိုင်ငံမှန်း မြင်တွေ့နေပါလျက်။
စစ်တပ်အတွက် လှုဒါန်း အားပေး ၀ါဒဖြန့်ပေး လုပ်နေတာဟာ ခင်ဗျားတို့ကိုယ်တိုင် ဖေါက်ပြန်တာ။ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်တာဖြစ်တယ်။
“မွန်မြတ်သည့် စိတ်ထားဖြင့် အသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေသော တပ်မတော်သားများ။ နိုင်ငံတော်၏ အချုပ်ချာအာဏာကို ထိပါးနှောက်ယှက်သည့် လုပ်ရပ်များကို ခုခံတွန်းလှန်တိုက်ခိုက်နေသည့် မြန်မာ့တပ်မတော် စသည်ဖြင့်” ပြည်သူတွေကို စစ်ကျွန်ဘ၀မှာ ထပ်နေစေချင်သေးတဲ့ စစ်တပ်ကို အရောင်တင်ပေးတဲ့ ဝေါဟာရတွေနဲ့ စစ်တပ်ရဲ့ လုပ်ရပ်ဆိုးတွေကို ဖုံးကွယ်ဖျောက်ဖျက်ပေးဘို့ ကြိုးစားနေတဲ့ ခင်ဗျားတို့ ရုပ်ရှင်အစည်းအရုံးရဲ့ ထုတ်ပြန်ကြေငြာချက်ဟာ ရုပ်ရှင်လောကသားတွေရဲ့ သမိုင်းကို အမည်းစက် ထပ်ချယ်ပေးလိုက်တာပဲ ဖြစ်တယ်။
စစ်အာဏာရှင်ခေတ်တလျှောက်လုံးမှာ ခင်ဗျားတို့ဟာ စစ်တပ်ကို ဖားတဲ့ ပြည်သူကို အဆိပ်ကျွေးသလို ပေါ်လစီဇတ်ကားတွေ အများကြီး ရိုက်ခဲ့ သရုပ်ဆောင်ခဲ့ကြတယ်။ ပါပီမ၊ သူမွဲထသစ္စာ၊ သံလွင်ရေဘယ်မခန်း၊ အရှေ့ဆီက အနီ၊ အာရုံဦးမှာ ဖူးသည့်ကြာ စသည်ဖြင့် စစ်အာဏာရှင်အကြိုက်ဇတ်လမ်းတွေ ရိုက်ကူးသရုပ်ဆောင်ခဲ့ကြတယ်။
ကျောင်းသားတပ်မတော်၊ ဗကပ၊ ကရင်၊ ကချင်၊ ရှမ်း ဘယ်အဖွဲ့မှ မကျန်ရအောင် အောက်တန်းကျတဲ့ဇတ်လမ်းတွေ စကားလုံးတွေ ဟန်အမူရာတွေသုံးပြီး ရုပ်ရှင်ဖန်သားပြင်ပေါ်ကနေ ၀ါဒဖြန့်စစ်ပွဲကို စစ်တပ်ဘက်ကနေ ခင်ဗျားတို့ ကူတိုက်ပေးခဲ့ကြတယ်။
သောင်းကျန်းသူ၊ ဘိန်းသမား၊ အဖျက်သမား၊ ဘာသာတရားမရှိတဲ့သူတွေဆိုတဲ့ ပြောဆိုမှုတွေနဲ့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို တန်ဘိုးမဲ့သွားအောင် ပြောဆိုသရုပ်ဆောင်ခဲ့ကြတယ်။
ခုလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပြင်းပြင်းထန်ထန်ရှုတ်ချပါသည်ဆိုတဲ့ အသုံးအနှုန်းနဲ့ စစ်တပ်ဘက်ကနေ ခင်ဗျားတို့⁠ စစ်ကူပေးနေပြန်ပီ။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံးကို စော်ကားမှု ဖြစ်တယ်။ စ⁠စ်သွေးကြွနေတဲ့ စစ်တပ်ကို အားပေးအားမြှောက်လုပ်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာပဲ ဖြစ်တယ်။
လူသတ်မုဒိန်းကောင်တွေကို အလှုလုပ် အားပေးစကားတွေ ပြောပြီး ပြည်သူတွေကိုေ၀၀ါးအောင်လုပ်နေတဲ့ ခင်ဗျားတို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စစ်တပ်က ရက်ရက်စက်စက်သတ်ပြီး အလောင်းဖျောက်ဘို့ ကြိုးစားခဲ့တဲ့ ကိုပါကြီးအတွက် ကြေငြာချက်တစ်စောင် ထုတ်ခဲ့ဘူးသလား။ ကိုပါကြီးရဲ့ဇနီး မသန္တာကို အားပေးစကား တခွန်းတလေ သွားပြောဘူးသလား။ ဖခင်မဲ့ အားကိုးရာမဲ့သွားတဲ့ ကိုပါကြီးရဲ့ကလေးတွေအတွက် တစ်ကျပ်တစ်ပဲ လှုဒါန်းဘူးသလား။
ဆင်ခြင်တုံတရားမဲ့တဲ့ ရဲတွေရဲ့ လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ထွက် သေခဲ့ရတဲ့ ကျေးတောသူမကြီး ဒေါ်ခင်ဝင်းအတွက်ရော ကြေငြာချက်တစ်စောင် ထုတ်ခဲ့ဘူးသလား။ လက်ပံတောင်းတောင်ဒေသ၊ မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းရဲ့မိသားစုတွေဆီကို အားပေးစကား တခွန်းတလေ သွားပြောဘူးသလား။ မိခင်မဲ့ အားကိုးရာမဲ့သွားတဲ့ ဒေါ်ခင်ဝင်းရဲ့ သမီးတွေအတွက် တစ်ကျပ်တစ်ပဲ လှုဒါန်းဘူးသလား။
လက်ပံတောင်းတောင်ဒေသအပါအ၀င် တစ်နိုင်ငံလုံးမှာ ရှိတဲ့ အဓမ္မလယ်သိမ်းမြေသိမ်းခံရသူတွေဟာ ခင်ဗျားတို့ရဲ့ ပရိသတ်တွေ ခင်ဗျားတို့ရဲ့ ထမင်းရှင်တွေ ဖြစ်တယ်။ သူတို့ရဲ့သပိတ်စခန်းတွေဆီသွားပြီး အားပေးစကားတခွန်းတလေ ပြောဘူးသလား။ လယ်ယာမဲ့ စီးပွားမဲ့သွားတဲ့ တောင်သူလယ်သမားတွေအတွက် တစ်ကျပ်တစ်ပဲ လှုဒါန်းဘူးသလား။
ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးအခန်းကဏ္ဍ ဖြစ်တယ်။ နေရာဌာနတိုင်း ၀င်ကြီးစိုးထားတဲ့ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် စုတ်ပြတ်နုံချာနေတဲ့ ပညာရေးစနစ်ကို ပြုပြင်ဘို့ ကျောင်းသားတွေ သပိတ်မှောက် ချီတက်ဆန္ဒပြနေကြတယ်။ အဲဒီကျောင်းသားစ⁠စ်ကြောင်းတွေရှိရာကို သွားပီး အားပေးစကား တခွန်းတလေ ပြောဘူးသလား။ ပင်ပန်းဆင်းရဲခံပြီး မိုင်ပေါင်းရာချီ လမ်းလျှောက်ဆန္ဒပြနေတဲ့၊ တိုင်းပြည်အနာဂတ်အတွက် သန့်သန့်ရှင်းရှင်း ကြိုးစားအားထုတ်နေတဲ့ ကျောင်းသားတွေအတွက် တစ်ကျပ်တစ်ပဲ လှုဒါန်းဘူးသလား။
စစ်ဗိုလ်ချုပ်တွေရဲ့ မှတ်ချက်တွေနဲ့ ပေးတဲ့ အကယ်ဒမီကို ရဖို့ ၊ အခွင့်အရေးတွေ ပါမစ်တွေ ရဘို့ ၊ အာဏာရှင်သားသမီးတွေနဲ့ ပေါင်းပြီး မူးယစ်ဆေး လွတ်လွတ်လပ်လပ် သုံးရဘို့ စစ်တပ်ကို ဖား ပြည်သူကို ဆန့်ကျင်ဆိုတဲ့ အချောင်သမားလုပ်ရပ်တွေ ရပ်ကြဘို့  ကောင်းပြီ။
အပြစ်မဲ့ ပြည်သူတွေကို အထက်အမိန့်ကြောင့် ပစ်ရတာပါဆိုတဲ့ ရဲတွေ လုံထိမ်းတွေ စစ်သားတွေလည်း အမိန့်ရှင်တွေနည်းတူ အပြစ်ရှိသလို မလွှဲမရှောင်သာလို့ စစ်အာဏာရှင်တွေအကြိုက် ဇာတ်လမ်းတွေ ရိုက်ကူးသရုပ်ဆောင်ခဲ့တာတွေအတွက်လည်း ခင်ဗျားတို့မှာ အပြစ်တွေ ရှိတယ်။ တိုင်းပြည်ကို ခင်ဗျားတို့ ရုပ်ရှင်အစည်းအရုံးက ဆပ်ရမဲ့အကြွေးတွေ များနေပီ။ တကယ်ဆို အာဏာရှင်တွေအကြိုက် ရိုက်ကူးသရုပ်ဆောင်ခဲ့တာတွေအတွက် ပြည်သူကို ၀န်ချတောင်းပန်မှု ခင်ဗျားတို့ လုပ်ရမှာ။ ခုထိ မရှိသေးဘူး ။
ရဲတွေ လုံထိမ်းတွေ စစ်သားတွေရဲ့ ကျည်တစ်တောင့်ဆီက ပြည်သူတယောက်ထက်ပ ပိုမသတ်နိုင်ဘူး။ ခင်ဗျားတို့ အနုပညာရှင်တွေက ပြည်သူကို အဆိပ်တွေ ကျွေးရင် တစ်တိုင်းပြည်လုံးကလူတွေ သေတာထက်ဆိုးတဲ့ ဘ၀တွေမှာ ရှိနေမယ်။ စစ်ဘိနပ်အောက်မှာ၊ စစ်ကျွန်ဘ၀မှာ နောင်နှစ်ပေါင်းများစွာ ဆက်ရှိနေဘို့ ပြည်သူ့အနာဂတ်တွေကို သတ်သလို ဖြစ်နေမှာပဲ။
ဘက် နှစ်ဘက်ပဲရှိတယ်။ ဖိနှိပ်သူဘက်နဲ့ ဖိနှိပ်ခံရသူဘက်။ ဘယ်လိုအရေတွေ ခြုံထားခြုံထား ကနေ့မှာ ခင်ဗျားတို့ဟာ ဖိနှိပ်သူတွေဘက်မှာပဲ ရပ်နေသူတွေ ဖြစ်တယ်။ ဖိနှိပ်ခံပြည်သူတွေကို ဆန့်ကျင်ပြီး ဖိနှိပ်သူတွေကို အားပေးနေတဲ့ ပြည်သူ့ရန်သူ ပြည်သူ့သစ္စာဖေါက် အချောင်သမားတွေ ဖြစ်တယ်။
အဲ့ဒီအတွက် ပြည်သူတွေက၊ သမိုင်းက ခင်ဗျားတို့ကို ဒါဏ်ခတ် အပြစ်ပေးလိမ့်မယ်။ ပြည်သူ့ကျိန်စာကို ခံယူနိုင်ဘို့ အသင့်သာ ပြင်ထားကြပေတော့။
အာဏာရူးစစ်တပ်ကို ထောက်ခံသူတိုင်း ကျဆုံးစေရမည်။
(သုံညသစ်၏ ဖော်ပြချက်အား ဆက်လက်မျှဝေပါသည်)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...